By kamayutmedia, Shweproperty.com
Updated at 2 October 2014
ရန်ကုန်မြို့သစ် စီမံကိန်းကို ကြေညာခဲ့တဲ့ သြဂုတ် ၂၂ရက်ကနေ စက်တင်ဘာ ၂၆အထိ ရက်ပေါင်း ၃၅ရက်အတွင်း စီမံကိန်းဧရိယာ ဧက ၃သောင်းထဲက ဒေသခံတွေရဲ့လူမှုစီးပွားဘဝတွေ ကမောက်ကမဖြစ်ခဲ့ရပါတယ်။ မြေဈေးတွေ ရိုလာကိုစတာစီးတဲ့ဘဝ ရောက်တော့မလား။
ရန်ကုန်မြစ်တစ်ဖက်ကမ်း တွံတေးတူးမြောက်နဲ့ ပန်းလှိုင်မြစ်ကြားက ကြည့်မြင်တိုင် အေးရွာပတ်ဝန်းကျင်က လယ်မြေတွေကို ငွေထုပ်ပိုက်ပြီးဆင်းဝယ်ကြလို့ ကုန်သလောက်ဖြစ်ခဲ့ပါတယ်။ လူနေအိမ်တွေ၊ ခြံကွက်တွေ၊ ဆယ်ပေပတ်လည်အိမ်တွေကအစ ဈေးကောင်းပေးခဲ့လို့ စီမံကိန်းရပ်သွားတဲ့အခါ ဈေးကစားသူတွေ ပိုက်ဘောမိသွားသလို ဒေသခံတွေရဲ့အခြေအနေလည်း တည်ငြိမ်မှုပျက်ပြားသွားခဲ့တယ်လို့ ဦးအောင်သန်းက ပြောပြပါတယ်။
လမ်းမကြီးနံဘေး နေအိမ်တွေကို ဈေးကောင်းပေးလို့ ရောင်းလိုက်တဲ့သူတွေ လမ်းကြိုလမ်းကြားက အိမ်တွေကိုပြန်ဝယ်ပြီး ပိုတဲ့ငွေတွေ ဘယ်နေရာမှာသုံးရမှန်း မသိဘဲ တတိတိကုန်နေသလို အခြားမြို့နယ်တွေမှာ အိမ်ပြန်ဝယ်တဲ့သူတွေလည်း ရောင်းရတဲ့ငွေနဲ့သိပ်မကွာတာကြောင့် တစ်ချို့တွေ အိမ်ငှားဘဝ ရောက်သွားကြတယ်လို့ ကရုဏာသက်ပြီး သူက ပြောပါတယ်။
မြို့သစ်စီမံကိန်းနဲ့ပတ်သက်ပြီး စီမံခန့်ခွဲမှုကောင်းကောင်း၊ ပွင့်လင်းမြင်သာမှုရှိရှိ မရှိဘဲ ရုတ်တရက် ကောက်ခါငင်ခါ ထုတ်ပြန်လိုက်တဲ့ ရန်ကုန်အစိုးရကြောင့် အိမ်ခြံမြေဈေးကစားသူလည်း အကြီးအကျယ် ဒုက္ခရောက်ခဲ့ပါတယ်။
ဧရာဝတီတိုင်းကနေ ကြည့်မြင်တိုင် အေးရွာကို ၂ဝဝ၇မှာ ပြောင်းလာပြီး ငွေ ၇သောင်းနဲ့ဝယ်ခဲ့တဲ့ ၁ဝပေ ပတ်လည်အိမ်လေးကို ကျပ်သိန်းတစ်ရာအထိ ဈေးပေးခဲ့ပေမယ့် မရောင်းခဲ့တဲ့ ကိုစောဝင်းက အိမ်ရောင်းပြီး အခြားနေရာမှာပြန်ဝယ်လည်း အခုပေါက်ဈေးနဲ့ပဲရမှာမို့ အခြေအနေမကောင်းရင် ဝါးလုံးထိပ်တက်နေရမယ့် ဘဝမို့ ဆုံးဖြတ်ချက် မှန်ခဲ့ပုံရပါတယ်။
စီမံကိန်းရပ်ဆိုင်းလိုက်ပြီလို့ မြို့တော်ဝန် ဦးလှမြင့် ရန်ကုန်တိုင်းလွှတ်တော်မှာ ကြေညာပြီး ၂ရက် ၃ရက်လောက်အထိ တန့်နေတဲ့ စီမံကိန်းထဲက မြေဈေးဟာ အခုတော့ ပူပေါင်းပေါက်သလို ပေါက်သွားခဲ့ပါပြီ။ စီမံကိန်းကာလအတွင်း ကြက်ပျံမကျ စည်ကားနေတဲ့ လှိုင်သာယာ-တွံတေးကားလမ်းပေါ်က အိမ်ခြံမြေအကျိုးဆောင်တွေရဲ့ ဆိုင်းဘုတ်တွေ အခုတော့ ပြန်ဖြုတ်သိမ်းနေကြပါတယ်။
အခုတော့ စီမံကိန်းလည်း ထိုးရပ်လိုက်လို့ မြေကြီးတွေလက်ထဲမှာရောက်ပြီး ပိုက်ဘောမိသွားသူတွေ၊ သိန်းထောင်ချီ ဆုံးရှုံးနစ်နာသွားသူတွေအပြင် စရန်ငွေကြိုပေးထားသူတွေတောင် စရန်ငွေအဆုံးခံပြီး ရှေ့ဆက်မတိုးကြတော့ဘူးလို့ အိမ်ခြံမြေအကျိုးဆောင် ကိုဝင်းခိုင်က ပြောပါတယ်။
ငွေမည်းခဝါချရာ နံပါတ်တစ် ဈေးကွက်ဖြစ်နေတဲ့ အိမ်ခြံမြေရောင်းဝယ်ရေးဈေးကွက် စီမံကိန်းဧရိယာထဲကနေ ရန်ကုန်မြို့ကိုပါ ရိုက်ခတ်လာမယ်ဆိုရင်တော့ အိမ်ခြံမြေနဲ့မကင်းကြတဲ့ မြန်မာ့စီးပွားရေး ရိုလာကိုစတာစီးရသလို အခြေအနေနဲ့ ရင်ဆိုင်ရဖို့ အလားအလာတွေ ပေါ်လာနေပါတယ်။
Ref: kamayutmedia
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ