By Myanmar Times, Shweproperty.com
Updated at 28 December 2015
ရွှေပြည်သာမြို့နယ် စက်မှုလမ်းနှင့် ပိတောက်လမ်းထောင့်တွင် ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီက ဆောက်လုပ်ထားပြီးဖြစ်သည့် တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများကို ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့က လက်ငင်းငွေချေစနစ်ဖြင့် မဲနှိုက်ရောင်းချ ပေးသွားမည်ဟု ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင် နီယာဌာန (အဆောက်အအုံ) ဌာနမှူး ဦးသန်းဌေးက ပြောသည်။
"ရန်ကုန်တိုင်းက သူတို့ဆီမှာပဲ လျှောက်ခိုင်းတယ်။ ဆောက်တာတော့ စည်ပင်က ဆောက်တာပါ၊ လိုအပ်ချက်ရှိရင်တော့ များများဆောက်ပြီး ရောင်းရမှာပေါ့။ မဲနှိုက်ပြီး ရောင်းမယ်။ ရောင်းမယ့်ဈေးနှုန်းကို စည်ပင်ကတွက်ပေးရတယ်၊ စည်ပင်က ဆောက်တယ် ဆိုပေမယ့် သူတို့ဘတ်ဂျက် နဲ့ သုံးထားတာဆိုတော့ ဗိုလ်ဗထူးလိုပဲ သူတို့ ကပဲ မဲနှိုက်ရောင်းပေးမှာပါ။ အခုရောင်းမယ့် ရွှေပြည်သာက အခန်းတွေက ပြန်ရောင်းစားမှာစိုးတာရယ်၊ နေရာဦးမယ့်လူတွေ ပေါ်လာမှာစိုးလို့ ဝယ်ခွင့်ရတာနဲ့ ငွေတစ်ခါတည်း လက်ငင်းရှင်းပြီး နေရုံပဲ။ ၁၄ ပေအကျယ်အခန်းတွေပါ "ဟု ၎င်းက ပြောသည်။ ရွှေပြည်သာ တန်ဖိုးနည်းအိမ်ရာကို ရှစ်ခန်း တွဲ ခြောက်ထပ်တိုက်လေးလုံး ဆောက်လုပ်ထားပြီး အခန်းတစ်ခန်းလျှင် ၁၄ ပေအကျယ် ၃၅ ပေအရှည်ရှိပြီး စတုန်းရန်းပေ ၄၉၀ အကျယ်အဝန်းရှိသည့် အခန်းများဖြစ်သည်။
စုစုပေါင်း အခန်း ၁၉၂ ခန်းကိုအထပ်အလိုက် တန်ဖိုးသတ်မှတ်ပြီး လက်ငင်းငွေချေစနစ်ဖြင့် မဲနှိုက် ရောင်းချပေးမည်ဖြစ်သည်။
ရောင်းချပေးမည့် ဈေးနှုန်းများမှာ မြေညီ ထပ် ၁၇၄ သိန်း၊ ပထမထပ် ၁၅၄ သိန်း၊ ဒုတိယထပ် ၁၄၄ သိန်း၊ တတိယထပ် ၁၃၃ သိန်း၊ စတုတ္တထပ် ၁၂၂ သိန်းနှင့် အပေါ်ဆုံးထပ် ၁၀၉ သိန်း သတ်မှတ်ထားပြီး ဒီဇင်ဘာ ၁၄ ရက်မှ ဒီဇင်ဘာလ ၂၂ ရက်အထိ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး စာပေးစာယူဌာနတွင် ငွေကျပ်တစ်ထောင်ပေးသွင်းကာ လျှောက်ထားနိုင်သည့် အတွက် တိုက်ခန်းဝယ်ယူရန် လာရောက်လျှောက်ထားသူ များပြားလျက်ရှိကြောင်း သိရသည်။ "ဗိုလ်ဗထူးတုန်းကလည်း လျှောက်ပြီးပြီ။ အခုလည်းထပ်ပြီးတော့ ဝယ်လို့ရမလားလို့ လျှောက်လွှာလာတင်တာပါ၊ လျှောက်လွှာပုံစံတွေထဲမှာ ဈေးနှုန်းတွေကို တစ်ပါ တည်း ကြေညာထားပါတယ်။ "အစိုးရအဖွဲ့ရုံးရှေ့က ဖြတ်သွားတုန်း တိုက်ခန်းလျှောက်လို့ ရတယ်ဆိုတဲ့ စာကပ် ထားတာ တွေ့တာရယ် ရောင်းမယ့် နေရာ က ကျွန်တော်နေတဲ့ မြို့နယ်ထဲမှာပဲ ဆိုလို့ လာလျှောက်တာပါ၊ ဒီနေ့က လျှောက်လွှာ နောက်ဆုံးရက်ဆိုတော့ လာလျှောက်တဲ့သူ များပါတယ်"ဟု တိုက်ခန်းများကို ဝယ်ယူ ရန် လျှောက်လွှာလာရောက်တင်သွင်းခဲ့သည့် ရွှေပြည်သာမြို့နယ်မှ ကိုမြင့်ဦးက ပြောသည်။ အသင့်ဆောက်လုပ်ထားပြီးဖြစ်သည့် တိုက်ခန်းများ ဖြစ်သည့်အတွက် ငွေချေပြီး သည်နှင့် တစ်ပြိုင်နက် အသင့်တက်ရောက်နေနိုင်ရန် စီစဉ် ထားခြင်းဖြစ်ပြီး တိုက်ခန်းဝယ်ယူရန် လျှောက်ထားသူများပြားလာသည် နှင့်တစ်ပြိုင်နက် တန်ဖိုးနည်းတိုက်ခန်းများ ကိုလည်း ဆက်လက်ဆောက်လုပ်သွားရန် ရည်ရွယ်ထားကြောင်း သတင်းရရှိသည်။
"ဘယ်သူမဆို လျှောက်ပြီး ဝယ်လို့ရပါ တယ်၊ ဘယ်သူဘယ်ဝါ ရယ်လို့ ကန့်သတ်ချက် မထားထားပါဘူး။ တိုက်က လေးလုံးဆောက် ထားတော့ အပြင်လူရော၊ ဝန်ထမ်းတွေကိုပါ မျှပေးမယ်ထင်ပါတယ်၊ ဝန်ထမ်းတွေ အနေနဲ့ လျှောက်ရင်တော့နှစ် ၂၀ ကျော်ရင်တော့ ပိုပေါက်ဖို့ အခွင့်အရေးများပါလိမ့်မယ်။ ဝန်ထမ်းအနေနဲ့ မလျှောက်ဘဲ ကိုယ့်ဘာသာကိုယ် ကံစမ်းမဲထည့်လို့ပေါက်ရင်လည်း ပေါက်နိုင်မှာပါ၊ ဗိုလ်ဗထူးတို့ ဗိုလ်မင်းရောင် တို့ကို ရောင်းပေးခဲ့သလို ရောင်းပေးမှာပါ၊ အပြင်လူမို့လို့ဆိုပြီး ကန့်သတ်ချက်မထားပါဘူး" ဟု ဦးသန်းဌေးက ပြောသည်။
Ref : Myanmar Times
Photo Credit : mmbiztoday
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ