By The Voice, Shweproperty.com
Updated at 13 November 2011
မြန်မာနိုင်ငံ အတွင်းရှိ လူသိများသည့် ဆောက်လုပ်ရေး ကုမ္ပဏီအချို့သည် ရန်ကုန်မြို့တော် အတွင်းရှိ တိုက်ခန်းများကို ဘဏ်အသီးသီးနှင့် ချိတ်ဆက်၍ အရစ်ကျ ငွေပေးစနစ် (Hire Purchase) ဖြင့် ရောင်းချနေကြောင်း ၎င်းတို့ထံမှ စုံစမ်းသိရှိ ရသည်။
ဆောက်လုပ်ရေး ကုမ္ပဏီများ အနေဖြင့် ဆောက်လုပ်ဆဲ တိုက်ခန်းများကို ကြိုတင် အရစ်ကျ ငွေပေးသည့် စနစ်ဖြင့် တိုက်ခန်း ရောင်းချခဲ့ရာမှ ဘဏ်များနှင့် ချိတ်ဆက်၍ အရစ်ကျ ငွေပေးစနစ်ဖြင့် ရောင်းချသည့် ပုံစံသို့ အောက်တိုဘာလ အတွင်းက စတင်ကူးပြောင်း လာခဲ့သည်။
ရှိုင်း၊ ရတနာမြိုင်၊ Naing Group ၊ တော်ဝင်၊ တက်လမ်းနှင့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီတို့က သက်တမ်းရင့် ဘဏ်ဖြစ်သော ကမ္ဘောဇဘဏ်နှင့် လည်းကောင်း၊ ထူး ဆောက်လုပ်ရေးကလည်း ၎င်းတို့ ညီနောင်ကုမ္ပဏီ ဖြစ်သည့် အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်နှင့် လည်းကောင်း ယင်းစနစ်ဖြင့် ချိတ်ဆက် ဆောင်ရွက်လျက် ရှိကြောင်း ယင်းကုမ္ပဏီများ ထံမှ သိရသည်။
ရှိုင်း ဆောက်လုပ်ရေး ကုမ္ပဏီ အနေဖြင့် ကျပ်သိန်းနှစ်ရာခန့်မှ တန်ဖိုးမြင့် ကျပ်သိန်းသောင်းချီ တန်ဖိုးရှိ တိုက်ခန်းများ အထိ တိုက်ခန်းပေါင်း ၆၅ ခန်း ရောင်းချရန် ရှိပြီး ယခု လဆန်းအထိ ကျပ်သိန်း ၃၀ဝ ခန့် တန်ဖိုးရှိ တိုက်ခန်း အပါအဝင် တိုက်ခန်းပေါင်း လေးခန်းကို ယင်းစနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း ယင်းကုမ္ပဏီ ဒါရိုက်တာ ဦးစိုးမင်းနိုင်က ဆိုသည်။
" ဘဏ်စနစ် ပီပြင်လာလို့ လူတိုင်း အိမ်ပိုင် နိုင်တော့မယ်ဆိုတဲ့ ရည်မှန်းချက်တွေ အကောင်အထည် ပေါ်လာတော့မှာပါ" ဟု လူလတ်တန်းစား များလည်း အိမ်ပိုင်ဆိုင်နိုင်မည့် အခွင့်အလမ်း ပိုမိုရှိလာမှုနှင့် ပတ်သက်၍ ၎င်းက ဆက်လက် ပြောကြားသည်။
ကျပ် သိန်းတစ်ထောင်နှင့် သိန်းနှစ်ထောင်ကြား တန်ဖိုးရှိ ရန်ကုန်မြို့တွင်း တိုက်ခန်းပေါင်း ၄ဝ ခန့်ကိုလည်း တက်လမ်း ဆောက်လုပ်ရေးက ကမ္ဘောဇဘဏ်နှင့် ချိတ်ဆက်၍ ရောင်းချပေးလျက် ရှိကြောင်း၊ ထူးဆောက်လုပ်ရေးက ကျပ်သိန်း ၁၉၀၀ မှ ၉၀၀၀ တန်ဖိုးရှိ ကွန်ဒိုများနှင့် လုံးချင်း အိမ်ရာများ ရောင်းချပေးနေပြီး Naing Group ဆောက်လုပ်ရေးကလည်း ယင်းစနစ် စတင် အသုံးပြုနေပြီ ဖြစ်ကြောင်း ယင်းကုမ္ပဏီများထံမှ သိရသည်။
အရစ်ကျ ငွေချေရာတွင် တိုက်ခန်း တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းနှင့် တိုက်ခန်းတန်ဖိုး အကျေချေနိုင်မည့် သတ်မှတ် ကာလနှင့် ညီသည့် အတိုးနှုန်း ကြိုတင်ပေးရန် ကမ္ဘောဇဘဏ်က သတ်မှတ်ထားပြီး အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်က ကြိုတင်ငွေ ပမာဏနှင့် ငွေအကျေဆပ်မည့် ကာလအား ပုံသေ သတ်မှတ်ထားခြင်း မရှိဘဲ ဝယ်ယူသူ တစ်ဦးချင်း အလိုက် ညှိနှိုင်း ဆောင်ရွက်ရမည် ဖြစ်ပြီး အတိုးနှုန်းမှာ ဗဟိုဘဏ် သတ်မှတ်ထားသော အခြားချေးငွေများ နည်းတူ တစ်နှစ် အတိုးနှုန်း ၁၅ ရာခိုင်နှုန်းပင် ဖြစ်ကြောင်း၊ ကျန်ငွေများကို လစဉ် ဘဏ်သို့ ပေးသွင်းရမည် ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
ကမ္ဘောဇဘဏ်ကမူ တစ်နှစ်အတွင်း အကျေချေလျှင် အတိုး ခုနစ်ရာခိုင်နှုန်း၊ ၂ နှစ်ဆိုလျှင် ရှစ်ရာခိုင်နှုန်းနှင့် သုံးနှစ်ဆိုလျှင် ကိုးရာခိုင်နှုန်းဟု အသီးသီး သတ်မှတ်ထားသည်။
ယင်းစနစ်ဖြင့် ဝယ်ယူနိုင်ရန်အတွက် ဝန်ထမ်းဖြစ်လျှင် ကုမ္ပဏီမှ အာမခံချက် လိုအပ်ပြီး လုပ်ငန်းရှင် ဖြစ်ပါကလုပ်ငန်းနှင့် ဝင်ငွေပြရန် လိုအပ်ကြောင်း၊ လူမွဲ(နာမည်ပျက်) ကြေညာထားခြင်း ခံရသူနှင့် အခြားဘဏ်များတွင် အကြွေး ပြန်မဆပ်သူ များကို ရောင်းချမည် မဟုတ်ကြောင်း အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်မှ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးရဲမင်းဦးက ဆိုသည်။
ဘဏ်သို့ လစဉ် ငွေသွင်းရာတွင် လဆန်း ၄ ရက်ထက် နောက်ကျပါက ရက်လွန်ကြေး ပေးရန် လိုအပ်ပြီး ငွေမသွင်းနိုင်ပါက အာမခံထားသူက စိုက်သွင်းပေးရမည်ဟု ကမ္ဘောဇဘဏ် ချေးငွေဌာနမှ တာဝန်ရှိသူက ဆိုသည်။
ယင်းစနစ်အတွက် အဓိက အရေးကြီးသည်မှာ အာမခံရမည့်သူ ဖြစ်ပြီး အလုပ်အကိုင်ရှိသူများ အနေဖြင့် အလုပ်ရှင်များ၏ ထောက်ခံချက်မှာ များစွာ အရေးကြီးကြောင်း၊ ပြင်ပ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်နေသဖြင့် ခိုင်မာသော ကုမ္ပဏီ များတွင် အလုပ်အကိုင် ရရှိထားရန် အရေးကြီးကြောင်း ကျောက်တံတားမြို့နယ်မှ စီးပွားရေးလုပ်ငန်းရှင် ဦးနေအောင်က ဆိုသည်။
အရစ်ကျ ငွေပေးချေစနစ်ဖြင့် ရောင်းချပေးနေသော တိုက်ခန်း ပမာဏနှင့် ရန်ကုန်မြို့ တိုက်ခန်းဝယ်လိုအား မမျှတနိုင်သော အခြေအနေကြောင့် အိမ်၊ ခြံ၊ မြေဈေးနှုန်းများ လှုပ်ခတ်လာမည်ဟု မထင်ကြောင်း မဏ္ဍိုင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ ဦးသန်းဦးက သုံးသပ် ပြောကြားသည်။
" သိပ်တော့ မထူးနိုင်ပါဘူး။ ရောင်းတဲ့ တိုက်ခန်းတွေက နည်းနေမယ် ဆိုရင်ပေါ့ ဟု ၎င်းက ဆိုသည်။
နိုင်ငံတကာနှင့်အညီ မြန်မာနိုင်ငံတွင် အရစ်ကျ ငွေပေးချေစနစ် စတင်လာရာ အင်တာနက်ဆိုင်ရာ ဝန်ဆောင်မှုများ အပြင် ဖုန်းများပါ ယင်းကဲ့သို့ အရစ်ကျ စနစ်ဖြင့် စတင်လျက်ရှိပြီး မော်တော်ယာဉ်များလည်း မကြာမီ ဝယ်ယူနိုင်မည် ဖြစ်ကြောင်း ဘဏ်များထံမှ စုံစမ်း သိရှိရသည်။
လယ်ယာသုံး ထွန်စက်များ ရောင်းသည့် သရဖူစိုးမြင့် အနေနှင့်လည်း အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်နှင့် ပူးပေါင်းကာ အရစ်ကျ ငွေပေးချေစနစ်ဖြင့် ရောင်းချနေကြောင်း ယင်းဘဏ်ထံမှ သိရသည်။
Source : The Voice
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ