By Myanmar Builders Guide, Shweproperty.com
Updated at 13 August 2019
လယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေးကို ပြီးခဲ့သည့်အစိုးရ လက်ထက်မှစ၍ လုပ်ဆောင်ခဲ့သည်။ အစိုးရသစ်လက်ထက်တွင် လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခံရမှုကို ပြန်လည်စိစစ်ရန် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေကြောင်းရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယခုလ ၃ ရက်က ကျင်းပသော မီဒီယာတွေ့ဆုံပွဲတွင် ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီသည် ယခင်အစိုးရလက်ထက်က မပြီးပြတ်ခဲ့သော ကိစ္စရပ်များအပေါ် အခြေပြုပြီး ဆက်လက်စိစစ်မှုများဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဦးဖြိုးမင်းသိန်းက ဆိုသည်။
"ပြီးခဲ့တဲ့ အစိုးရလက်ထက်က ကျွန်တော်တို့ကိုယ်တိုင် သိမ်းဆည်းခံလယ်ယာမြေတွေ ပြန်ပေးနိုင်ဖို့ လွှတ်တော်အတွင်းမှာ တိုက်တွန်းပြီး အစိုးရနဲ့ညှိနှိုင်းလုပ်ဆောင်ခဲ့ပါတယ်။ အစိုးရက မပါဝင်ဘဲနဲ့ လယ်ယာမြေကို ပြန်ပေးနိုင်ဖို့ဆိုတာ အလွန်ပဲခက်ခဲပါတယ်"ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
ပြန်လည်စိစစ်မှုများ ပြုခဲ့ရာတွင် အမှုတွဲပေါင်း ၅ဝဝဝ ခန့် စိစစ်ရန် ကျန်ရှိနေကြောင်း၊ အဆိုပါအမှုတွဲများကို ပြန်လည်စိစစ်ပြီး ပြီးပြတ်အောင် ကြိုးစားဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုနှင့်ပတ်သက်ပြီး ဗဟိုကော်မတီကို တင်ပြလာသော အမှုတွဲပေါင်း ၂၂၂၅ ခုရှိခဲ့ပြီး အားလုံးကိုစိစစ်ပြီးဖြစ်ကာ တိုင်းဒေသကြီးကော်မတီသို့ သီးခြားတင်ပြလာသော အမှုတွဲ ပေါင်းမှာ ၁၂၅၂၇ ခုရှိပြီး ၆ဝ၇၇ ခုကို စိစစ်ပြီးဖြစ်ရာ မြေပြန်လည်ပေးလျော်ရမည့် အစီအစဉ်များနှင့် လျော်ကြေးငွေပေးလျော်ရမည့် အစီအစဉ်များလည်းရှိကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။
မြေပြန်လည်ပေးလျော်ရမည့် လယ်ယာမြေဧကမှာ ၉၈၂ ဧကခန့် ရှိပြီး ငွေလျော်ကြေးပေးရမည့် ပမာဏမှာ ကျပ်ငွေ ဘီလျံ ၂၀ဝ ခန့် ရှိကြောင်းဝန်ကြီးချုပ်က ဆိုသည်။
"ဘီလျံ ၂၀ဝ လောက်လျော်ကြေးပေးဖို့ဆိုတာ ပမာဏအားဖြင့် ကြီးမားတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီနှစ် ၂၀၁၈“၁၉ ဘတ်ဂျက်မှာ လျော်ကြေးပေးဖို့ ခုနစ်ဘီလျံ လျာထားပါတယ်။ ၂၀၁၉“၂၀ ဘတ်ဂျက်မှာတော့ ၃၃ ဘီလျံ လျော်ကြေးပေးဖို့ လျာထားပါတယ်"ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။
ယခုနှစ်အတွက် ငွေကျပ် ခုနစ်ဘီလျံကို လာမည့်စက်တင်ဘာလအတွင်း လျော်ကြေးပေးရန် စတင်မည်ဖြစ်ပြီး ငွေကျပ် ၃၃ ဘီလျံကို လာမည့် အောက်တိုဘာလအတွင်း ဆက်လက်လျော်ကြေးပေးမည်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောသည်။
လျော်ကြေးပေးရမည့် ၂၀ဝ ဘီလျံအနက် လက်ရှိတွင် ဘီလံ ၄၀ ခန့်သာလျော်ကြေးပေးနိုင်ပြီး နောက်ထပ်ဝင်ငွေခွန်တိုး၍ ရှာဖွေနိုင်ပါက ၂၀၁၉“၂၀ဖြည့်စွက်ဘဏ္ဍာငွေတွင် တောင်းခံနိုင်ရန် ကြိုးစားမည်ဟုလည်း ၎င်းကဆိုသည်။ ပြန်လည်ပေးလျော်ရမည့် မြေများကိုလည်း ပုံစံ(၃) ထုတ်ပေးပြီး မကြာမီ ပြန်လည်ပေးအပ်မည်ဖြစ်သည်။
"မြို့သစ်တွေ တည်ဆောက်တဲ့အခါ လက်ကျန်မြေကွက်တွေအပေါ်မှာ လယ်သမားတွေအဖြစ်နဲ့ ကျူးကျော်နေထိုင်နေသူတွေကိုလည်း လျော်ကြေးပေးမှာဖြစ်ပါတယ်။ တစ်ဖက်ကလည်း နေထိုင်သူတွေ အဆင်ပြေစေဖို့ မြေတွေ ရောင်းချပေးမှာဖြစ်ပါတယ်"ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။
ယင်းအပြင် နေရေးအခက်အခဲရှိနေသူများအတွက် အစိုးရက မြေထည့်ဝင် ပြီး အိမ်ကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးနိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း၊ အဆိုပါ အိမ်တစ်အိမ်လျှင် ငွေကျပ် သိန်း ၃၀ ခန့်ဖြင့် ရောင်းချနိုင်ရန် စီစဉ်လျက်ရှိပြီး အိမ်ပိုင်ရှင်များအနေဖြင့် တစ်ဆင့်ပြန်လည်ရောင်းချခြင်း၊ ငှားရမ်းခြင်း လုံးဝပြုလုပ်၍ မရနိုင်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ