By News Watch, Shweproperty.com
Updated at 7 January 2020
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ် ၁၉ ရပ်ကွက်တွင်ဖော်ဆောင်နေသည့် သိန်း ၃ဝ တန် နေအိမ်များကို ၂ဝ၂ဝ ပြည့်နှစ် နှစ်သစ်ကူးအချိန် အခါသမယဖြစ်သည့် ဇန်နဝါရီ ၁ ရက်မှစတင်ကာ လူနေထိုင်ခွင့်များခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းတည်ထောင်သူ ဒေါ်ဗန်လီဇာအောင်က ပြောသည်။
''အားလုံး ၂၆၄ ဦးကို နေထိုင်ခွင့်တွေ စပေးလိုက်ပါပြီ။ အစိုးရဘက်က လမ်းတွေ ရေမြောင်းတွေ လုပ်ပေးမယ့်အစီအစဉ်က မပြီးသေးပေမဲ့ သူတို့အိမ်တွေကို ပြုပြင်ဖို့ ထိန်းသိမ်းဖို့ကျတော့ နေဖို့လိုတယ်။ တချို့ကျတော့လည်း အိမ်ငှားနေကြရတာဆိုတော့ အခက်အခဲရှိနေတယ်။ ဒါကြောင့် နေဖို့ခွင့်ပြုပေးလိုက်တာ ပါ။ ပြီးတော့မှ အိမ်မှာနေပြီး ပြုပြင်သွားရင်းနဲ့ ကျန်တာဆက်လုပ်လို့ရတာပေါ့။ မဟုတ်ရင် လူမရှိရင် ဖွံ့ဖြိုးရေး လုပ်ရတာအခက်အခဲရှိလို့ပါ။ လမ်မီးတွေကတော့ လွန်ခဲ့တဲ့လကတည်းက အကုန်ရနေပြီ။ ရေတွင်းတွေကို ဘုံအတွက် စက်ရေတွင်းတူးထားပေးတယ်။ ဒါပေမဲ့ အစိုးရက ရေကို ဂျိုးဖြူပိုက်သွယ်ဖို့ရယ်၊ လမ်းလုပ်ဖို့ ရယ်ကျတော့ အိမ်ရာထဲမှာ လူစုံတော့မှ လုပ်လို့ရမှာ။ မီတာတွေချိတ်ဖို့၊ မီတာလျှောက်ဖို့လုပ်ရမှာ ဆိုတာကလည်း လူနေဖို့လိုလို့ ခွင့်ပြုပေးလိုက်တာ'' ဟု ၎င်းက ပြောသည်။
ရွှေပြည်သာမြို့နယ် အမှတ် ၁၉ ရပ်ကွက်တွင်ဖော်ဆောင်နေသည့် ယင်းစီမံကိန်းသည် ဝင်ငွေနည်းသူများ၊ နေထိုင်စရာအခက်အခဲရှိသူများအတွက် ရည်ရွယ်ကာ တိုင်းအစိုးရနှင့် ပျိုမေ့အိမ်အသင်းတို့ ပူးပေါင်း အကောင်အထည်ဖော်နေသည့် တန်ဖိုးနည်းအစုအဖွဲ့ပိုင်အိမ်ရာများအနက်မှ တခုဖြစ်သည်။ ထိုစီမံကိန်းများ ဖော်ဆောင်ရာတွင် တိုင်းအစိုးရက မြေနေရာ၊ ရေ၊ မီး၊ လမ်း စသည့် အခြေခံအဆောက်အအုံများ ပံ့ပိုးပေးမည်ဖြစ်ကာ ပျိုမေ့အိမ်က နေထိုင်ရေးအခက်အခဲရှိသူများစာရင်း ပြုစုကောက်ခံခြင်း၊ ငွေစုငွေချေးဖွဲ့စည်းခြင်းနှင့် ချေးငွေရရှိရေးဆောင်ရွက်ပေးသည့် ဖော်ဆောင်သည့်စနစ်ဖြစ်သည်။
ရွှေပြည်သာမြို့နယ်ရှိ စီမံကိန်းအတွက် နေအိမ်ဝယ်ယူနေထိုင်လိုသည့် အိမ်ထောင်စု ၂၆၄ ဦးအား တဦးလျှင် ကျပ်သိန်း ၃ဝ နှုန်းဖြင့် KEB Hana Microfinance Limited မှ ၂ဝ၁၉ ခုနှစ် စက်တင်ဘာလအတွင်း ချေးငွေများ ထုတ်ပေးခဲ့ပြီး ၎င်းအိမ်ထောင်စုများအတွက် ကျပ်သိန်း ၃ဝ တန် ၁၈ ပေ x ပေ ၃ဝ၊ ၁၆ ပေ x ပေ ၃၄ ရှိသည့် မြေနေရာ အကျယ်အဝန်းများတွင် ၁၆ ပေ ပေ ၃ဝ၊ ၁၂ ပေ ၃၂ အကျယ်အဝန်းရှိ နေအိမ်များတည်ဆောက် ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ နေအိမ်များတွင် ဝယ်ယူနေထိုင်ခွင့်ရရှိသူများသည် နှစ် ၃ဝ နေထိုင်ခွင့်ရရှိမည်ဖြစ်ပြီး ချေးငွေများကိုလည်း သတ်မှတ်နှုန်းထား၊ သတ်မှတ်ကာလအတိုင်း ပြန်လည်ဆပ်ကြရန် စည်းမျဉ်းစည်း ကမ်းများသတ်မှတ်ထားကြောင်း သိရသည်။ လက်ရှိတွင် နေအိမ်ဝယ်ယူသူများအား ဇန်နဝါရီ ၁၅ ရက်အထိ ရွှေ့ပြောင်းနေထိုင်ခွင့်၊ နေအိမ်ပြင်ဆင်ခွင့်များပြုထားပြီး ယင်းနောက်ပိုင်းတွင် အိမ်ရာကော်မတီ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးအဖွဲ့များ ဖွဲ့စည်းခြင်းကိစ္စ၊ နောက်ဖေးရေမြောင်းတည်ဆောက်ရေးကိစ္စ၊ လမ်းနယ်နိမိတ်သတ် မှတ်ခြင်းကိစ္စ၊ လုံခြုံရေးကိစ္စ၊ သန်းခေါင်စာရင်းကိစ္စ၊ လျှပ်စစ်မီတာရရှိ ရေးကိစ္စရပ်များ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။
Ref & Photo Credit : News Watch
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ