By Myanmar Times, Shweproperty.com
Updated at 17 June 2015
လယ်ယာပိုင်ဆိုင်မှု ပုံစံ(၇)ကို အာမခံအပေါင် ပစ္စည်းအဖြစ်ထားရှိကာဘဏ်ချေးငွေရယူနိုင်သည့် စနစ်တစ်ရပ်ကို မြန်မာ့ရှေ့ဆောင်ဘဏ်က ယခုလတွင် စတင်ဆောင်ရွက်လိုက်ကြောင်း ဘဏ်ဥက္ကဋ္ဌဦးချစ်ခိုင်ကပြောသည်။
လယ်ယာမြေပေါင်နှံမှုဖြင့် ဘဏ်ချေးငွေရယူရာတွင်လည်း ယခင် စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခဲ့စဉ် ကဲ့သို့မဟုတ်ဘဲ လယ် တစ်ဧကလျှင် ကျပ် ငွေ ၄၀၀,၀၀၀ နှုန်းဖြင့် သုံးနှစ်တာ ကာလ နှစ်လတ်ချေးငွေတစ်ရပ်ကို ဖန်တီးဆောင်ရွက်လိုက်ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။ ၎င်းချေးငွေစနစ် စတင် ဝန်ဆောင်မှုအဖြစ် လယ်သမားများကို ချေးငွေ ထုတ်ပေးသည့် အခမ်းအနားတစ်ရပ်ကို ဓနုဖြူ မြို့နယ်တွင် ဇွန်လ ၆ ရက်က ကျင်းပခဲ့သည်။ "လယ်ယာကဏ္ဍကြီး ဖွံ့ဖြိုးလာဖို့အတွက် ပံ့ပိုးမှုတွေက ဘယ်ကမှ မရှိသေးဘူး။ ဒါကြောင့် ဒီစနစ်ကို အကောင်အထည် စဖော်တာ။ အမှန်က အဖွဲ့အစည်းတွေ အားကောင်း ကောင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာသင့် တာ။ အဲဒါကြောင့် စမ်းသပ်အနေနဲ့ ဒီဓနုဖြူက လယ်သမားတွေကို အရင်လုပ်ပေးတာ "ဟု ဦးချစ်ခိုင်က ပြောသည်။
မြန်မာ့ ရှေ့ဆောင်ဘဏ်သည် ၎င်း လယ်ယာမြေအပေါင်ခံစနစ်ဖြင့် ဓနုဖြူ မြို့နယ်မှ လယ်သမား ၂၇၅ ဦးကိုသာ စတင် လက်ခံဆောင်ရွက်ပေးခဲ့ပြီး ချေးငွေ ကျပ် ၅,၉၅၆ သိန်းထုတ်ချေးခဲ့ကြောင်း ၎င်းက ပြောသည်။ ချေးငွေအတိုးနှုန်း ပမာဏကို လည်း တစ်နှစ်လျှင် ၁၃ ရာခိုင်နှုန်း (တစ်လလျှင် ၁ ဒသမ ၅၆ ရာခိုင်နှုန်း) ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် လယ်သမားများအတွက် လယ်ယာမြေ ပိုင်ဆိုင်မှုပြဿနာများကို ဖြေရှင်းနိုင်ရန်နှင့် ချေးငွေရယူမှုလွယ်ကူရန် အတွက် လယ်ယာ ပိုင်ဆိုင်မှု ပုံစံ (၇) များကို ၂၀၁၃ ခုနှစ်အတွင်းက စတင်ဆောင်ရွက်ပေးခဲ့သည်။
သို့ရာတွင် ၎င်းပုံစံ (၇)ဖြင့် ချေးငွေရယူ ခြင်းကိုမူ အစိုးရဘဏ်များအပါအဝင် မည် သည့် ဘဏ်ကမှ ဆောင်ရွက်လုပ်ကိုင်ခဲ့ခြင်း မရှိပေ။ ထို့အတူ ဘဏ်များအစုသည် အိမ်ခြံ မြေနှင့် စက်ရုံအဆောက်အအုံ များကိုသာ ပေါင်နှံပစ္စည်းအဖြစ် လက်ခံနေဆဲဖြစ်ပြီး အများစုမှာ မြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းများကိုသာ ငွေချေးဆောင်ရွက်နေခြင်း ဖြစ်သည်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းအတွက်လည်း ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိသည့် လယ်မြေများကိုလည်း ဘဏ်မှသိမ်းယူခြင်းလုပ်မည် မဟုတ်ဘဲလယ်သမားအချင်းချင်း ပြန်လည် လေလံတင်ဝယ်ယူနိုင်သည့်စနစ်ဖြင့် ဆောင် ရွက်သွားမည်ဖြစ်သည်ဟု ဦးချစ်ခိုင်က ပြောသည်။ "လယ်မြေဆိုတာက လယ်သမားတွေလက်ထဲမှာပဲ ရှိသင့်တယ်။ တကယ်လို့ လုံးဝ ပြန်မဆပ်နိုင်တဲ့ တောင်သူတွေရဲ့လယ်တွေ ကို လယ်သမားအချင်းချင်းက ပြန်လည်ရယူသွားနိုင်မယ့် လေလံစနစ်နဲ့သွားဖို့ ဆောင် ရွက်ထားတယ်" ဟု ဦးချစ်ခိုင်က ပြောသည်။
မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် အရည်အသွေးမြင့်မားသည့် ဆန်များကို စိုက်ပျိုးထုတ်လုပ်ကာ ပို့ကုန်ဆောင်ရွက်နိုင်ရန် ကြိုးစားနေသဖြင့် စနစ်တကျစိုက်ပျိုး ထုတ် လုပ်ခြင်း၊ စနစ်တကျ ရိတ်သိမ်းခြွေလှေ့ခြင်း များလုပ်ကိုင်ရန် လိုအပ်လာရာ အရင်းအနှီး ငွေကြေးမှာ အဓိကအခန်း ကဏ္ဍအဖြစ်ရှိလာ သည်ဟု ဆန်စပါးလုပ်ငန်းရှင်များက ပြောသည်။
"လယ်သမားတွေအတွက်က စနစ်တကျစိုက်ပျိုးဖို့ဆိုရင် အဓိကအခက်အခဲက အရင်းအနှီး လိုအပ်ချက်ပါပဲ။ ဒီလိုစနစ်နဲ့ ငွေချေးလာ နိုင်တာက ကောင်းတဲ့အချက်ပါ။ ဒါပေမဲ့ ဒါကို မြန်မာတစ်နိုင်ငံလုံး လုပ်ပါဆိုရင် မြန်မာ့ ရှေ့ဆောင်ဘဏ်ကလည်း မလုပ်နိုင်ဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင် အရမ်း ကို နည်းပါးသေးတဲ့ ပမာဏအဆင့်ပဲရှိတယ်။ အဲဒါကြောင့် အခြားငွေရေးကြေးရေး အဖွဲ့ အစည်းတွေနဲ့ ဘဏ်တွေချိတ်ဆက်ပြီး ဒီလို ပုံစံနဲ့သွားဖို့လိုတယ်။ ဒီတော့ ဆန်စပါးကဏ္ဍ က ပိုပြီးအားကောင်းလာမှာပါ " ဟု ဆန်စပါးအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။
မြန်မာနိုင်ငံတွင် မိုးရာသီစပါးစိုက်ပျိုးရာ တွင် ပျိုးပင်ချ စိုက်ပျိုးခြင်းနှင့် မျိုးစပါးကျဲ စိုက်ပျိုးခြင်းနှစ်မျိုးကို လုပ်ကိုင်ကြပြီး လယ် သမားအများစုသည် စပါးကျဲစိုက်ပျိုးခြင်းကိုသာ လုပ်ကိုင်နေကြကြောင်း တောင်သူများ က ပြောသည်။ စပါးကျဲစိုက်ပျိုးရာတွင်ပင် ထွန်ယက်ခြင်း၊ ဓာတ်မြေဩဇာထည့်ခြင်း၊ ပိုးသတ်ဆေးပက်ဖျန်းခြင်း၊ ရိတ်သိမ်းခြင်း စသည့်လုပ်ငန်းစဉ်တစ်ခုလုံးနှင့် လူအငှား ဝန်ဆောင်ခများ အပါအဝင် လယ်တစ်ဧက၏ အနိမ့်ဆုံး ကုန်ကျစရိတ်သည် ရှစ်သောင်းမှ တစ်သိန်းကျော်အထိ ကုန်ကျမှုရှိနေခြင်း ဖြစ်သည်။ ပျိုးစပါးဖြင့်စိုက်ပျိုးပါက တစ်ဧက လျှင် ငါးသောင်းနှင့်အထက် ပိုမို ကုန်ကျမှုရှိသည်ဟု လယ်သမားများက ပြောသည်။ "လယ်လုပ်ရတာက ကောက်စိုက်တာ၊ ရိတ်သိမ်းတာတွေအတွက် လုပ်သားတွေက လည်း ရှားလာတယ်။ အဲဒီအတွက် စက်ငှား ရတော့ ကုန်ကျစရိတ်ကလည်း ပိုများလာ တယ်။ စပါးဈေးကောင်းနေတော့ တော်သေး တယ်။ ပြီးတော့ အခုက သုံးနှစ်ချေးငွေဖြစ်တော့ ပိုအဆင်ပြေလာတယ်"ဟု ဓနုဖြူမြို့၊ အကျော်တိုက်နယ်၊ ထီကွေ့ကျေးရွာမှ လယ် ၁၅ ဧကပိုင်ဆိုင် သူ တောင်သူ ဦးသိန်းဝင်းက ပြောသည်။
လက်ရှိတွင် စပါးတင်းတစ်ရာလျှင် အနိမ့် ဆုံးဈေးသည် ကျပ် သုံးသိန်းမှ သုံးသိန်းခွဲအထိ ပေါက်ဈေးရှိသည်။ အနိမ့်ဆုံးအထွက်နှုန်း စပါးတင်း ၆၀ ထွက်ရှိသည့် လယ်ဧကသည် ဝင်ငွေ ၁၈၀,၀၀၀ ရှိနေသဖြင့် ကုန်ကျစရိတ် တစ်သိန်းကျော်ဖြင့်နှိုင်းယှဉ်ပါက ခြောက်သောင်းခန့် အနိမ့်ဆုံးဝင်ငွေကျန်ရှိနေခြင်းလည်းဖြစ်သည်။ ယခု ၂၀၁၅၁၆ ဘဏ္ဍာနှစ်တွင် ဆန်ပို့ကုန် ပမာဏကို နှစ်သန်းကျော်တင်ပို့နိုင်ရန်ရည်မှန်းထားပြီး အရည်အသွေးမြင့်ဆန်များကို အများစု တင်ပို့နိုင်ရန် လျာထားခြင်းဖြစ်သည် ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြောသည်။ သို့ရာတွင် မြန်မာ့ဆန်အိုးကြီးဟု တင်စား ထားသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ် ၂၆ မြို့နယ်ရှိသည့် အနက် လယ်ယာ မြေ ပိုင်ဆိုင်ခွင့်ပုံစံ(၇)ဖြင့် ငွေချေးယူနိုင်ခွင့် ကို ဓနုဖြူတစ်မြို့နယ်တွင်သာ ဆောင်ရွက် ထားနိုင်ခြင်းဖြစ်သည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ