By myanmar times, Shweproperty.com
Updated at 16 October 2014
မြန်မာ့ ထုံးတမ်းအစဉ်အလာအရ ဝါကျွတ်ချိန် ရောက်ပြီဆိုတာနဲ့ အိမ်ရာထူထောင်ဖို့ စီစဉ် ထားသူတွေ လက်ထပ်မင်္ဂလာပွဲတွေလုပ်ကြ သလို မိုးလေကင်းကင်းနဲ့ အိမ်ပြောင်းဖို့စီစဉ်ထားသူတွေလည်းအိမ်အပြောင်းအရွှေ့တွေလုပ်ကြပါတယ်။ နှစ်စဉ် ဝါလကင်းလွတ်ချိန်တိုင်းမှာ အိမ်ပြောင်းရွှေ့မှုတွေများတတ်ပြီး ၂၀၁၄ ခုနှစ်ကတော့ ပိုမိုများပြားသလို မြို့စွန် ဘက်ကို ပြောင်းလာကြတာများတယ်လို့ အကျိုး ဆောင်လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
"မနှစ်ကထက်စာရင် ဒီနှစ်က အိမ်အပြောင်းအရွှေ့ပိုများတယ်။ အခုသီတင်း ကျွတ်လပြည့်ကျော်လေးငါးရက်လောက် အထိ အိမ်ပြောင်းတာတွေ တော်တော်လုပ်နေ ရပြီ၊ ပိုများလာဦးမယ်လို့ထင်ပါတယ်" လို့ ဗဟန်းမြို့နယ်အခြေစိုက် ရောင်ခြည်သစ် အိမ်အပြောင်းအရွှေ့ ဝန်ဆောင်မှုလုပ်ငန်း ပိုင်ရှင် ဦးခင်မောင်အေးက ပြောပါတယ်။ လတ်တလောအနေအထားအရ ဒဂုံမြို့ သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) နဲ့ လှိုင်သာယာစတဲ့ မြို့စွန်မြို့နယ်တွေဘက်ကို ပြောင်း ရွှေ့ကြတာတွေများပြီး မြို့အနေအထားပိုမိုကောင်းမွန်လာတာကြောင့်ဖြစ်တယ်လို့ အကျိုးဆောင်တွေက ပြောပါတယ်။
"မြို့စွန်တွေမှာလည်း အခြေခံအဆောက်အအုံဖြစ်တဲ့လမ်းတွေကပိုကောင်းလာတယ်။ လျှပ်စစ်မီးဆိုရင်လည်း အရင်ကထက် စာရင် ကောင်းလာပြီ။ အဲဒီတော့ လူတွေက အသုံး စရိတ်ကိုလျှော့လာကြတယ်။ ဥပမာ ဪ မြို့လယ် ကလူတွေက တာမွေတို့၊ သင်္ဃန်းကျွန်းတို့ ဘက်ကို ပြောင်းကြတယ်။
သင်္ဃန်းကျွန်းမှာက အခုဆိုရင် ကန်ထရိုက်တိုက်တွေလည်းပေါလာပြီ။ တော်ရုံတန်ရုံအခန်းလေးကိုတစ် သိန်းခွဲ၊ နှစ်သိန်းနဲ့ ငှားလို့ရတာပေါ့။ တောင်ဥက္ကလာမှာလည်း ဈေးတွေတက်တယ်။ အဲဒီကလူတွေက မြောက်ဒဂုံကို ပြောင်းကြ တယ်။ ဖြန့်ပြီးနေလာတဲ့သဘောပေါ့" လို့ ဦးခင်မောင်အေးကပြောပါတယ်။
လှိုင်သာယာက အိမ်ရာဝင်းတွေဖြစ်တဲ့ နဝဒေးဥယျာဉ်အိမ်ရာ၊ ပန်းလှိုင်ဂေါက်ကွင်း အိမ်ရာစတဲ့နေရာတွေကိုလည်း ပြောင်းရွှေ့ နေထိုင်မှုတွေ ရှိနေပြီလို့ ပြောကြပါတယ်။ လှိုင်သာယာမြို့နယ်က လုံးချင်းအိမ်တွေက မြို့တွင်းဘက် အချက်အချာကျတဲ့ နေရာတွေ ရဲ့ ကွန်ဒိုတိုက်ခန်း တစ်ခန်းငှားစာနဲ့ ညီမျှပေမယ့် ခြံဝင်းထဲမှာလုံးချင်းအိမ်နဲ့ နေထိုင်လို့ရတာကြောင့် လူကြိုက်များတယ်လို့လည်း အကျိုးဆောင်တွေက ပြောပါတယ်။ ဝါရင့်အိမ်ခြံမြေအကျိုးဆောင် ကိုမင်းမင်း စိုးကလည်းအရင်တုန်းက မြို့စွန်ကျတယ်လို့ ယူဆပြီး နေထိုင်ဖို့သိပ်မစဉ်းစားကြပေမယ့် တဖြည်းဖြည်းနဲ့ မြို့စွန်ဘက်ကို ရွှေ့ပြောင်းနေထိုင်တာတွေများလာတယ်လို့ ပြောပါတယ်။
"အရင်တုန်းက သွားရေးလာရေး ခက်ခဲ တာရယ်၊ စည်စည်ကားကားမရှိတာရယ်၊ ပတ်ဝန်းကျင်အခြေအနေတွေရယ်ကြောင့် မြို့စွန်တွေကို မသွားချင်ကြဘူး။ အခုတော့ မြို့စွန်ဘက်မှာလည်းအခြေခံအဆောက်အအုံဖွံ့ဖြိုးလာတော့ ပြောင်းနေကြတာတွေ တဖြည်းဖြည်း များလာတယ်။ဒီလို အိမ်အပြောင်းအရွှေ့များတဲ့အချိန်ကျ သိသာတာပေါ့" လို့ သူကပြောပါတယ်။ ရွှေ့ပြောင်းကြ တဲ့အထဲမှာ အိမ်ငှားသမား တွေများပြီး အိမ်အငှားဈေးတွေ ပိုတက်လို့ ပြောင်းကြတယ်ဆိုတာထက်နေထိုင်စရိတ် လျှော့သုံးချင်လို့ ပြောင်းတဲ့လူတွေ များတယ် လို့ အကျိုးဆောင်တွေက ပြောပါတယ်။
"အငှားဈေးတွေကတော့ ဝါကျွတ်မတိုင်ခင် ကတည်းက တရိပ်ရိပ်တက်နေတာ။ ဝါကျွတ် ဆိုတော့ဈေးတက်ပေမယ့် သိသိသာသာမဟုတ်ဘူး။ ဘာလို့ပြောင်းကြလဲဆိုရင်တော့ မြို့တွင်းဘက်တွေမှာစီးပွားရေးလုပ်တာများလာတဲ့အပြင် နိုင်ငံခြားသားငှားဖို့ကို အဓိကထားလာကြတော့ အခန်းကိုနည်းနည်း ပြင်ဆင်ပြီး ဈေးကိုတင်ထား ကြတယ်။ မြို့ထဲ မှာ အခန်းငှားဖို့ဆို မလွယ်တော့ဘူး။အပေါ် လွှာတွေတောင် နှစ်သိန်းခွဲ၊ သုံးသိန်းဆိုတော့ သွားလာရတာ လွယ်မယ်ဆိုရင် မြို့စွန်ကိုပဲ ပြောင်းနေကြတော့တယ်။ မြောက်ဒဂုံကတော့ လောလောဆယ် လူကြိုက်အများဆုံးပေါ့" လို့ ကိုမင်းမင်းစိုးက ပြောတယ်။
မြို့ထဲခြောက်မြို့နယ်မှာ တိုက်ခန်း အကျယ် အဝန်းပေါ်မူတည်ပြီး ငှားရမ်းခက တစ်လကို ပျမ်းမျှသုံးသိန်းကနေ ရှစ်သိန်းအထိရှိနေပါတယ်။ မြေညီထပ်တွေဆိုရင် ကျပ် ၁၀ သိန်း ဝန်းကျင်အထိဈေးဆိုလာကြပါတယ်။ ကွန်ဒို တိုက်ခန်းတွေရဲ့ ငှားရမ်းခကတော့ အနည်း ဆုံး ကျပ် ၁၅ သိန်းကနေ ကျပ်သိန်း ၂၀ ဝန်းကျင် ထိရှိပါတယ်။ စမ်းချောင်းဘက်က မြေနီကုန်းမှာ စတု ရန်းပေ ၅၀၀သာသာရှိတဲ့ အထပ်မြင့်တိုက်ခန်း တစ်ခန်းကို တစ်လ ကျပ်နှစ်သိန်း သတ်မှတ်ကြ တယ်လို့အကျိုးဆောင်တွေက ပြောတယ်။
တာမွေနဲ့ ကျောက်မြောင်းမြို့နယ်တွေက လည်း စီးပွားရေးလုပ်ငန်းတွေအတွက် ရေပန်း စားလာပြီးမြေညီထပ်အခန်းငှားခတွေက ကျပ် ခြောက်သိန်းကနေ ရှစ်သိန်းဝန်းကျင် အထိ ပေါက်ဈေးတွေရှိနေကြပါပြီ။ "အခန်းတွေက ငှားမယ်ဆိုရင် အနည်းဆုံး ခြောက်လစာချုပ်ရတော့ ငွေပမာဏက ကြီးတယ်။ တစ်လတစ်သိန်းသက်သာရင်တောင် စုပေးရတဲ့အခါဆိုရင် တော်တော် သိသာသွားပြီ"လို့ လှိုင်မြို့နယ်မှာနေထိုင်တဲ့ မသော်တာက ပြောတယ်။ အိမ်စပေါ်တင်ပြီး ငှားရရင်တော့ သက်သာပေမယ့် စပေါ်ငွေလက်ခံပြီး ငှားတဲ့အိမ်ရှင်မျိုး လည်း ရှားလာတယ်လို့ အကျိုးဆောင်တွေက ပြောပါတယ်။
"ဒီလကုန်ရင်တောင် အိမ်ထပ်ပြောင်းရတော့မှာမို့လို့ အိမ်အသစ်ရှာနေရပြီ။ မြို့စွန် ဘက်ထွက်နေရင် အငှားစရိတ် နည်းမှာသိပေ မယ့် အလုပ်နဲ့လည်းနီးအောင် လှိုင်မြို့နယ်ထဲမှာပဲ နေချင်တယ်။ဒီပတ်ဝန်းကျင်မှာ ကတော့ မြေညီထပ်ကလွဲရင် ကျန်တာက တစ်သိန်းခွဲဝန်းကျင်ပါပဲ။ ငှားနေတုန်းထပ်ဈေး တက်ရင်တော့ မပြောတတ်ဘူး" လို့ မသော် တာက ပြောတယ်။ အကျိုးဆောင်တွေကတာ့ လက်ရှိအိမ်ခြံမြေ အရောင်းအဝယ်တွေက ငြိမ်သက်နေပြီး အငှားဈေးကွက်ပဲ သက်ဝင်လှုပ်ရှားနေတဲ့အတွက် အငှားဈေးတွေကတော့ အနည်းနဲ့အများဆိုသလို တက်နေဦးမယ်လို့ခန့်မှန်းကြ ပါတယ်။
အိမ်ငှားရမ်းခ မြင့်တက်မှုဟာ လွှတ်တော်ထဲမှာပါ ဆွေးနွေးစရာ ကိစ္စရပ် ဖြစ်လာပြီး အိမ်ငှားရမ်းခမြင့်တက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် နည်းလမ်းတွေ စဉ်းစားနေကြပေမယ့် လက်ရှိအချိန်အထိထိရောက်တဲ့ကိုင်တွယ်မှုမျိုးကိုတော့ မတွေ့ရ သေးပါဘူး။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ