By emg, Shweproperty.com
Updated at 8 December 2013
ဗိုလ်တထောင်ဆိပ်ကမ်း ကမ်းနားဒေသတွင် အများပြည်သူ အပန်းဖြေနေရာ ဖော်ထုတ်မည့် စီမံကိန်းအား နိုင်ငံတော် သမ္မတရုံးက ခေတ္တဆိုင်းငံ့ထားရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။
"ဗိုလ်တထောင်ဆိပ်ကမ်း ကမ်းနားဒေသမှာ အများပြည်သူ အပန်းဖြေ နေရာတွေနဲ့ အဆောက်အအုံ တည်ဆောက်ဖို့ကို နိုင်ငံတော် သမ္မတရုံးက ခေတ္တဆိုင်းငံ့ထားဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်" ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ဗိုလ်တထောင် ဆိပ်ကမ်းရှိ ကမ်းပါးထိန်း ရေကာတံတိုင်းအား မြစ်ဘက်သို့ ပေ ၁၀၀ ခန့် တိုးချဲ့တည်ဆောက်ခြင်း၊ မြေဖို့ခြင်းနှင့် ၎င်းမြေပေါ်တွင် အပန်းဖြေ အနားယူနိုင်ရန်၊ အဆောက်အအုံနှင့် ဆိုင်ခန်းတည်ဆောက်ခြင်း လုပ်ငန်းများ လုပ်ကိုင်ရန် စီစဉ်ထားသည်။
အဆိုပါ လုပ်ငန်းများအတွက် တင်ဒါခေါ်ယူခဲ့ပြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သို့ လစဉ်မြေငှားရမ်းခနှုန်းထား အများဆုံး ပေးသွင်းသည့် ကုမ္ပဏီ သုံးခုအား ပထမအဆင့် အနေဖြင့် စိစစ်ရွေးချယ်ခဲ့ပြီး အဆိုပါ ကုမ္ပဏီ သုံးခုအနက်မှ ကုမ္ပဏီ တစ်ခုကို ရွေးချယ်ရန် တင်ပြခဲ့သည်။
စီမံခန့်ခွဲရေး ကော်မတီမှ အတည်ပြု ရွေးချယ်ပေးသည့် ပုလဲမြေ ကုမ္ပဏီနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တို့အကြား ချုပ်ဆိုမည့် စာချုပ်မူကြမ်းအား ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ သဘောထားမှတ်ချက် တောင်းခံရရှိပြီး ပြည်ထောင်စု အစိုးရအဖွဲ့ စီးပွားရေးရာ ကော်မတီသို့ တင်ပြခဲ့ရာ နိုင်ငံတော် သမ္မတရုံးက ခေတ္တဆိုင်းငံ့ထားရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဆိပ်ကမ်းတွင် တည်ဆောက်မည့် အဆောက်အအုံများမှာ နှစ်ထပ်အမြင့်ရှိ Shopping Mall၊ သုံးထပ်အမြင့်ရှိ Business Center နှင့် လေးထပ်အမြင့်ရှိ Resort တစ်လုံးတို့ဖြစ်ကြောင်း သိရသည်။
Ref : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ