By The Irrawaddy, Shweproperty.com
Updated at 31 August 2015
နိုင်ငံတော် သမ္မတအမိန့်ဖြင့် ရွှေတိဂုံစေတီအနီးတွင် ဆောက်လုပ်ခွင့်များ ဖျက်သိမ်းခံခဲ့ရသည့် အဆောက်အအုံ စီမံကိန်းများအတွက် မြေနေရာအစား ပြန်ပေးခြင်းကို ယခုနှစ်မကုန်ခင် အပြီးသတ်ဆောင်ရွက်ပေးမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ သတင်းရရှိသည်။
ဒဂုံစီးတီး – ၁ စီမံကိန်း အပါအဝင် ရွှေတိဂုံစေတီအနီးရှိ ဖျက်သိမ်းခံခဲ့ရသော ဧရိယာ အကျယ်အဝန်း ၇၂ ဧက ခန့်ရှိ အထပ်မြင့် စီမံ ကိန်း ၅ ခု၏ လုပ်ငန်းရှင်များကို မြေနေရာများ ပြန်လည် ရှာဖွေခိုင်းထားကြောင်း၊ ၎င်းတို့ တင်ပြလာသော စိတ်ကြိုက်နေရာကို သက် ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းစိစစ်၍ စီမံကိန်းအတွက် အစားပြန်ပေးမည် ဖြစ်ကြောင်း MIC အတွင်းရေးမှူး ဦးအောင်နိုင်ဦး က သြဂုတ် ၂၆ ရက် တွင် MIC ရုံးခန်း၌ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်က ပြောကြားခြင်း ဖြစ်သည်။
လက်ရှိတွင် လုပ်ငန်းရှင်များက တင်ပြလာသော မြေနေရာများအတွက် မြေပိုင်ဆိုင်သည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် စိစစ်ခြင်း၊ မြေငှားရမ်းခများ ပြန်လည်ညှိနှိုင်းခြင်းတို့ ရှိနေပြီဖြစ်သော်လည်း မည်သည့်ကုမ္ပဏီကိုမျှ ခွင့်မပြုရသေးကြောင်း၊ ယခုနှစ် မကုန်ခင်တွင် အပြီးသတ် ဆောင်ရွက်သွားနိုင်လိမ့်မည် ဖြစ်ကြောင်းလည်း ဦးအောင်နိုင်ဦးက ပြောဆိုသည်။
ဦးအောင်နိုင်ဦးက“အစိုးရ အနေနဲ့ သူတို့တောင်းခံတဲ့ နေရာလေးတွေကို ပြန်ကြည့်ပြီးတော့မှ ဘယ်ဌာနက ပိုင်သလဲ၊ ဘယ်ဌာနက ဘာတွေ အသုံးပြုဖို့ ရှိသလဲ၊ ဒါတွေကို ညှိနှိုင်းဆဲပဲ ရှိပါသေးတယ်။ ဘယ်သူ့ကိုမှ အတည်မပြုရသေးပါဘူး”ဟု သတင်း မီဒီယာများကို ပြောသည်။
တဖက်တွင် ယင်းစီမံကိန်းများအတွက် မည်သည့် မြေနေရာများကို အစားထိုး ပြန်ပေးမည် ဆိုသည့်အချက်ကလည်း အရေးကြီးကြောင်း မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များ အသင်း၏ ဒုဥက္ကဋ္ဌ ဦးမော်လင်းက ဧရာဝတီကို ပြောသည်။
“ရန်ကုန်မြို့ကြီးက အရမ်းကြပ်တည်းနေတယ်။ ရှင်းရှင်းပြောရရင် ရန်ကုန်မြို့လယ်ခေါင်လို နေရာမျိုးမှာ ဘာပရောဂျက်မှ မလုပ် သင့် တော့ဘူး ဆိုတဲ့အထိ ကျနော်တို့က မြင်နေတယ်။ ခံစားနေရတယ်။ ဒီအတွေ့အကြုံတွေက ပြဿနာပေါ့နော်။ ဘာခေါ်သလဲ ဆိုတော့ Bad Example ပေါ့။ ဒီလို ဆိုးဝါးတဲ့ အတွေ့အကြုံတွေဟာ သူများနိုင်ငံတွေမှာ ဖြစ်ခဲ့ပြီးပြီ။ ဒီလို Rapid Growth တွေ၊ Rapid Developments တွေ ဘန်ကောက်တို့ ဘာတို့ဆိုတာ ၁၀ နှစ်လောက်၊ ၁၅ နှစ်လောက် အကြီးအကျယ်ခံရတာ မြို့သူမြို့သား တွေက။ အဲဒီဟာတွေကို ကျနော်တို့က လိုက်မမှားဖို့လိုတယ်”ဟု ဦးမော်လင်းက ပြောဆိုထားသည်။
ရွှေတိဂုံစေတီ အနီးရှိ ကာကွယ်ရေး ဝန်ကြီးဌာနပိုင်မြေတွင် ဖွံ့ဖြိုးမှု လုပ်ငန်းများ ဆောင်ရွက်ရန် တင်ဒါအောင်မြင်ခဲ့သာ ကုမ္ပဏီများမှာ Marga Landmark Development ၊ သုခရတနာ ကုမ္ပဏီလီမိတက်၊ ရွှေတောင်ဖွံ့ဖြိုးမှု ကုမ္ပဏီလီမိတက်၊ Adventure Myanmar Tours and Incentives ကုမ္ပဏီလီမိတက်တို့ဖြစ်ပြီး ဟိုတယ်များ၊ ကုန်တိုက်များ၊ စီးပွားရေးလုပ်ငန်းဌာနများ၊ လူနေ အိမ်ခန်း အဆောက်အအုံများနှင့် ရုံးအဆောက်အအုံများ ပါဝင်သည့် စီမံကိန်းများ လုပ်ဆောင်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
ယင်းစီမံကိန်းများကြောင့် ရွှေတိဂုံစေတီတော်ကို အဝေးမှဖူးမြင်နိုင်သည့် မြင်ကွင်းလမ်းကြောင်းများ ကွယ်သွားစေနိုင်ကြောင်း၊ စီမံ ကိန်း များအတွက် မြေတူးဆွခြင်း၊ အဝီစိတွင်း တူးဖော်ခြင်းတို့ကြောင့် သဘာဝ ဂေဟစနစ်များ ယိုယွင်းပြီး စေတီတော်၏ ကုန်းမြေကြံ့ခိုင်မှုကို ထိခိုက်စေနိုင်ကြောင်း ဗိသုကာ ပညာရှင်များနှင့် ဘူမိဗေဒ ပညာရှင်များက အစပြု ဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆွေးနွေးပြီး စီမံကိန်းများကို ပြန်လည်သုံးသပ်၍ အများပြည်သူပိုင် နေရာများအဖြစ် သတ်မှတ်ပေးရန် အစိုးရ တာဝန်ရှိသူများ ထံသို့ ၂၀၁၅ ခုနှစ် မေလအတွင်းက တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဇူလိုင်လ ၇ ရက်နေ့ ရက်စွဲဖြင့် ပညာရှင်များ၏ သုံးသပ်ချက်များအပြင် ရဟန်းရှင်လူ ပြည်သူများ၏ ကန့်ကွက်မှု၊ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် MIC ကလည်း စီမံကိန်းများအား ဆက်လက် ဆောင်ရွက်ရန် မသင့်ကြောင်း တင်ပြလာမှုများကြောင့် စီမံကိန်း ရင်းနှီးမြှုပ်နှံသူများနှင့် နှစ်ဦးနှစ်ဖက် ညှိနှိုင်းမှုများအရ စီမံကိန်းများကို အပြီးသတ် ရပ်ဆိုင်း ရန် ဆုံးဖြတ်ကြောင်း၊ လုပ်ငန်းရှင်များဘက်မှ နစ်နာမှုမရှိရန် MIC က ညှိနှိုင်းပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ဒဂုံစီးတီး-၁ စီမံကိန်းကို ပြည်တွင်းမှ သုခရတနာ ကုမ္ပဏီလီမိတက်နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် Marga Landmark က ၎င်းတို့အား အစားထိုး ပြန်ပေးမည့် မြေနေရာသည် မရမ်းကုန်းမြို့နယ်အတွင်းရှိ နေရာတခု ဖြစ်သည် ဟူသော သတင်းထွက်ပေါ်လာခြင်းအပေါ် မဟုတ်မမှန်ကြောင်း ဇူလိုင် ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သေးသည်။
၎င်းတို့၏ ထုတ်ပြန်ချက်တွင်“မရမ်းကုန်းမြို့နယ်တွင် မြေအစားထိုးပြန်ပေးခြင်းနှင့် ပတ်သက်၍ Marga Landmark နှင့် မြန်မာနိုင်ငံ တော် အစိုးရအဖွဲ့ကြားတွင် မည်သည့် ဆွေးနွေးပြောဆိုမှုမှ ပြုလုပ်ခဲ့ခြင်းမရှိပါ”ဟု ဆိုထားသည်။
Ref : The Irrawaddy
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ