By myanmar times, Shweproperty.com
Updated at 23 September 2014
နေအိမ်အဆောက်အအုံ ပြင်ဆင်မွမ်းမံမှုများ ကို ပြုလုပ်မည်ဆိုပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်ရခြင်း၊ ခွင့်ပြုချက်ရရန် သက်ဆိုင်ရာမြို့နယ်စည်ပင်ရုံးများတွင် လျှောက်ထားနိုင်ခြင်းတို့ကို ပြည်သူလူထုအတွင်း သိရှိမှုအားနည်းကြောင်းကျွမ်းကျင် သူများက ပြောသည်။
ယခုလပထမပတ်က ကျင်းပခဲ့သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမ အကြိမ် အစည်းအဝေး၌ ကမာရွတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြငွေက အဆောက်အအုံမွမ်းမံပြင်ဆင်မှုများအတွက် မြို့တော်ခန်းမရှိ စည်ပင်သာယာရေး ကော်မတီရုံးချုပ်တွင်သာ လျှောက်ထား ဆောင်ရွက်ကြရသောကြောင့် မြို့နယ်စည်ပင် သာယာရုံးများတွင် လက်ခံဆောင်ရွက်နိုင်ခြင်း ရှိ မရှိမေးမြန်းခဲ့ရာတွင် ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးလှမြင့်က လက်ခံဆောင်ရွက် လျက်ရှိကြောင်းဖြေကြားခဲ့သည်။
"ဒီနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စတင်ပြီး အသေးစားပြင်ဆင်ခွင့်လျှောက်ထားခြင်းတွေကိုမြို့တော်ခန်းမတစ်ခုတည်းသာမဟုတ်ဘဲ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ် ရေးရုံးတွေနဲ့ မြို့နယ်စည်ပင်သာယာရုံးတွေမှာရှိတဲ့ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ရုံးတွေမှာ အမှုတွဲတွေစိစစ်လက်ခံဆောင် ရွက်လျက်ရှိပါတယ်" ဟု ၎င်းကပြောသည်။
အသေးစားပြင်ဆင်ခွင့်ပြုမိန့်များအတွက် ပြည်သူလူထုလက်ဝယ်သို့ မြန်ဆန်စွာ ရောက်ရှိစေရန်ယခင်ကခွင့်ပြုမိန့်များကို ဌာနမှူးအဆင့်ကခွင့်ပြုမှရသည့် စနစ်အစား ယခု နှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်မှ စတင်၍ သက်ဆိုင်ရာ ခရိုင်အင်ဂျင်နီယာမှူးများက လက်မှတ်ရေးထိုးခွင့်ပြုမိန့်ထုတ်ပေးလျက်ရှိကြောင်း ဦးလှမြင့်က ပြောသည်။
"အသေးစား၊ အလတ်စား၊ အကြီးစား စသဖြင့် မွမ်းမံပြင်ဆင်မှုလုပ်ချင်တဲ့သူတွေက လျှောက်လွှာတွေတင်ရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်အထောက်အထားတစ်ခုခု လိုတယ်ဆိုရင် ဘယ်မှာနေနေ မိမိအိမ်ကို တစ်ခေါက်ပြန်၊ အထောက်အထားတွေယူပြီး မြို့ထဲတစ်ခေါက်ပြန်လာနေရတယ်။အသေး စား မွမ်းမံပြင်ဆင်မှု တစ်နိုင်တစ်ပိုင်လုပ်ငန်း တွေကို ဆောင်ရွက်ဖို့ဟာ ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နေပါတယ်" ဟု လွှတ်တော်ကိုယ်စားလှယ်ဦးမြငွေက ပြောသည်။
သို့သော် ပြည်သူများသည် နေအိမ်အဆောက်အအုံ ပြင်ဆင်ခြင်းများအတွက် မိမိတို့မြို့နယ်ရှိသက်ဆိုင်ရာစည်ပင်သာယာရုံးများသို့ သွားရောက်လျှောက်ထား ခွင့်ပြုမိန့် ရယူနိုင်သည်ကိုကျယ်ကျယ်ပြန့်ပြန့်သိရှိကြပုံ မရပေ။ "ခေါင်မိုးလဲ ချင်တာတို့၊ တိုက်ခန်းမှာ ထပ်ခိုးထည့်ချင်တာစသဖြင့် စည်ပင်သာယာ ကိုသွားပြီး လျှောက်လွှာတင်ရတယ်ဆိုတာ တော့ ကြားဖူးတယ်။ ဒါပေမဲ့ မြို့တော်ခန်းမ ကိုပဲ သွားရမယ်ထင်တာ။ မြို့နယ်စည်ပင် သာယာရေးရုံးမှာ လျှောက်လို့ရတာတော့ မသိဘူး" ဟု အလုံမြို့နယ်တွင်နေထိုင်သည့် မအိက ပြောသည်။
"အမှန်တကယ်တော့ အိမ်အသစ်ဆောက် တာလိုမျိုး လုပ်ငန်းခွင်ကြီးကြီးမားမားက တော့စည်ပင်ကိုတင်ရတာ အဓိပ္ပာယ်ရှိပေ မယ့် ရိုးရိုးအိမ်ပြင်တာ၊ ကြွေပြားကပ်တာ လောက်ကအစလျှောက်လွှာတင်ရမယ်ဆို တာက မဖြစ်သင့်ဘူးလို့ထင်ပါတယ်။ ဒီပေါ် လစီကို ပြင်သင့်တယ်ထင်တယ်" ဟု ၎င်းက ဆက်လက် ပြောသည်။
ကမာရွတ်မြို့နယ်မှ ကိုထွန်းထွန်းဦးက နေအိမ်အသေးစား ပြင်ဆင်မှုများအတွက် သက်ဆိုင်ရာစည်ပင်ရုံးများတွင် လျှောက်လွှာတင်ပြီး ခွင့်ပြုချက်ရမှ ဆောင်ရွက်ရ မည်ဆိုသည့်အချက်ကိုသိရှိသော်လည်း လျှောက်လွှာတင်ရန် မည်သည့်ပြင်ဆင်မှုများ က အကျုံးဝင်သည်ဆိုသည်ကိုမူသေချာစွာမသိကြောင်း ပြောသည်။
မြောက်ဒဂုံမြို့နယ်တွင်နေထိုင်သူတစ်ဦး ကမူ အသေးစား၊ အကြီးစား ပြင်ဆင်မွမ်းမံ မှုများအတွက်သက်ဆိုင်ရာစည်ပင်ရုံးများသို့ ကြိုတင်အကြောင်းကြားရန် နေထိုင်သူများ က အလေးဂရုပြုလေ့မရှိကြောင်း ၎င်း၏ ထင်မြင်ချက်ကို ပြောသည်။ "ကြိုအကြောင်းကြားတာမျိုးတော့ မတွေ့ ဖူးဘူး။ခွင့်ပြုချက်ယူရမယ်ဆိုတာကို သိတဲ့ လူလည်းရှိသလို မသိတဲ့လူလည်းများမှာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာတော့ အရင်ပြင်ကြတယ်။ ခွင့်ပြုချက်တင်နေရင် လည်း ကြာတာကိုး။ ပြီးမှမြို့နယ်စည်ပင်က သတင်းကြားပြီးရောက်လာလို့ ဒဏ်ငွေ ဆောင်ဆိုရင်လည်း ဆောင်ပေါ့၊ ဆိုင်းငံ့ဆို လည်း ဆိုင်းငံ့ရတာပဲ။ သိပြီးရောက်လာမှ ဒဏ်ငွေဆောင်တဲ့လူများတယ်" ဟု ၎င်းကပြောသည်။
လူနေထိုင်မှုမြင့်မားလာပြီး အထပ်မြင့်အဆောက်အအုံများဖြင့်စည်ကားလာသည့် သင်္ဃန်းကျွန်းမြို့နယ်စည်ပင်သာယာရုံးမှ တာဝန်ရှိသူတစ်ဦးက နေအိမ်အဆောက် အအုံပြုပြင်ရန် ခွင့်ပြုမိန့်လျှောက်ထားလာပါက လျှောက်ထားသူ၌ အထောက်အထားပြည့်စုံလျှင် အချိန်ကြာမည်မဟုတ်ကြောင်း၊ အရပ်စာချုပ်ဖြင့် ဝယ်ယူထားသူများက မူရင်း ပိုင်ရှင် သို့မဟုတ် အဆင့်ဆင့်ဝယ်ယူခဲ့သူဖြစ်ပါက ယခင်ပိုင်ရှင်များ၏ ပိုင်ဆိုင်မှု အထောက်အထားများ ရနိုင်သလောက်ယူ ဆောင်လာရမည်ဖြစ်ကြောင်း ပြောသည်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ