By Eleven Media Group, Shweproperty.com
Updated at 30 October 2015
စာရေးသူသည် စင်ကာပူနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင် ရပ်တည်နေသောကြောင့် စင်ကာပူ၏ လမ်းပန်းဆက်သွယ်ရေးနှင့် လက်ရှိ ရန်ကုန်၏ လမ်းပန်းဆက်သွယ်ရေးကို နှိုင်းယှဉ်ပြလိုသည်။ အထူးသဖြင့် ရန်ကုန်၏ လက်ရှိ အခြေအနေကို စီစဉ် ကြီးကြပ်နေသော အစိုးရမင်းများကိုလည်း သိစေလိုသောကြောင့် ဖြစ်သည်။ ရန်ကုန်အား စင်ကာပူကဲ့သို့ဖြစ်အောင် လုပ်မည်ဟု ကြုံးဝါးထားသူတို့ သိသင့် သိထိုက်သော စင်ကာပူ၏ လမ်းပန်း ဆက်သွယ်ရေး အကြောင်း ဖြစ်သည်။
စင်ကာပူတွင် လမ်းအမျိုးအစား ငါးမျိုး ခွဲခြားထားသည်။
Cat 1 - အမြန်လမ်း (မြို့နယ် တစ်ခုနှင့် တစ်ခုကို ဆက်သွယ်ပေးသည်) Cat 2 - လမ်းမကြီး (မြို့နယ်တွင်းလမ်း) Cat 3 - လမ်းမငယ် (ရပ်ကွက်အတွင်းပိုင်း လမ်းမ) Cat 4 - ရပ်ကွက် အတွင်းလမ်း Cat 5 - ရပ်ကွက်အတွင်း လမ်းသွယ် ဟူ၍ ဖြစ်သည်။
Cat 1 နှင့် Cat 2 လမ်းမကြီးများတွင် မီးပွိုင့်မထား၊ လမ်းဆုံမထား၊ ခြံတံခါးဖောက်ခွင့် မပြု။ လမ်းခွဲများဖြင့်သာ ခွဲထွက်သွားသည်။ ပုံတွင်ကြည့်ပါ။ ထို့ကြောင့် ကားအရှိန် လျှော့စရာ မလို။ မိမိသွားလိုသည့် နေရာကို ခဏအတွင်း ရောက်သွားနိုင်သည်။
Cat 3, Cat 4 နှင့် Cat 5 လမ်းများတွင်သာ ကားမှတ်တိုင်၊ မီးပွိုင့်၊ လမ်းဆုံ ရှိသည်။ ခြံတံခါးဖောက်ခွင့် ရှိသည်။
Cat 1 ဖြစ်သော အမြန်လမ်းမကြီးတွေ စင်ကာပူတွင် ၁၁ လမ်း ရှိသည်။ ပထမဆုံး ဖြစ်သော PIE ခေါ် ကျွန်းဖြတ်လမ်း (အရှေ့ထိပ်မှ အနောက်ထိပ်သို့ ဖောက်ထားသောလမ်း) ကို ၁၉၆၆ ခုနှစ်တွင် စတင်ဖောက်လုပ်သည်။ စင်ကာပူ၏ အရှေ့နှင့် အနောက်၊ တောင်နှင့်မြောက်၊ အရှေ့တောင်နှင့် အနောက်မြောက်၊ အရှေ့မြောက်နှင့် အနောက်တောင်၊ မြို့တွင်းနှင့် မြို့ပြင် စသည်ဖြင့် အမြန်လမ်းများ ဖောက်လုပ်ထားသည်။ မြေပြင်ပေါ်တွင် ဖောက်သည်။ မြေပြင်အထက်တွင် တံတားဖြင့် ဖောက်သည်။ မြေအောက်တွင် ဖောက်သည်။ ပင်လယ်ကွေ့အောက်တွင် ဖောက်သည်။ အမြန်လမ်း တစ်ခုနှင့် တစ်ခုကိုလည်း ချိတ်ဆက်ထားသည်။ တစ်မြို့နယ်မှ တစ်မြို့နယ် သွားလိုလျှင် နီးစပ်ရာ အမြန်လမ်းပေါ် တက်လိုက်ပြီး ဆက်သွားရုံသာ။ စင်ကာပူ တစ်မြို့လုံးကို မည်သည့်နေရာမှမဆို ထိုအမြန်လမ်းများမှ တစ်ဆင့် ၄၅ မိနစ်အတွင်း ရောက်အောင် သွားနိုင်သည်။ စင်ကာပူ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ထိုအမြန်လမ်းများကြောင့်ဟု မြင်မိသည်။ အမြန်လမ်းများတွင် မီးပွိုင့် မရှိ၊ လမ်းဆုံ မရှိ၊ ကားမှတ်တိုင် မရှိ၊ အမြန်လမ်းပေါ်တွင် အကြောင်းမဲ့ ကားမရပ်ရ။ အမြန်လမ်း တစ်ခုနှင့် တစ်ခု ချိတ်ဆက်ရာတွင်လည်း ကားအရှိန် လျှော့စရာ မလိုဘဲ လမ်းခွဲများမှ သွားလိုက်ရုံသာ။ ဥပမာ ရန်ကုန်တွင်သာ တောင်ဒဂုံနှင့် လှိုင်သာယာကို ဆက်သွယ်ထားသော အမြန်လမ်းမကြီး ရှိပါက နာရီဝက်နှင့် အရောက်သွားနိုင်မည်။ လုပ်သားများ နံနက် ငါးနာရီထပြီး ထမင်းထုပ်စရာ မလို။ တောင်မြောက် လမ်းဆုံ၊ စံပြဈေး လမ်းဆုံ၊ ဘေလီ၊ ချော်တွင်းကုန်း၊ ရှစ်မိုင်၊ သမိုင်း၊ ဘုရင့်နောင် စသော မီးပွိုင့်တွေကို စောင့်စရာ မလို။ အမြန်လမ်းမှာ ကားမှတ်တိုင် မရှိတော့ လိုင်းကားတွေကြောင့် ကားလမ်းပိတ်တာ မရှိ။
ယခု ရန်ကုန်မှာ လိုအပ်နေတာက အမြန်လမ်း။ လက်ရှိ အစိုးရ လုပ်နေတာက ခုံးကျော်တံတားများ။ လှည်းတန်းမှာ ကားကျပ်တော့ လှည်းတန်း ခုံးကျော်တံတားဆောက်။ မြေနီကုန်းမှာ ကားကျပ်တော့ မြေနီကုန်း ခုံးကျော်တံတားဆောက်။ ရှစ်မိုင်မှာ ကားကျပ်တော့ ရှစ်မိုင်ခုံးကျော်တံတားဆောက်။ ရွှေဂုံတိုင်မှာ ကားကျပ်တော့ ရွှေဂုံတိုင် ခုံးကျော်တံတားဆောက်။ ယခု အစိုးရ လုပ်နေပုံမှာ ငါးပွက်ရာ ငါးစာချ ဆိုသလို ဖြစ်နေသည်။ ကားကျပ်ရာ ခုံးတံတားဆောက်။ လက်ရှိ ခုံးတံတားများ အားလုံး ပြီးသွားပါက မျက်စိထဲမှာ မှန်းပြီး မြင်ကြည့်ပါ ရန်ကုန်မြို့မှာ ပို၍ ရုပ်ဆိုး အကျည်းတန်လာမည်ဟု ခန့်မှန်းရသည်။ လမ်းတွေက ခုံးတံတားများကြောင့် ကျဉ်းလိုက် ကျယ်လိုက်၊ ဖုလိုက် ဖောင်းလိုက်၊ ချိုင့်လိုက်၊ မှောင်လိုက်လင်းလိုက်။ ကားများ ကျပ်မြဲ ကျပ်မည်သာ။ ခုံးတံတား ဆောက်လိုက်တော့ လမ်းက ပိုကျဉ်းသွားသည်။ ခုံးတံတားများမှာ မှောင်ရိပ် ပိုမိုများပြားပြီး မတရာမှုများ ပိုမို ဖြစ်ပွားလွယ်သည်။ ပန်းဆိုးတန်း ခုံးတံတားအောက်မှ လူသတ်ပြီး အလောင်းပစ်ထားမှုကို အားလုံး ကြားဖူးကြမည် ထင်သည်။ ထို ခုံးတံတားများအောက်တွင် ညပိုင်း၌ လုံလောက်သော မီးအလင်းရောင် ရှိရမည်။ သို့မှသာ အညစ်အကြေးစွန့်မှု အခြား မတရားမှု စသည်တို့ကို မပြုလုပ်နိုင်တော့ပေ။ ဥပမာ ၁၀ မိုင်ကုန်းမှ စ၍ မြို့တွင်းအထိ ပြည်လမ်းကို နှစ်ထပ်လမ်းမကြီးအဖြစ် ဖောက်လိုက်မည် ဆိုပါက မြို့တွင်းနှင့် မြို့ပြင်ကို မိနစ်၂၀ ခန့်ဖြင့် အရောက်သွားနိုင်မည်။ ဆူးလေမှ လေဆိပ်ကို ဆက်သွယ်ရ ပို၍ လွယ်ကူမည်။ အချိန်ကုန် သက်သာမည်။
ယခု စာရေးသူသည် သောကြာနေ့ဆိုလျှင် စင်ကာပူမှ ရုံးဆင်းချိန် ၆ နာရီတွင် ဆင်းပြီး စင်ကာပူ ချန်ဂီလေဆိပ်ကို ည ၇ နာရီ မထိုးမီရောက် ညစာစားပြီး ည ၈ နာရီ လေယာဉ်ဖြင့် ရန်ကုန်ပြန်လာလို့ ရသည်။ ည ၉ နာရီခွဲ ၁၀ နာရီတွင် ရန်ကုန်လေဆိပ်ရောက်ပြီး ည ၁၁ နာရီခန့်တွင် ရန်ကုန်အိမ်ကို ရောက်ပြီ။ စင်ကာပူ ဘက်မှာက လေဆိပ်ရောက်ဖို့ ၄၅ မိနစ် အချိန်ပေးထားလျှင် အားလုံး အဆင်ပြေသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပဲခူးကို ပို့ပစ်မည်ဆိုတော့ ပြဿနာက စပြီ။ စင်ကာပူတွင် ၄၅ မိနစ်ဖြင့် မြို့ထဲမှ လေဆိပ်ကို အရောက်သွားနိုင်ပြီး မြန်မာနိုင်ငံဘက် ရောက်မှ ထိုလေဆိပ် အသစ်မှ ရန်ကုန်ရောက်ဖို့ နေ့တစ်ဝက် ကုန်ဦးမည်။ အချိန်သည် ငွေဖြစ်သော စီးပွားရေး လုပ်ငန်းရှင်တို့အတွက် မည်သို့မျှ အဆင်မပြေပါ။ ပြည်ပမှ ပြန်လာသော သာမန် ခရီးသည်တို့အဖို့ ရန်ကုန်လာဖို့ ကားတစ်ဆင့် ငှားရပေဦးမည်။ နယ်ကိုသွားမည့် သူများက ရန်ကုန်ကိုလာ၊ ပြီးတော့ ရန်ကုန်ကနေ နယ်ကားပြန်စီး။ ရှုပ်ကုန်ပြီ။ ရန်ကုန်မြို့တွင်းမှ ထိုလေဆိပ် အသစ်ကြီးသို့ လက်ရှိသုံးနေသော ပြည်လမ်း၊ အမှတ်(၃)လမ်း စသည်တို့မှ သွားလျှင် လိုင်းကားများကို ရှောင်တာနှင့် နေ့တစ်ဝက်ကုန်ပြီ။ လေဆိပ်ကို ပဲခူးကို ပို့မည်ဆိုလည်း ရန်ကုန်မြို့နှင့် မည်သို့ ဆက်သွယ်မည်လဲဆိုတာ ကြိုတင် စဉ်းစားထားရမည်။ ရန်ကုန်နှင့် လေဆိပ်ကို အမြန်လမ်းဖြင့် ဆက်သွယ်မည်လား၊ မြေအောက်ရထားလမ်းဖြင့် ဆက်သွယ်မည်လား။ အမြန်လမ်းအသစ် ဖောက်လုပ်သင့်သည်ဟု ထင်မြင်မိသည်။ အမြန်လမ်းတွင် လမ်းဆုံမထား၊ မီးပွိုင့်မထား၊ ထို့ကြောင့် အမြန်လမ်းပေါ်သို့ ကြားမှ ဖြတ်ဝင်လို့ မရ။ အမြန်လမ်းဘေးတွင် အိမ်ဆောက်ခွင့် မပြု၊ ခြံတံခါးထားခွင့် မပြု။ ထို့ကြောင့် အိမ်ခြံမြေဈေး ပြောင်းလဲမှု မရှိ။
ထို့နောက် ပြည်လမ်း၊ အင်းစိန်လမ်းတို့ကို နှစ်ထပ်လမ်းမကြီးအဖြစ် တည်ဆောက်မည်။ အပေါ်ထပ် အမြန်လမ်းတွင် ကိုယ်ပိုင်ကားများနှင့် အဝေးပြေးကားများ သွားမည်။ အောက်ထပ်တွင် လိုင်းကားများနှင့် ခရီးတိုကားများ သွားမည်။ ဘယ်လောက် အဆင်ပြေလိုက်သနည်း။ နှစ်ထပ်လမ်းဆိုတော့ ထောက်တိုင်တစ်ခုသာ ရှိပြီး ခုံးတံတားများလို မရှုပ်တော့ပါ။ ခုံးတံတားလို နေရာလည်း သိပ်မယူ။
ထို့နောက် တောင်ဒဂုံမှ မြောက်ဒဂုံ အမြန်လမ်း၊ မြောက်ဒဂုံမှ မြောက်ဥက္ကလာ အမြန်လမ်း၊ မြောက်ဥက္ကလာမှ လှိုင်သာယာ အမြန်လမ်း၊ လှိုင်သာယာမှ ဒလ အမြန်လမ်း၊ ဒလမှ တောင်ဒဂုံသို့ အမြန်လမ်း စသည်တို့ ဖောက်လုပ်လိုက်လျှင်ပင် တော်တော် အဆင်ပြေနေပြီ။ ထိုမြို့နယ်ချင်းဆက် အမြန်လမ်းများတွင် လမ်းဆုံမထား၊ မီးပွိုင့်မထား၊ ခြံတံခါးဖောက်ခွင့် မပြု။ လက်ရှိ ရှိနေပြီးသား လမ်းများကို အပေါ်မှနေ၍ ခုံးတံတားများဖြင့် ကျော်သွားမည်။ လိုအပ်သောနေရာတွင် လမ်းခွဲများ ဖောက်လုပ်ထားမည်။
ဒါတွေ လုပ်ဖို့ အသိဉာဏ်ရှိသော အမြော်အမြင်ရှိသော အစိုးရနှင့် မြို့တော်ဝန် လိုအပ်သည်။ ကမ္ဘာပေါ်မှ လမ်းပန်းဆက်သွယ်ရေးကို ကျွမ်းကျင်သော အတိုင်ပင်ခံ ပညာရှိများ လိုအပ်သည်။
ရန်ကုန်မြို့ကြီးကို သာယာစေချင်သည်။ ပြည်သူလူထု နေ့စဉ် သွားလာမှု အဆင်ပြေစေချင်သည်။ ပညာရှိသော အမြော်အမြင်ရှိသော ပြည်သူ့အပေါ် စေတနာရှိသော အစိုးရသာ အလိုအပ်ဆုံး ဖြစ်သည်။ စာရေးသူသည် စင်ကာပူမှ ရန်ကုန်သို့ စင်ကာပူနိုင်ငံသား လုပ်ဖော်ကိုင်ဖက်များနှင့် အတူ မကြာခဏ လာရလေ့ ရှိသည်။ မိမိတို့ ရန်ကုန် အခြေအနေကို အားနာပါးနာ ခပ်ရှက်ရှက်ဖြင့် ရှင်းပြနေရတာတွေ ရပ်ချင်ပြီ။ ထို့ကြောင့်လည်း စင်ကာပူ မြန်မာပရိတ်သတ်မှ အိပ်ပျက်ခံ တန်းစီပြီး မဲပေးဖို့ ကြိုးစားခဲ့ကြပြီ။
လာမည့် ရွေးကောက်ပွဲတွင် ပညာရှိသော အမြော်အမြင်ရှိသော ပြည်သူ့အပေါ် စေတနာရှိသော အစိုးရ ပေါ်ပေါက်ရေးအတွက် ပြည်သူများက ရွေးချယ်နိုင်ရန် ပြည်သူများတွင် လုံလောက်သော အသိဉာဏ်နှင့် ပြည့်စုံပါစေဟူ၍ ဆုတောင်းလျက်သာ။
Ref : Eleven Media Group
Photo Credit : Eleven Media Group
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ