By The Trade Times, Shweproperty.com
Updated at 21 September 2015
ရွှေလင်ပန်းတန်ဖိုးနည်း အိမ်ရာစီမံကိန်း၏ ကျန်ရှိနေသည့် အိမ်ရာ အပိုင်း နှစ်ခုအား ဒီဇင်ဘာလအတွင်း အပြီးသတ် တည်ဆောက်သွားနိုင်ရန် မျှော်လင့်ထားကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
”လက်ရှိမှာ အပြီးသတ်နိုင်အောင် ဆောင်ရွက်နေပါ တယ်။ အခုချိန်မှာတော့ အိမ်ရာစီမံကိန်းက ၈ဝ ရာခိုင်နှုန်းကျော် ပြီးစီးနေပါပြီ”ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရွှေလင်ပန်းတန်ဖိုးနည်း အိမ်ရာစီမံကိန်းအား ၂ဝ၁၃ ခုနှစ်၌ စတင်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ လက်ရှိ ရန်ကုန်မြို့တွင်း လူနေသိပ်သည်းမှု များကြောင့် ယင်းပြဿနာများအား ဖြေရှင်းနိုင်ရန် တန်ဖိုးနည်း အိမ်ရာများ ဖော်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းစီမံကိန်းအား အပိုင်း သုံးပိုင်းခွဲကာ ဆောင်ရွက်လျက် ရှိကာ ပထမပိုင်းကို ၂ဝ၁၄ ခုနှစ်တွင် ရောင်းချခဲ့ပြီး ဖြစ်ရာ ကျန်ရှိနေသည့် အပိုင်း (၂) နှင့် အပိုင်း (၃) စီမံကိန်းအား ၂ဝ၁၅ ခုနှစ် နှစ်ကုန်တွင် အပြီးသတ် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာစီမံကိန်း၏ အပိုင်း (၁)အား အခန်း ခြောက်ခန်းတွဲ၊ လေးထပ်တိုက် ၂၄ လုံးအား ၂ဝ၁၄ ခုနှစ်တွင် အပြီးတည်ဆောက်ကာ အရစ်ကျစနစ်ဖြင့် ပြည်သူ များထံ ရောင်းချခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ အခန်းပေါင်း ၅၇၆ ခန်း ပါဝင်ပြီး တန်ဖိုးနည်း တိုက်ခန်းတစ်ခန်း၏ ရောင်းချ သည့် တန်ဖိုးမှာ သိန်း ၁ဝဝ မှ သိန်း ၁၂ဝ ဝန်းကျင်ရှိခဲ့ကြောင်း သိရသည်။
”အပိုင်း (၁) ရောင်းတုန်းက အရစ်ကျစနစ်ကိုမှ မဲနှိုက်ပြီး ရောင်းပေးတာပါ။ အဲဒီမှာ လိုအပ်ချက်တွေ များခဲ့တယ်။ အခု အပိုင်း (၂) နဲ့ အပိုင်း (၃) မှာတော့ အရင်ထက် ပိုကောင်းတဲ့ စနစ် နဲ့ ရောင်းချနိုင်ဖို့ စီစဉ်နေတယ်”ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာစီမံကိန်း အပိုင်း (၁) အား ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလတွင် အပြီးသတ် တည်ဆောက်ခဲ့ပြီး နောက်ပိုင်း ဝယ်ယူလိုသူများအား လျှောက်လွှာ ခေါ်ယူခဲ့ရာ ဇူလိုင်လ နောက်ဆုံးပတ်တွင် လျှောက်လွှာခေါ်ဆိုမှုများကို ရပ်ဆိုင်းခဲ့သည်။ ထို့နောက် အဆင့်ဆင့် ဆောင်ရွက်ခဲ့ပြီး နိုဝင် ဘာလတွင် လျှောက်လွှာတင်ထားသူများအား မဲနှိုက်စနစ်ဖြင့် ရောင်းချပေးခဲ့သည်။
”တန်ဖိုးနည်းအိမ်ရာဆိုပြီး လိုချင်ခဲ့တာ၊ လျှောက်လွှာလည်း တင်ပါတယ်။ မရခဲ့ဘူး။ လျှောက်လွှာတင်ရတာလည်း အရမ်း ခဲယဉ်းတယ်။ တင်တဲ့သူတွေလည်း အရမ်းများတယ်။ အပြင်မှာ လျှောက်လွှာ ပြန်ရောင်းစားတာတွေတောင် ရှိခဲ့တယ်။ နောက် ထပ်ရောင်းဖို့ ရှိတယ်လို့လည်း သိရတယ်။ ပြည်သူတွေအတွက် ရောင်းပေးမယ်ဆိုရင် ပြည်သူတွေ အလွယ်တကူ ဝယ်နိုင်မယ့် စနစ်မျိုးကို လုပ်ဆောင်ပေးသင့်တယ်”ဟု မရမ်းကုန်းမြို့နယ် တွင် နေထိုင်သူ မတင်မာလွင်က ပြောသည်။
မကြာခင် ပြီးစီးတော့မည့် ရှစ်ခန်းတွဲ၊ လေးထပ် ၁၄ လုံးနှင့် လေးခန်းတွဲ လေးထပ် သုံးလုံးပါ အပိုင်း (၂) စီမံကိန်း၊ ခြောက်ခန်းတွဲ လေးထပ် ၂၁ လုံးပါ အပိုင်း (၃) စီမံကိန်းတို့အား ဒီဇင်ဘာလတွင် အပြီးသတ်ဆောက်လုပ်နိုင် ရန် ကြိုးစားလုပ်ဆောင်လျက်ရှိပြီး အပိုင်း နှစ်ခုအတွက် အခန်း ပေါင်း ၁,ဝဝဝ တိတိ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာစီမံကိန်းအား လှိုင်သာယာ မြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်အနီး၊ ရွှေလင်းပန်းရွာ အဟောင်း မြေနေရာ၌ တည်ဆောက်နေခြင်းဖြစ်ပြီး ¤င်းစီမံကိန်းအား ၂ဝ၁၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိ၌ တန်ဖိုးနည်းအိမ်ရာအဖြစ် ရန်ကုန်တိုင်းဒေသကြီး အတွင်း ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာနှင့် ကျန်စစ်မင်း တန်ဖိုး နည်း အိမ်ရာတို့အား တည်ဆောက်လျက်ရှိကြောင်း သိရ သည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ