By The Kumudra Journal, Shweproperty.com
Updated at 6 December 2016
အိမ်ငှားပြီး နေထိုင်သူတချို့က ပွဲစားတွေကကြားထဲကနေ ဈေးနှုန်းပြောင်းလဲတာ၊ ဆောက်လက်စအိမ်တွေကို ငှားရမ်းဖို့ပြုလုပ်ပေးနေတာကြောင့် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့သိရပါတယ်။
"အစ်မတို့က အိမ်ငှားဖို့လိုက်ရှာနေတာ၊ အဲဒီမှာ သူတို့ပွဲစားအမျိုးတွေက အဲဒီနေရာက မြို့ထဲနဲ့လဲနီးတယ်ဆိုပြီး လိုက်ပြတာ၊ ဟိုရောက်တော့ အစ်မတို့ကိုပြ မယ့်အိမ်က ငှားပြီးသွားပြီလေ၊ အဲဒီတော့ပွဲစားက ပြမယ်ဆိုပြီးထပ်ခေါ် သွားတယ်၊ ဟိုရောက်တော့ အိမ်က ဆောက်လက်စကြီး၊ အစ်မတို့ကလဲ မသိတော့စရန်တွေချခဲ့တာ၊ နောက်မှ သိတာပေါ့၊ မငှားဘူး ဘာညာဆိုတော့ စရန်တွေဆုံးတာပေါ့" လို့ သာကေတမြို့နယ်က အိမ်ငှားရမ်းသူ မကေခိုင် ကပြောပါတယ်။
အိမ်ဆောက်လက်စတွေ၊ လူမဆင်းသေးဘဲ ကြိုငှားတာတွေက ကြားပွဲစားတွေက လုပ်နေတာလည်းဖြစ်ပါတယ်။ အိမ်စာချုပ်ပြည့်ပြီး နောက်ထပ်စာချုပ်ချုပ်မယ်ဆိုရင် လူမတင်တော့ဘူးပြောပြီး ဈေးပိုတောင်းတာတွေ၊ ပွဲစားခထပ်တောင်းတာတွေပြုလုပ် နေတာဖြစ်ပါတယ်။ အိမ်ရှင်တွေတောင်မသိဘဲ အိမ်ငှားခဈေးနှုန်းတွေပိုတက်သွားတာ တွေလည်းရှိတတ်ပါတယ်။
"အန်တီတို့က အိမ်ခန်းကိုပွဲစားလက်ထဲထည့်ထားတော့ သူကတော့သဘောအတိုင်း လုပ်နေတာ၊ အိမ်ငှားနဲ့ဆိုတာက သိပ်ပြီးမတွေ့ဖြစ် ဘူးလေ၊ အဲဒီတော့ဈေးပိုတောင်း တယ်၊ ပထမနေတဲ့သူတွေ မသွားသေးဘူး၊ နောက်လူ ထပ်တင်ချင်တယ်ဆိုပြီးစရန်ငွေတွေ ယူလာပေး တာတွေ၊ သူတို့ အဲဒီလိုလုပ်တယ်ဆိုတာက ပွဲစားခလိုချင်လို့လေ၊ နောက်လူ တင်ရင်သူတို့ပွဲခထပ်ရမယ်၊ အဲဒါကြောင့်" လို့ သင်္ဃန်းကျွန်းမြို့နယ်က အိမ်ပိုင်ရှင် ဒေါ်လှလှဝင်းက ပြောပါတယ်။
ပွဲစားတွေက အိမ်ပိုင်ရှင်တွေတောင်မသိလိုက်ဘဲ ဈေးနှုန်းတွေပိုပြီးတင်တာတွေ၊ နောက်လူထပ်တင်ပြီး ပွဲခတောင်းတာတွေ၊ ဆောက်လက်စ အိမ်တွေကို လက်ညှိုး ထိုးငှားပြီးစရန်ငွေတောင်းတာတွေကြောင့် အိမ်ငှားရမ်းသူတွေ က အခက်အခဲဖြစ်နေတာ ဖြစ်ပါတယ်။ ပြသနာတွေက သာကေတမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နဲ့ တာမွေမြို့နယ်တွေမှာ အများဆုံးဖြစ်နေတယ်လို့လည်းသိရပါတယ်။
Ref : The Kumudra Journal
Photo Credit : Uncube Magazine
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ