By Myamar Times, Shweproperty.com
Updated at 19 November 2015
မြို့တွင်းမြို့ပြင် မြို့နယ်များ လမ်းပန်းဆက်သွယ်မှုစနစ် တိုးတက် ကောင်းမွန်လာသည့်အပြင်၊ တယ်လီဖုန်းဆက်သွယ်ရေး စနစ်များပါ ကောင်းမွန်လာသည့်အတွက် အိမ်ငှားရမ်းခ ကွာဟချက်များ ကျဉ်းမြောင်းလာသည်ဟု အိမ်ခြံမြေ ကျွမ်းကျင်သူများက နိုဝင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ရုံးခန်း ဖွင့်လှစ်လိုသူများ၊ အမှန်တကယ် နေထိုင်လိုသူများက မြို့ပြင်သို့ ပြောင်းရွှေ့အခြေချမှု များပြားလာသည့်အတွက် မြို့တွင်းနှင့် မြို့ပြင် ငှားရမ်းခများမှာ သိပ်မကွာတော့ဟု ၎င်းတို့က ယူအမ်အက်ဖ်စီစီအိုင်၌ ကျင်းပသည့် အိမ်ခြံမြေဈေးကွက် အနာဂတ်လားရာ ဟောပြောပွဲ၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
"ဆင်းကတ်တစ်ကတ်ကို ကျပ် ၁,၅၀၀ နဲ့ ဝယ်လို့ရတယ့်အပြင် လမ်းပန်းဆက်သွယ်ရေးကလည်း အရင်ကထက် ပိုကောင်းလာတယ်၊ ဘယ်လောက်ဝေးတဲ့နေရာမှာပဲနေနေ ဆက်သွယ်လို့ ခက်တယ်ဆိုတဲ့ကိစ္စတွေကလည်း လမ်းကြောင်းက တဖြည်းဖြည်း ပြောင်းလာနေပြီ၊ လူတွေက မြို့ပြရဲ့ မွန်းကျပ်တဲ့ ဒဏ်တွေကို မခံချင်တော့တဲ့အတွက် မြို့ပြင်တွေက ကျယ်ဝန်းတဲ့နေရာတွေကို တဖြည်းဖြည်းနဲ့ ပြောင်းပြီး အခြေချ လာတဲ့အတွက် မြို့ပြင်မြေဈေးနဲ့ မြို့တွင်း မြေဈေးကလည်း အရင်လို သိပ်ပြီး မကွာတော့ဘဲ တဖြည်းဖြည်းနဲ့ ညီမျှလာပါပြီ "ဟု Royal Tun Thitsar ကုမ္ပဏီ ဥက္ကဋ္ဌ ဦးတင်မောင်က ပြောသည်။
ရန်ကုန်မြို့ရှိ ထင်ရှားသည့်လမ်းမကြီး တစ်ခုဖြစ်သည့် အနော်ရထာလမ်းမကြီးပေါ်၌ အကျယ် ပေ ၂၀၊ အရှည် ပေ ၅၀ ရှိသည့် မြေညီထပ် တိုက်ခန်းငှားရမ်းခမှာ ကျပ်သိန်း ၂၀ ဝန်းကျင်ရှိပြီး တောင်ဥက္ကာလာပမြို့နယ်ရှိ ပါရမီလမ်းမကြီးပေါ်၌ အနည်းဆုံး ကျပ် ၁၂ သိန်းရှိပါတယ်။
အိမ်ခြံမြေ ဈေးကွက်အတွင်း အရောင်းအဝယ်အေးနေသော်လည်း အငှားဈေးကွက်မှာ ရုံးခန်းဖွင့်လှစ်လိုသူများ၊ ဆိုင်းခန်းဖွင့်လှစ်လိုသူများနှင့် အမှန်တကယ် နေထိုင်လိုသူတို့ကြောင့် ပုံမှန်လည်ပတ်လျက်ရှိနေပြီး အိမ်ခြံမြေ၊ ကွန်ဒို၊ တိုက်ခန်း အငှားဈေးနှုန်းများကို လက်ရှိ ဈေးကွက် ပေါက်ဈေးထက် မတရား တိုးမြင့် ခေါ်ဆိုထားသည့် နေရာအချို့မှလွဲ၍ ငှားရမ်းခများ သိသိသာသာ ကျဆင်းသွားခြင်း မရှိကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။
"မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်းလို နေရာတွေမှာပါ အငှားဈေးတွေ တက်လာတယ်၊ မြို့တွင်း အငှားဈေးတွေ မကျတာ ဘာကြောင့်လဲဆိုတော့ မြို့တွင်းမြို့နယ်တွေ မြို့နယ်ကြီးတွေမှာ အငှားဈေးတွေက မနှစ်ကတည်းက ဈေးကို မတရားတက်တောင်း ထားပြီးနေပြီ၊ ဒီတော့
တော်ရုံတန်ရုံရမယ့် ဝင်ငွေတွေနဲ့ ငှားခတွေကို ပေးနိုင်ဖို့ခက်တာကြောင့် အများစုက မြို့ပြင်တွေ ဈေးသက်သာတဲ့နေရာတွေကို ရောက်သွားတယ်၊ မြို့ပြင်တွေမှာက သွားရေးလာရေး ဆက်သွယ်ရေးတွေ ကောင်းလာတဲ့အပြင် ဈေးကလည်း မြို့တွင်းထက်စာရင် သက်သာတော့ အငှားတွေက အဲဒီဘက်ကို ရောက်သွားတာ များလာတယ်၊ တချို့ ငှားရမ်းခတွေက မြို့တွင်းက ဈေးတွေ နီးနီးလောက်ထိ ဖြစ်လာတယ်"ဟု ၎င်းက ဆိုသည်။
နို င်ငံတကာ ကုမ္ပဏီများ အများအပြား ဝင်ရောက်လာပြီး ရုံးခန်းဖွင့်လှစ်ရန် နေရာများ ရန်ကုန်မြို့တွင် အကန့်အသတ်ဖြင့် ရှိခဲ့သည့် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်တွင် ပြည်တွင်းပြည်ပ ကုမ္ပဏီကြီးအများအပြား ရုံးခန်း ဖွင့်လှစ် လုပ်ကိုင်နေသည့် ဆာကူရာတာဝါ၏ တစ်ပေပတ်လည် ငှားရမ်းခ နှုန်းထားများမှာ ၁၂ ဒေါ်လာအထိ ငှားရမ်း ခနှုန်းထားများ မြင့်တက်ခဲ့သော်လည်း ရန်ကုန်မြို့အနှံ့ရှိ မြို့နယ်များတွင် ရုံးခန်း ဖွင့်လှစ်နိုင်သည့် အဆောက်အအုံများ တဖြည်းဖြည်း များပြားလာနေသည့်အတွက် ၂၀၁၅ ခုနှစ်တွင် ဆာကူရာတာဝါ၏ ရုံးခန်းငှားရမ်းခနှုန်းထားမှာ တစ်လလျှင် တစ်ပေပတ်လည် ငှားရမ်းခနှုန်းထား လေးဒေါ်လာအထိ ကျဆင်းလာကြောင်း အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးစိုင်းခွန်နောင်က ပြောသည်။
"မြို့ပြင်တွေမှာ ရုံးခန်းဖွင့်လှစ်လို့ရတဲ့ စင်တာတွေ၊ စက်မှုဇုန်လိုနေရာတွေ များများဖော်ပေးဖို့ လိုတယ်၊ အဲဒါဆိုရင် နဂိုကတည်းက ငှားခတွေ တိုးတောင်းထားတဲ့ အဆောက်အအုံတွေ ငှားခဈေး ကျလာနိုင်မယ်၊ အခုနောက်ပိုင်းလည်း မြို့တွင်း ခြောက်မြို့နယ်မဟုတ်တဲ့ နေရာတွေမှာပါ ရုံးခန်းဖွင့်လှစ်လို့ရတဲ့ တာဝါတွေ၊ စင်တာတွေ များလာတာကိုတွေ့ရတယ်"ဟု ၎င်းက ပြောသည်။
"မြို့ထဲမှာ ရုံးခန်းဖွင့်ဖို့က ကားပိတ်တာရယ်၊ ဟွန်းသံတွေအပြင် မြို့တွင်းမှာ ငှားလို့ရတဲ့ အခန်းတွေကလည်း မြို့ပြင်က အခန်းတွေလောက် မကျယ်ဘူး၊ ဒါကြောင့် မြို့ထဲမှာ ငှားမယ့်အစား လှည်းတန်းလို နေရာမှာပဲ ငှားပြီး ရုံးခန်းဖွင့်လှစ်ဖို့ ဆုံးဖြတ်လိုက်တယ်"ဟု ကမာရွတ်မြို့နယ် ဦးထွန်းလင်းခြံလမ်း၌ ရုံးခန်းဖွင့်ထားသည့် L&S Trading ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှူဒါရိုက်တာ ဦးမောင်မောင်စိန်က နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မြန်မာတိုင်း(မ်)သို့ ပြောသည်။
Ref : Myanmar Times
Photo Credit : Fast note
posted By : Wai Phyoe
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ