ရန်ကုန်လို မြို့ကြီးအတွက်တော့ အိမ်ခြံမြေမှာ တိုက်ခန်းတွေက အဝယ်လိုက်ဆုံးလို့ ပြောရမှာပါပဲ။ ဘာလို့ဆို မြို့တွင်း မြေကွက်တွေက ရှာမှရှား ဖြစ်လာသလို ဈေးတွေကလည်း ခေါင်ခိုက်နေတော့ တော်ရုံလူအနေနဲ့ တိုက်ခန်းကိုသာ ဝယ်ဖို့ မျက်စောင်းထိုးရတာပါပဲ။ နောက်ပြီး တိုက်ခန်းတွေက မြေနဲ့ပတ်သက်တဲ့ အရှုပ်အရှင်းတွေ မရှိသလို လက်တင်နေထိုင်ဖို့ အဆင်ပြေလို့လည်း ပါပါတယ်။ 

အဲ.....တိုက်ခန်း ဝယ်လိုက်ပြီဆိုရင် ငှားနေသလို မဟုတ်တော့ပဲ ကိုယ့်မိသားစု အမြဲတမ်း နေရတော့မယ့် နေရာတစ်ခု ဖြစ်လာပြီ။ ဒီတော့ အမြဲတမ်း နေရမယ့် ကိုယ့်အတွက် သည်းမခံနိုင်စရာ ကိုယ်မကြိုက်တဲ့ အချက်တွေ ကင်းတဲ့ တိုက်ခန်းကို ဝယ်ဖို့ဆိုရင် သေချာ စစ်ဆေးပြီး ဝယ်မှ စိတ်ချရပါမယ်။ 

ဒီတော့ တိုက်ခန်းတွေ ဝယ်တော့မယ်ဆိုရင် အခုလို မိုးရာသီဟာ ဝယ်ဖို့အကောင်းဆုံး အချိန်အခါပဲလို့ ပြောချင်ပါတယ်။ ဘာလို့ဆိုရင် အောက်မှာ ဆက်ရှင်းပြထားပါတယ်။ 

- လမ်း ရေဝပ်၊ မဝပ် သိနိုင်တယ်

တိုက်ခန်းဝယ်တာ်ဆိုရင် ကိုယ်က တိုက်ခန်းတည်းမှာပဲ တသက်လုံး နေမှာ မဟုတ်တဲ့အကြောင်းလည်း ထည့်စဉ်းစားသင့်ပါတယ်။ မိုးရာသီဆို တိုက်ခန်းပိုင်ရှင်တော်တော်များများရဲ့ ဒုက္ခတစ်ခုက လမ်းရေဝပ်တာပါပဲ။ လမ်းရေဝပ်၊ မဝပ်ကလည်း ဆောင်းတွင်းနဲ့ နွေရာသီမှာဆိုရင် မပေါ်ပါဘူး။ တခါတလေ လမ်းနေရာ မြင့်တယ်လို့ ထင်ရပေမယ့် မိုးများရင် ရေဝပ်တဲ့လမ်းတွေ အများကြီးရှိပါတယ်။ ဒီတော့ မိုးတွင်းမှာ အိမ်လိုက်ကြည်ါမယ်ဆိုရင် လမ်း ရေဝပ်လား၊ မဝပ်လား သေချာသိနိုငိတော့ ဝယ်ပြီးမှ ရင်မပူရတော့ဘူးပေါ့။ 

- ခေါင်မိုး ရေစိမ့်မှု ရှိ၊ မရှိ သိနိုင်တယ်

မိုးတွင်းမှာ နောက်ထပ်ကြုံရတဲ့ မချက်တစ်ခုကတော့ အပေါ်ဆုံး အလွှာ တိုက်ခန်းတွေဆိုရင် မိုးရွာတဲ့အခါ ရေစိမ့်တာတွေ ဖြစ်တတ်ပါတယ်။ ဝယ်ပြီးမှ ပြင်ဆင်ရမယ်ဆိုရင် စိတ်အနှောင့်အယှက်လည်း ဖြစ်ရသလို စရိတ်စကလည်း ကြီးပါတယ်။ 



- ပတ်ဝန်းကျင် အခြေအနေ

ကိုယ်နေမယ့် တိုက်ခန်းပတ်ဝန်းကျင်ဟာ လူထူထပ်လား၊ လူရှင်းလား၊ ဘယ်လိုလူတွေ အနေများလဲ စသဖြင့် အကဲခတ်လေ့လာဖို့လည်း မမေ့ပါနဲ့။ တခါတလေ အိမ်က အဆင်ပြေပေမယ့် ရပ်ကွက်ကြောင့် အိမ်ပြောင်းရတာမျိုးလည်း ရှိတတ်ပါတယ်။ 

- ဈေးသက်သာမယ်

ပွင့်လင်းရာသီမှာ အစစအရာရာ ဈေးတက်တာ သဘာဝပါ။ အိမ်ခြံမြေတွေ အတွက် မိုးတွင်းမှာတော့ ဈေးအရမ်း မကျသွားပေမယ့် ဈေးငြိမ်ပါတယ်။ ဒီတော့ ဈေးမှန်မှန်နဲ့ ကိုယ်နိုင်တဲ့ တိုက်ခန်းကို ဝယ်နိုင်တာပေါ့။ 

ကဲ.... ဒီအချက်တွေကတော့ မိုးတွင်းမှာ တိုက်ခန်းတွေဝယ်ရင် ရနိုင်မယ့် အကျိုးကျေးဇူးတွေပါပဲ။ စာဖတ်သူတို့ ဗဟုသုတ ရမယ်လို့ မျှော်လင့်ပါတယ်။ အားလုံးပဲ အဆင်ပြေတဲ့ အိမ်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Written By : Lily ( ShweProperty.com )