By Messenger, Shweproperty.com
Updated at 30 November 2015
မန္တလေးမြို့နယ် သုံးမြို့နယ်တွင်းရှိ ဧရာဝတီ ကမ်းနားတစ်လျှောက်တွင် ယာယီတဲများဖြင့် နေထိုင် အလုပ်လုပ်ကိုင်နေ ကြသည့် မိသားစုများ ငှားရမ်းနေထိုင်နိုင်ရန် အငှားအိမ်ရာ လျှောက်လွာများအား ဒီဇင်ဘာလဆန်းပိုင်းတွင် စတင်ခေါ်ယူ သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူက ပြောသည်။ “တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြီးတာနဲ့ လျှောက်လွှာ စခေါ်ပါမယ်။ ဒီဇင်ဘာလဆန်းထဲ ဖြစ်ဖို့များမယ်။ အားလုံး အစီအစဉ်တွေ ကတော့ ဆွဲပြီးပါပြီ”ဟု စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူ ကပြောသည်။
အငှားအိမ်ရာအား စည်ပင်သာယာရေး ကော်မတီ ဘတ်ဂျက်နှင့် အောင်မြေသာစံမြို့နယ် ကမ်းနားလမ်း တစ်လျှောက်တွင် ဆောက်လုပ်ထားပြီး မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံ မြို့နယ်နှင့် မဟာအောင်မြေမြို့နယ် ကမ်းနားလမ်း တစ်လျှောက် မြစ်ကမ်းပါးတွင် ယာယီတဲများဖြင့် နေထိုင်ပြီး ကာယလုပ်အားဖြင့် အသက်မွေးဝမ်းကျောင်း ပြုသော မိသားစုများအား ငှားရမ်းပေး သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
အငှားအိမ်ရာ လျှောက်ထားမည့် သူများအနေဖြင့် သတ်မှတ်ထားသော အချက်များနှင့် ပြည့်စုံသည့် သူများသာ လျှောက်ထားခွင့် ရမည်ဖြစ်ပြီး ယင်းသတ်မှတ်ချက် များမှာ ကမ်းနားတစ်လျှောက် (ဆိပ်ကမ်းမြေ၊ အစိုးရမြေ၊ စည်ပင်မှ စီမံခန့်ခွဲခွင့်ရှိသော မြေများတွင်) ယာယီတဲများဖြင့် နေထိုင်ပြီး ကာယလုပ်အားဖြင့် အသက်မွေးမှုပြုသော မိသားစုများ ဖြစ်ရမည်။ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး များတွင် ဧည့်စာရင်း တိုင်ကြားပြီး နေထိုင်သူ မိသားစုများ ဖြစ်ရမည်။ မှတ်ပုံတင်မူရင်း သို့ မိတ္တူနှင့် အိမ်ထောင်စုဇယား တင်ပြနိုင်သူများ ဖြစ်ရမည်။
ရာဇဝတ်မှု၊ မူခင်း၊ ပြစ်မှုမှတ်တမ်း ကင်းရှင်းသူဖြစ်ရမည်။ တည်ဆဲဥပဒေ တစ်ရပ်ရပ်ဖြင့် အရေးယူရန် အမှုအခင်း ရင်ဆိုင်နေရသူ မဖြစ်စေရ။ ဆိပ်ကမ်းနယ်မြေတွင် အမြဲနေထိုင် လုပ်ကိုင်စားသောက်နေသူ ဖြစ်ကြောင်း သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရမည်။ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနယ်နိမိတ် အတွင်း ကိုယ်ပိုင်မြေ၊ အိမ်၊ အဆောက်အအုံ တိုက်ခန်းပိုင်ဆိုင်သူ မဖြစ်ရ။
အငှားအိမ်ရာတွင် နေထိုင်ခွင့်ရပါက အငှားအိမ်ရာ ငှားရမ်းခြင်း စာချုပ်ပါ ငှားရမ်းနေထိုင်သူများ လိုက်နာရမည့် စည်းကမ်းချက်များကို တိကျစွာ လိုက်နာရမည့် အပြင် ကော်မတီ၏ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက် များအား လိုက်နာပါမည်ဟု ဝန်ခံကတိပြုနိုင် ရမည်။ မိသားစု တစ်စုလျှင် အိမ်ထောင်ဦးစီး ဖြစ်သူမှ မိသားစုအတွက် တိုက်ခန်း(၁)ခန်းသာ လျှောက်ထားခွင့် ပြုမည်ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။
တည်ဆောက်ပြီးသော အငှားအိမ်ရာတွင် အခန်းပေါင်း (၁၈၀၀) ကျော်ပါရှိပြီး အငှားအိမ်ရာတွင် ငှားရမ်းနေထိုင်ခွင့် ရပါက သတ်မှတ် ထားသော အာမခံစပေါ် ငွေပေးသွင်းပြီး ၊ အိမ်ငှားရမ်းခ တစ်လလျှင် မြေညီထပ် ကျပ်သုံးသောင်းခွဲ၊ ပထမထပ်၊ ဒုတိယထပ် ကျပ်သုံးသောင်း၊ တတိယထပ်၊ စတုတ္ထထပ် ကျပ်နှစ်သောင်းခွဲ၊ ပဉ္စမထပ် (အပေါ်ဆုံးထပ်) ကျပ်တစ်သောင်းခွဲဖြင့် ငှားရမ်းပေး သွားမည်ဖြစ်သည်။
Ref : Messenger
Photo Credit : social
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ