By The Voice, Shweproperty.com
Updated at 6 November 2015
ဝါလကင်းလွတ် သီတင်းကျွတ်ကာလတွင် တစ်နှစ်ကျော်ကြာ ငြိမ်သက်ရပ်တန့်နေသော အိမ်၊ ခြံ၊ မြေ ဈေးကွက် အနည်းငယ် ပြန်လည်လှုပ်ခတ်လာပြီ ဖြစ်သည်။
မြန်မာ့ အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ အစိုးရသစ် တက်လာပြီးနောက်ပိုင်း ၂၀၁၁ ခုနှစ်မှ စတင်၍ အတက်ဘက်သို့ ဦးတည်ခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ဈေးနှုန်းတစ်ရှိန်တိုး ထိုးတက်မှုကြောင့် ဈေးနှုန်း အမြင့်ဆုံး အိမ်၊ ခြံ၊ မြေ ဈေးကွက်များတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။
မြို့ပြသို့ ပြောင်းရွှေ့နေထိုင်လာသော လူဦးရေများပြားမှုကြောင့် လူနေတိုက်ခန်း၊ အိမ်ရာ၊ ရုံးခန်း စသည့် အခြေခံအဆောက်အအုံများ မလုံလောက်တော့သဖြင့် အိမ်၊ ခြံ၊ မြေ ပူဖောင်း ကြီးသထက် ကြီးလာခဲ့သည်။
ထိုသို့ သုံး၊ လေးနှစ်ဆက်တိုက် မြန်မာ့ အိမ်၊ ခြံ၊ မြေဈေးကွက် အတက်ဘက်ရှိရာမှ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် အိမ်၊ ခြံ၊ မြေ ဈေးကွက် စတင်ရပ်တန့်သွားသည်။ ကြည့်မြင်တိုင် တစ်ဖက်ကမ်း မြို့သစ်စီမံကိန်း ခေတ္တဆိုင်းငံ့မှုနှင့် ရှိသင့်သည့်ဈေးထက် အဆမတန် များပြားနေသော အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများကြောင့် ယင်းသို့ ဈေးကွက်ရပ်တန့်သွားပြီး အကျဘက်သို့ ဦးတည်လာခြင်း ဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု လုပ်ငန်းရှင်များက ဆိုကြသည်။
“အခုကတော့ ဈေးကွက်က အေးစက်နေတယ်၊ အငှားကတော့ ဒီအချိန်မှာ ပုံမှန်အတိုင်း ရှိတယ်။ ဒီတစ်နှစ်အတွင်းမှာ အိမ်၊ ခြံ၊ မြေ ဈေးက ၂၀ ရာခိုင်နှုန်းလောက် ပြုတ်ကျသွားတယ်၊ ဒီနှစ်ကုန် အထိကတော့ ဒီလိုပဲ သွားမယ်ထင်တယ်” ဟု ပြည်ကြီးတံခွန် အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူ ဦးနေဇော်အောင်က ဆိုသည်။
လက်ရှိ အိမ်၊ ခြံ၊ မြေအရောင်းအဝယ် ဈေးကွက်မှာ ရွေးကောက်ပွဲကိုစောင့်ကြည့်နေကြပြီးမဖြစ်မနေ ရောင်းရန်ရှိသူနှင့် ငွေဖော်လိုသူ အချို့သာ ကျဈေးဖြင့် ရောင်းချမှုများရှိကြောင်း ၎င်းက ဆိုသည်။
ဝယ်လိုသူထက် ရောင်းလိုသူ များနေသော လက်ရှိ အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် အရောင်းအဝယ် နည်းပါးနေသော်လည်း ပွင့်လင်းရာသီအစ အိမ်ပြောင်းရွှေ့မှုကြောင့် နေအိမ်၊ တိုက်ခန်း ငှားရမ်းမှုမှာ ပုံမှန် ပြန်လည်လည်ပတ်လာပြီ ဖြစ်သည်။
အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ဈေးကွက်မှာမူ ကွန်ဒိုတိုက်ခန်း ရောင်းဝယ်မှုအချို့ ရှိသော်လည်း ယခုနှစ်အတွင်း အရောင်းအဝယ် အနည်းငယ်သာ ရှိကြောင်း ပြည်တွင်း အိမ်၊ ခြံ၊ မြေ စီမံခန့်ခွဲမှုနှင့် အကြံပေးလုပ်ငန်း Property Solutions မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမော်ဦးက ဆိုသည်။
“အရောင်းအဝယ် ဈေးကွက်ကတော့ တော်တော်နည်းတယ်။ နိုင်ငံခြားသား ငှားရမ်းနေထိုင်မှု ဆိုရင် အရင်က ကွန်ဒိုတွေမှာ ငှားရာကနေ အခုဆို စမ်းချောင်း မြေနီကုန်း တစ်ဝိုက်မှာ ငှားရမ်းနေထိုင်မှုတွေ ရှိလာတယ်” ဟု ၎င်းက လက်ရှိ ရန်ကုန် အိမ်၊ ခြံ၊ မြေ ဈေးကွက် အနေအထားကို ရှင်းပြသည်။ အငှားဈေးကွက်တွင်မူ မြန်မာ့ဓလေ့အရ ဝါလကင်းလွတ် သီတင်းကျွတ်ကာလ ရောက်ပြီဖြစ်၍ အိမ်ထောင်စုများ အပြောင်းအရွှေ့ စတင်လာပြီ ဖြစ်သည်။
နေအိမ်၊ တိုက်ခန်း ငှားရမ်းမှုတွင် တစ်လလျှင် ပျမ်းမျှ ကျပ် ၁ သိန်းခွဲမှ ၂ သိန်းဝန်းကျင်အတွင်း ငှားရမ်းမှု များပြားနေပြီး ကွန်ဒိုတိုက်ခန်း ငှားရမ်းမှုမှာ ကျပ် ၁၀ သိန်းမှ သိန်း ၂၀ အတွင်း အလုပ်ဖြစ်နေကြောင်း အိမ်၊ ခြံ၊ မြေ လုပ်ငန်းရှင်များထံ စုံစမ်းသိရှိရသည်။
မြို့တွင်းနှင့်နီးသော မြို့နယ်များရှိ အထပ်မြင့် တိုက်တစ်တိုက်၏ ၅ လွှာနှင့်အထက် တိုက်ခန်းတစ်ခန်း ငှားရမ်းမှုမှာ ပျမ်းမျှ ကျပ် ၁ သိန်းခွဲ ဝန်းကျင်ရှိနေပြီး အခြေခံနှင့် သာမန်လူတန်းစားများ အတွက် တစ်လဝင်ငွေ၏ ထက်ဝက်ကျော်ကို နေအိမ်ငှားရမ်းခ အတွက် အသုံးပြုနေကြရသည်။
“တစ်လကို ဝင်ငွေ ၃ သိန်းလောက်ရှိတယ် ဆိုပေမယ့် အိမ်ငှားခက ၁ သိန်းခွဲရှိတယ်။ ရေဖိုးမီးဖိုးနဲ့ တခြားဗာဟီရကိစ္စအတွက် ကုန်တာလည်း ရှိသေးတယ်၊ ဒီတစ်ခေါက် စာချုပ်ပြည့်ရင်တော့ ဒီထက် နည်းနည်းသက်သာမယ့် နေရာကို ရှာကြည့်ရမှာပဲ” ဟု စမ်းချောင်းမြို့နယ်တွင် အိမ်ငှားနေသူ ကုမ္ပဏီဝန်ထမ်း ကိုကောင်းမြတ်က ဆိုသည်။
ကျောတစ်ခင်းစာ နေစရိတ်နှင့် ဝမ်းတစ်ထွာ စားစရိတ်အတွက် ရန်ကုန်မြို့နေ အခြေခံလူထု သုံးစွဲနေရသည့် ပမာဏမှာ ဝင်ငွေ၏ ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ ရှိနေသည်။
အိမ်ငှားရမ်းမှုတွင် အဓိက ထည့်သွင်းစဉ်းစားကြသည့် အချက်မှာ ရုံး၊ အလုပ်၊ ကျောင်းတို့နှင့် နီးသောနေရာဖြစ်ပြီး ကားလမ်းပိတ်မှုကြောင့် အလဟဿ အချိန်ကုန်မှု မရှိစေရန် ဖြစ်ကြောင်း ကိုကောင်းမြတ်က ဆိုသည်။
“အလုပ်နဲ့နီးတဲ့ နေရာဖြစ်ဖို့ ဦးစားပေး စဉ်းစားရတယ်။ နောက်တစ်ချက်က ငှားခ သက်သာဖို့ပေါ့။ ကျန်တာကတော့ သိပ်မစဉ်းစားပါဘူး” ဟု ၎င်းက ဆိုသည်။
ဝင်ငွေအလယ်အလတ် အဆင့်ရှိ သူတို့အတွက် အိမ်ခန်းငှားရမ်းခ တစ်လ ၁ သိန်းခွဲ၊ ၂ သိန်းဝန်းကျင်ကို ပေးချေနိုင်သော်လည်း ဝင်ငွေနည်းပါးသော အိမ်ထောင်စုအတွက် အိမ်ခန်းငှားရမ်းရန် ခက်ခဲလာနေသည်။ အိမ်ခန်းတစ်ခန်းကို အိမ်ထောင် မိသားစုနှစ်စု၊ သုံးစု စုပေါင်း၍ ငှားရမ်းမှုများ ယခင်ထက် ပိုများလာသလို နေအိမ်၊ တိုက်ခန်းကို အခန်းများဖွဲ့၍ မိသားစု သုံး၊ လေးခုကို ငှားရမ်းမှုများ မြင့်တက်လာသည်။
“အောက်ထပ်မှာက အိမ်ရှင်မိသားစု နေတယ်။ အပေါ်ထပ် ဘယ်ဘက်အခန်းမှာ ကျွန်တော်တို့ လင်မယားနေတယ်။ ညာဘက်အခန်းမှာ တခြားမိသားစု ရှိတယ်။ ကိုယ့်ဝင်ငွေနဲ့ အဆင်ပြေမယ့် နေရာကို ငှားနေရတာပေါ့” ဟု ကြည့်မြင်တိုင်မြို့နယ် ဗားကရာမီးပွိုင့် အနီးရှိ သစ်သားပျဉ်ထောင်အိမ်တွင် နေထိုင်သူ ကိုသက်ဇော်ဦးက ပြောသည်။ အဆိုပါ မိသားစုသုံးခု စုပေါင်း နေထိုင်သော နေအိမ်တွင် အခန်းတစ်ခန်းလျှင် ၁၂ ပေ x ပေ ၃၀ ကျယ်ပြီး တစ်လ ၁ သိန်း ၂ သောင်းကျပ်ဖြင့် ငှားရမ်းနေထိုင်နေခြင်း ဖြစ်သည်။
မိသားစုများ စုပေါင်းနေထိုင်သည့် နေအိမ်အများစုတွင် ကြုံတွေ့ရသည့် ပြသနာမှာ ရေနှင့် မီးကိစ္စ ဖြစ်ပြီး တစ်အိမ်တည်းတွင် အခန်းဖွဲ့ နေထိုင်ကြ၍ မီတာတစ်လုံး၊ ရေမော်တာ တစ်လုံးကို မိသားစုအားလုံး စုပြုံအသုံးပြုရခြင်း ဖြစ်သည်။
“မီတာကတော့ တစ်လုံးစီ တပ်ပေးထားလို့ အဆင်ပြေပေမယ့် ရေကျတော့ သူတို့ရေတင်တဲ့ အချိန်မှ ကိုယ်က ရေဖြည့်ရတာ။ လင်မယားနှစ်ယောက်လုံး အိမ်ပြန်မရောက်သေးချိန်ဆို ဒုက္ခရောက်တယ်” ဟု ကိုသက်ဇော်ဦးက ဆိုသည်။
မိသားစုများ စုပေါင်းနေထိုင်သည့် အိမ်ခန်းတွင်ပင် မနေနိုင်သော အိမ်ထောင်သည် အချို့ မှာ ၁၀ ပေ ပတ်လည်ပင် မရှိသော အိမ်ထောင်သည် အဆောင်များတွင် နေထိုင်ကြသည်များလည်း ရှိသည်။
အဆိုပါ အိမ်ထောင်သည် အဆောင်များကို မြို့တွင်းမြို့နယ်များတွင် ဖွင့်လှစ်ထားပြီး လင်မယားနှစ်ယောက် နေသာရုံ ၈ ပေ x ၅ ပေ အကျယ်အဝန်းခန့်သာ ရှိသော အခန်းလေးတစ်ခန်း အတွက် တစ်လကုန်ကျစရိတ်မှာ ၅ သောင်း၊ ၆ သောင်းအထိ ရှိသည်။
“ပြီးခဲ့တဲ့နှစ်က အိမ်ထောင်သည် အဆောင်မှာနေဖို့ လုပ်ဖူးတယ်၊ အခန်းသွားကြည့်တော့ အဲဒီတိုက်ခန်းမှာ အခန်းဖွဲ့ထားတဲ့ အခန်းကျဉ်းလေးတွေ ၆ ခန်း၊ ၇ ခန်းလောက် ရှိတယ် လူနှစ်ယောက်နေရုံပဲ။ ဘာပစ္စည်းမှတောင် ထားဖို့နေရာ မရှိဘူး။ အခန်းတွေကလည်း သုံးထပ်သားလေးတွေနဲ့ ကာထားတာ။ ဘယ်လိုမှနေလို့ အဆင်မပြေနိုင်တာကြောင့် မနေဖြစ်ခဲ့ဘူး” ဟု ကိုမောင်မောင် (အမည်လွှဲ) က ပြောပြသည်။
အခြေခံလူတန်းစားတို့ အတွက် သင့်တင့်သော နှုန်းထားဖြင့် အိမ်ခန်းငှားရမ်းနိုင်ရန် ရုန်းကန်နေရဆဲဖြစ်ပြီး အစိုးရက ဖော်ဆောင်နေသော အငှားအိမ်ရာ စီမံကိန်းမှာလည်း အကောင်အထည် ပေါ်မလာသေးပေ။
မြို့ပြတွင် နေထိုင်အလုပ်လုပ်ရင်း ဘဝရပ်တည်နေသူများ အတွက် နေစရာ နေအိမ်၊ တိုက်ခန်းကို ဝင်ကစွပ်များသဖွယ် ဟိုပြောင်း၊ သည်ရွှေ့လုပ်ရင်း ဝင်ငွေ၏ ထက်ဝက်ကျော်ကို ကျောတစ်ခင်းစာ နေစရာအတွက် ကုန်ကျသုံးစွဲနေကြရသည်။
“လွတ်လပ်မှု ရှိတယ်လို့ မခံစားရဘူး၊ စာချုပ်ပြည့်ရင်တော့ တခြားနေရာ ထပ်ပြောင်းရဦးမှာပေါ့။ အဓိကကတော့ ကိုယ်တတ်နိုင်လောက်တဲ့ငွေနဲ့ ရနိုင်မယ့်နေရာကို ရှာကြည့်ရမှာပေါ့။ ကျွန်တော်တို့မှာ ရွေးချယ်စရာမှ သိပ်မရှိပဲ” ဟု စုပေါင်း ငှားရမ်းနေထိုင်သူများ အနက်မှ ကိုသက်ဇော်ဦးက သက်ပြင်းရှည်ချရင်း ပြောဆိုလိုက်သည်။
Ref : The Voice
Photo Credit : Travel Myanmar
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ