ဝါတွင်းကာလမှာ အိမ်ထောင်မပြုအပ်၊ အိမ်မပြောင်းရ၊ အိမ်ဆောက်ခြင်းမပြုရဆိုတဲ့ အရာတွေက ဟိုးအရင်ကတည်းက သိပြီးသားဖြစ်ကြမှာပါ။ ဒါပေမယ့် ဒီအစွဲတွေဟာ မှန်လားမှားလားဆိုတာကို သရုပ်မခွဲခဲ့ကြပါဘူး။ 
ဝါတွင်းကာလအိမ်ထောင်မပြုရဆိုတဲ့ ဒီအယူအဆဟာ ဘုရားရှင်ဟောကြားတော်မူ၊ သတ်မှတ်တော်မူခဲ့တာလားလို့ မေးလာ သူတွေလည်း ရှိပါတယ်။ဝါတွင်းကာလဆိုတော တကယ်တော့ ဝါတွင်းဆိုတဲ့ အခေါ်အဝေါ်ဟာ ရဟန်းတော်များ ဝါဆိုဝါကပ်ပြုရမယ် ဆိုတဲ့ ဝိနည်းဥပဒေ ပညတ်သတ်မှတ်ပြီးချိန်မှသာ ထိုရဟန်းတော်များ ဝါဆိုဝါကပ်ပြုနေတဲ့ သုံးလတာကာလကို ရည်ရွယ်ပြီး ခေါ်ဝေါ် သုံးစွဲကြတဲ့ ဝေါဟာရဖြစ်ပါတယ်။ 
 


ဒီဝါတွင်းဟာ လူတွေအတွက်တော့ မိုးတွင်းကာလပါပဲ။ ရဟန်းတော်များ ဝါတွင်းသုံးလကာလပတ်လုံး တခြားတနေရာသို့ ကြွရောက်တော်မမူဘဲ ကိုယ်ဝါဆိုရာ ကျောင်းတိုက် အရာမ်တွင်းမှာပဲ နေထိုင်သီတင်းသုံးကြဖို့ သတ်မှတ်ထားတဲ့ ဝိနည်းဥပဒေဟာ ဝါတွင်းကာလမှာအိမ်ထောင် မပြုရဘူးဆိုတဲ့ လူတွေကြားမှာ ဖြစ်နေတဲ့ အချက်နဲ့ ဘာမှ‌တော့ မသက်ဆိုင်ပါဘူး။ ဝါတွင်းကာလမှာ အိမ်မပြောင်းရ၊ အိမ်မရွေ့ ရ ၊ အိမ်မဆောက်ရ ၊ အိမ်ထောင်မပြုရ ဆိုတာဟာ ဘုရားဟောထဲမှာ မပါတဲ့၊ ဘုရားဟောနဲ့ မသက်ဆိုင်တဲ့ လောကီအယူအဆတွေပဲ ဖြစ်ပါတယ်။
 
ဝါတွင်းဆိုတာမိုးတွင်းကာလ ဖြစ်တဲ့အတွက် မိုးရွာနေတဲ့အချိန်မှာ အပြောင်းအရွှေ့လုပ်ရင်ပိုပြီး ဒုက္ခများနိုင်တဲ့အတွက် မပြောင်းကြနဲ့ ဝါကျွတ်ပြီးမှ ပြောင်းကြပါလို့ ပြောဆိုကြရင်းနဲ့ ဖြစ်လာတာတယ်လို့ထင်ပါတယ်။အိမ်အပြောင်းအရွှေ့ ပြုလုပ်ကြတာနဲ့ ပတ်သက်ပြီး ဗုဒ္ဓစာပေတွေမှာ အထူးမိန့်တော်မူထားတာ မရှိပေမယ့် အိမ်သစ်တက်တဲ့အခါ မြို့ရွာအသစ်တည်တဲ့ အခါတွေနဲ့ ပတ်သက်ပြီးတော့ ပြောထားတာလေးတွေတော့ရှိပါတယ်။ 
 

ဗေဒင် ကျမ်းဂန်မှာတော့ အိမ်မဆောက်သင့်တဲ့လ အိမ်မပြောင်းသင့်တဲ့ လ ဆိုပြီး ယေဘူယျ တစ်နှစ်စာ ရှိသလို ၊ တစ်ဦးချင်း တစ်ယောက်ချင်းစီအတွက် လည်းရှိပါတယ် ။ဗေဒင် ကျမ်းဂန်တွေမှာကတော့ အိမ်ဆောက်မယ်ဆိုရင် ။
 
၁ တန်ခူးလ ~ အိမ်ဆောက်ရင် ချမ်းသာကြွယ်ဝတတ်သည်။ 
၂ ကဆုန်လ ~ အိမ်ဆောက်ရင် ဆန်းစပါး ပေါကြွယ်ဝတတ်သည်။ 
၃ ဝါခေါင်လ ~ အိမ်ဆောက်ရင် ဥစ္စာတိုးပွား တတ်သည်။ 
၄ နတ်တော်လ ~ ထင်ပေါ်ကျော်ဇော်တတ်သည်။ 
၅ ပြာသိုလ ~ လူတစ်ကာ ချီးမွန်းလေးစား တတ်သည်။ 
၆ တပေါင်းလ ~ အိမ်ဆောက်ရင် ချမ်းသာ တတ်သည်။
 
 လို့ ဆိုပြီး အိမ်ဆောက်သင့်တဲ့ ၆ လ ဆိုပြီး ပြဆိုထားပါတယ်။ ဝါတွင်းကာလမှာ အိမ်မဆောက်ရဘူးလို့တော့ ဘယ်ဗေဒင်ကျမ်းဂန်မှာမှ မတွေ့ရပါဘူး။ဘယ်နက္ခတ် ၊ ဘယ်ရာသီ ၊ ဘယ်တိထီ ၊ ဘယ်အခါမှ မဆောက်သင့်ဘူးဆိုတာမျိုးပဲ ရှိပါတယ် ။အိမ်ထောင်ပြု ခြင်း နဲ့ ပတ်သက်ပြီး ပြောရရင်တော့.... မထိမ်းမြားသင့်တဲ့ ၆ လရှိပါတယ်။ (၁ )ဝါဆိုလ၊(၂ )ဝါခေါင် ၊(၃) တော်သလင်း ၊(၄) နတ်တော် ၊(၅ )ပြာသို၊( ၆ )တပေါင်း လ တို့ကို ရှောင်ရမည်လို့အဆိုရှိပါတယ်။ ထိမ်းမြားသင့်တဲ့ ၆ လ ကတော့ (၁) တန်ခူး ၊(၂ )ကဆုန် ၊(၃) နယုန်၊( ၄ )သီတင်းကျွတ် ၊(၅ )တန်ဆောင်မုန်း ၊(၆ )တပို့တွဲ လတို့ပဲ ဖြစ်ပါတယ်။ 
 
ဒါကြောင့် ဝါတွင်းကာလဘာမလုပ်ရ၊ ညာမလုပ်ရစတဲ့ အယူအဆတွေဟာ အရိုးစွဲနေတဲ့ ရှေးအယူအဆများ ဖြစ်ပြီး ဗေဒင်နက္ခတ်အယူအဆမဟုတ်တဲ့အပြင် ဘုရားဟောအယူအဆလည်း မဟုတ်တာကို  စာပေကျမ်းဂန်တို့မှာ ဖော်ပြထားပါတယ်။ အဲတော့ မိမိတို့ လုပ်စရာ ၊ကိုင်စရာကိစ္စများရှိလျှင် နီးစပ်ရာလောကီပညာရှင် ဗေဒင်ပညာရှင်များနဲ့ တိုင်ပင်ပြီးလုပ်ဆောင်လို့ရတယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ 
 
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဗဟုသုတများ
 
စီးပွားတက်မည့်အိမ်နှင့် ရေဆန်အိမ်တို့ဆိုတာ 

မြေဝယ်သူတွေ စိစစ်ရမယ့် အရေးကြီးဆုံး အချက် (၂၃) ချက် 

အိမ်နံပါတ်နှင့် သင့် ကံကြမ္မာ 

အိမ်တွေမှာ အိမ်မြှောင်စုတ်ထိုးသံကြားရင်ဘာတွေဖြစ်မှာလဲ
 
Posted By : Sint Sint (ShweProperty.com)