By Aye Sandar, Shweproperty.com
Updated at 16 July 2021
အထက်ပါအကြောင်းအရာမပြောခင် ပါမစ်မြေ (သို့) မြေပေးမိန့်ရမြေဆိုတာ ဘာလဲ ?သိပြီးသားလူတွေလည်း ရှိကြမှာဆိုပေမယ့် အနည်းငယ် Sharing လုပ်ပေးချင်ပါတယ်။ အရပ်စာချုပ်ဖြင့် အလွယ်တကူရောင်းဝယ် ချုပ်ဆိုနိုင်သဖြင့် ဝယ်ရောင်းသမားများ အကြိုက်တွေ့တဲ့ မြေအမျိုးအစား ခေါ် ပါမစ်မြေသည် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာန (ယခင် အခေါ် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန) မှ မိသားစုပုံနှင့်တကွ ထုတ်ပေးထားသောစာရွက်ကို မြေချပါမစ်ဟု ခေါ်ပါသည်။ အစိုးရမြေအဖြစ်သာ မှတ်တမ်းဝင်၍ တရားဝင်ပိုင်ဆိုင်မှုမဟုတ်ပါ။ အဆိုပါမြေပေးမိန့် (ပါမစ်မြေ)သည် မြေပိုင်ဆိုင်ခွင့် မြေငှားဂရန် မဟုတ်ပေ။ အရပ်စာချုပ်ဖြင့်ချုပ်ဆိုနိုင်ပြီး အလွယ်တကူရောင်းဝယ်နိုင်သောကြောင့် ရောင်းအားကောင်းသော မြေအမျိုးအစားဖြစ်သော်လည်း မြေငှား ဂရန်မြေ လျှောက်ထားမှု ပြီးဆုံးခြင်းမရှိခင် အချိန်အထိ ပိုင်ဆိုင်မှုအထောက်အထား ခိုင်လုံခြင်းမရှိပါ။ မြေစာရင်း ၁(က) စာရင်းတွင် ပါမစ်မြေကို ယာယီသဘောဖြင့် ရေးမှတ်ထားကြသည်။အာဏာပိုင်အဖွဲ့က စီမံ ခန့်ခွဲရေး နည်းလမ်းအရ လွယ်ကူစေရန် ချထားပေးခြင်း သဘောသာ ဖြစ်သည်။မြေပိုင်ဆိုင်ခွင့် ဂရန် ဆက်လက်ဆောင်ရွက်နိုင်ရေး ချထားပေးခြင်း ဖြစ်ပါသည်။ မြေကွက်တွင် နေထိုင်ခွင့်ပါမစ် ရရှိသူတို့က အရပ်သဘောဖြင့် မနေထိုင်လို၍ ငှားရမ်းခြင်း၊ လွှဲပြောင်း ရောင်း ချခြင်းများ ပြုလုပ်လျက်ရှိကြသည်။ ပါမစ်မြေကို လွှဲပြောင်းရောင်းချသည့်အခါ ဂရန်မြေကဲ့သို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်စာချုပ်ချုပ်ဆို၍မရနိုင်ပေ။ ထို့ကြောင့်ဝယ်သူအနေနဲ့ အရောင်းအဝယ်စာချုပ်အဆင့်အဆင့်ကို တောင်းထားရန်လိုအပ်ပေမည်။ သို့သော် ကာလစည်းကမ်းဉပဒေအရ ရေရှည်တွင်အငြင်းပွားဖွယ်များ ပေါ်ပေါက်နိုင်သဖြင့် မြေပေးမိန့် ပါမစ်တွင် ပါဝင်သော စည်းကမ်းချက်များအတိုင်း ငှားရမ်းခြင်းမျိုး ပြုမူဆောင်ရွက်ရန် မသင့်တော်ပါ။မဖြစ်မနေဝယ်ယူမည်ဆိုပါကလည်း ပါမစ်တွင် လွှဲပြောင်းရောင်းချခွင့်ပြု/ မပြုကို သေချာစွာစိစစ်ပြီးမှ ဝယ်ယူသင့်ပါသည်။ စာရွက်စာတမ်း အတုပြုလုပ်ပြီး ရောင်းချမှုအလွန်များသည့် မြေအမျိုးအစားလည်း ဖြစ်သည့်အတွက် ဝယ်ယူသည့်အခါ မြေချပါမစ် မှန်ကန်မှုရှိ/မရှိ သက်ဆိုင်ရာမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာန၊ စည်ပင်သာယာရေး ကော်မတီ မြေယာဌာန၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနတို့တွင် သွားရောက်စစ်ဆေးပြီး မှန်ကန်စိတ်ချရပြီဆိုမှ ဝယ်ယူသင့်ပါသည်။ အကယ်၍ပါမစ်တွင် မြေကွက်ကို လွှဲပြောင်းရောင်းချခွင့်ရှိသည်ဟု ပါရှိပါက ပြင်ပလူတစ်ဦး အနေဖြင့် ဝယ်ယူနိုင်ပါသည်။ ပါမစ်တွင် လွှဲပြောင်းရောင်းချခွင့်မပြုဟု ပါရှိပါက ပြင်ပပုဂ္ဂိုလ်အနေဖြင့် ဝယ်ယူရန်မသင့်ပါ။ အကြောင်းမှာ ဂရန်လျှောက်ထားသည့်အခါ သက်ဆိုင်ရာက ဝယ်ယူနေထိုင်သူ ပြင်ပ ပုဂ္ဂိုလ်အား ဂရန်ထုတ်မပေးပါက ယင်းမြေကွက်အပေါ် ပိုင်ဆိုင်မှု ရရှိမည်မဟုတ်၍ ငွေကြေးဆုံးရှုံးမှုအရလည်း ပိုများနိုင်ပါသည်။ မြေကွက်များသည် တစ်နှစ်ထက်တစ်နှစ် ကာလတန်ကြေးအတက်များသဖြင့် ဝယ်ယူသည့်အချိန်က ပေါက်ဈေးနှင့် မှတ်ပုံတင်သည့်အခါ ဖြစ်ပေါ်လာသော ပေါက်ဈေးတို့ ကွာဟချက်ရှိသည်ဆိုသည့် အချက်ကိုလည်း ဝယ်သူအနေဖြင့် ကြိုတင်သတိထားသင့်ပါသည်။ ပါမစ်မြေကွက် ရောင်းချသူကို ဆက်သွယ်ရရှိ၍ ဂရန်လျှောက်ထားပေးပါက ယင်းဂရန်ရရှိသည့်အခါ ပါမစ်အမည်ပေါက်သူနှင့် ဝယ်သူတို့ အနေဖြင့် မှတ်ပုံတင်စာချုပ် စာတမ်းထပ်မံချုပ်ဆိုရမည်ဖြစ်ပါသည်။ အခွန်အခနှင့် တခြားသောကုန်ကျစရိတ်များလည်း ရှိလာနိုင်ပါမည်။ ရောင်းချသူထံမှ ယင်းမြေကွက်နှင့်စပ်လျဉ်းသော အထူးကိုယ်စားလှယ်လွှဲစာ (Special Power) ကို ရယူထားပါက ဂရန်လျှောက်ထားခြင်း စာချုပ် စာတမ်းပြုလုပ်ခြင်းတို့ကို ဝယ်ယူသူက ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ပါမစ်မြေကွက်ဝယ်ယူရာတွင် ရောင်းချသူ၏ နိုင်ငံသား စိစစ်ရေးကဒ်ပြားမိတ္တူနှင့် သန်းခေါင်စာရင်း မိတ္တူ တို့ကိုလည်း တောင်းယူထားရန် လိုအပ်ပါသည်။ အကြောင်းမှာ ဂရန်လျှောက်ထားသည့်အခါ သက်ဆိုင်ရာက ပါမစ်မြေကွက်ရှိသူ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူနှင့် သန်းခေါင်စာရင်းမိတ္တူတို့ကိုတောင်းခံလာပါက အလွယ်တကူ အဆင်သင့် တင်ပြနိုင်ရန် ဖြစ်ပါသည်။(စာဖတ်သူများ ဗဟုသုတ တစ်စုံတစ်ရာ ရရှိရန်အလို့ငှာ မှီးငြမ်းတင်ပြပေးလိုက်ပါသည်) ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ လူနေတိုက်ခန်းများ ပြိုကျပျက်စီးလျှင် အခန်းပိုင်ရှင် အတွက် ပိုင်ဆိုင်မှု အာမခံချက် ရှိ၊မရှိ အများပြည်သူပိုင်လမ်းပေါ်တွင် အဆောက်အအုံတစ်ခုမှ ကျူးကျော်ဆောက်လုပ်ခွင့် ရှိလား အကွက်ရိုက်ရောင်းတဲ့ မြေကို ဝယ်လိုသူများ အထူး သတိပြုစရာ မြေမဝယ်မှီ သိထားသင့်၊ သိထားထိုက်သော အကြောင်းအရာများ Written By : Aye Sandar (ShweProperty.com) Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ