By Myanmar Times, Shweproperty.com
Updated at 15 December 2015
အိမ်ခြံမြေဈေးကွက်ဟာ လာမယ့် နှစ်အတွင်း အစိုးရသစ် တက်လာပြီးနောက်ပိုင်းမှာ ဘယ်လိုရှိနိုင်တယ်ဆိုတာ မှန်းဆရ ခက်ခဲ သေးပေမယ့် အငှားဈေးကွက်ကတော့ ကျဆင်းနိုင်ခြင်းမရှိကြောင်း အတွေ့အကြုံ ရှိတဲ့ အိမ်ခြံမြေအကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။
အငှားဈေးကွက် ကျဆင်းနိုင်ခြင်း မရှိ ဘူးလို့ ဆိုရာမှာ ဈေးကွက်တောင်းဆိုမှုရော၊ ဈေးနှုန်းအရပါ လက်ရှိနဲ့ များစွာကွာဟနိုင်ခြင်းမရှိကြောင်း မှန်းဆကြပါတယ်။
အိမ်ခြံမြေဈေးကွက်ဟာ လက်ရှိမှာ အရောင်းအဝယ်အနေနဲ့ မြို့တွင်းဧရိယာဟာ လည်ပတ်မှုနှေးကွေးဆဲ ဖြစ်ပေမယ့် အငှားဈေးကွက်မှာတော့ အဆောက်အအုံ နဲ့ နေရာအကွက်အကွင်း ကောင်းရင်ကောင်းသလို ခေါ်ဈေးတွေက မြင့်မားဆဲဖြစ်ကြောင်း ဈေးကွက်သတင်းတွေအရ သိရပါတယ်။ လတ်တလောမှာ မန္တလေးမြို့ အရှေ့ တောင်ဘက်က မြို့ကွက်သစ် ဧရိယာမှာ စည်ပင်သာယာက အကောင်အထည်ဖော်ပေးထားတဲ့ တန်ဖိုးနည်း အိမ်ရာတွေ ချထားပေးတာမျိုး၊ မြို့အနောက်ဘက်ခြမ်း မှာ အငှားအိမ်ရာတွေ ဖော်ထုတ်ပြီး ချထား ပေးမယ့် အစီအစဉ်မျိုးတွေ ရှိနေပါတယ်။
ဒါပေမဲ့ ဒါဟာ အခြေခံလူတန်းစားတွေအတွက် အဓိက ကိုက်ညီပြီး ပေးနိုင်တဲ့ အခန်း အရေအတွက်၊ အကျယ်အဝန်း စတဲ့ စဉ်းစားစရာအချက်တွေ ရှိနေတဲ့အပြင် စီးပွားရေး လုပ်လို့မရဘဲ နေထိုင်ဖို့ သက်သက်သာ စဉ်းစားနိုင်တဲ့အချက်တွေ ရှိနေ ပါတယ်။ ဒါတွေကြောင့် လုပ်ငန်းအတွက်စဉ်းစား ကြရမယ့် မြို့တွင်း အငှားဈေးကွက်ဟာ ဆက်ပြီး အားကောင်း ဦးမှာဖြစ်ပြီး အငှား အတွက် ဈေးကွက်တောင်းဆိုမှု ကောင်း ကောင်းရှိတာကြောင့် ခေါ်ဈေးတွေက လည်း ဆက်လက် ကောင်းနေဦးမယ်လို့ အကျိုးဆောင်အများစုက မှန်းဆကြပါတယ်။
အဆောက်အအုံ အသင့်အတင့်နဲ့ နေထိုင်ဖို့သက်သက်ဆိုရင် မြို့တွင်းထဲမှာ ပျမ်းမျှ ကျပ်ငါးသိန်းပတ်ချာလည် ဈေးလိုက် နိုင်ဖို့ လိုအပ်ပြီး ကုမ္ပဏီ၊ လုပ်ငန်းအတွက် ဆိုရင်တော့ အဆောက်အအုံနဲ့ မြေအကျယ် နဲ့ အကွက်အကွင်းကို လိုက်ပြီး တစ်လကို ပျမ်းမျှ ကျပ် ၁၅ သိန်းကနေ အထက်ကိုသာ ဈေးခေါ်ကြတာကို တွေ့ရပါတယ်။
အငှားဈေးနှုန်းတွေက တစ်နှစ်ထက် တစ်နှစ် မြင့်မားနေတာ၊ ရှာရတာ ခက်ခဲ အလုပ်ရှုပ် ရတာကြောင့် လုပ်ငန်းကြီးသမား တွေကတော့ ငှားရမ်းရမယ်ဆိုရင် နှစ်ရှည် သဘောတူပြီး နှစ်အလိုက် ရာခိုင်နှုန်း ဘယ်လောက် တိုးပေးသွားမယ်ဆိုတဲ့ သဘောတူချက်မျိုးနဲ့ ငှားရမ်း လာကြတာကိုလည်း တွေ့လာရကြောင်း အကျိုးဆောင် တချို့က ပြောပါတယ်။
အငှားဈေးကွက်ဟာ ဖွံ့ဖြိုးပြီးဖြစ်တဲ့ မြို့ သစ်ဧရိယာမှာပါ ဈေးကွက်ကောင်းလာပြီး အဓိက လမ်းမတန်းပေါ်တင်ရင် အောက်ထစ် ကျပ်ငါးသိန်းပတ်ချာလည်၊ နေထိုင်ဖို့ အတွက်ဆိုရင် အဆောက်အအုံကောင်း၊ ခြံကျယ်ရင် ကျပ်သိန်းဆယ်ချီပြီး ဈေးရနေ ကြောင်းနဲ့ လတ်တလော အနေအထားအရ ဆက်လက် အားကောင်းနေနိုင်ကြောင်း ဈေးကွက်သတင်းတွေအရ သိရပါတယ်။
Ref : Myanmar Times
Photo Credit : Tripadvisor
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ