By Myanmar Property Journal, Shweproperty.com
Updated at 7 August 2013
မန္တလေးတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ စီမံကိန်းများ၊ ဇုန်များကို အမြန်ဆုံး အကောင်အထည်ဖော်ရန် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက တိုက်တွန်း ပြောကြားခဲ့သည်။
ဝန်ကြီးက မန္တလေးတိုင်းဒေသကြီးအတွင်းရှိသော တံတားဦး ဟိုတယ်ဇုန်စီမံကိန်း၊ နိုင်ငံတကာ အဆင့်မြင့် ကျောက် မျက်ဈေး စီမံကိန်း၊ မြို့သာ စက်မှုဥယျာဉ် စီမံကိန်း၊ ဧရာဝတီ ဆီမီးခုံဆိပ်ကမ်း စီမံကိန်းတို့ကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်အောင် ဆောင်ရွက်သင့်ကြောင်း၊ ၎င်းစီမံကိန်းများ ပြီးစီးသွားပါက ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်း များစွာရရှိလာနိုင်မည် ဖြစ်ကြောင်း ပြောသည်။
မန္တလေးမြို့သည် အင်အားကြီးနိုင်ငံ နှစ်နိုင်ငံကို ဆက်သွယ်ပေးမည့် တိုက်ရိုက်လမ်းကြောင်းပေါ်တွင် တည်ရှိနေသဖြင့် ထိုသို့ကောင်းမွန်သော အခွင့်အရေးကို အသုံးချကာ မန္တလေးတိုင်းဒေသကြီးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သင့်သည်ဟု ၎င်းက ပြောသည်။
"မန္တလေးတိုင်းဒေသကြီးက မြန်မာနိုင်ငံ မြေပုံမှာကြည့်ရင် တကယ့်ကို အချက်အချာကျတဲ့ နေရာမှာရှိနေပါတယ်၊ အဲဒီလို ကောင်းမွန်တဲ့အခွင့်အလမ်းတွေ ရှိနေတာကို ကောက်ယူဖို့ လိုပါတယ်၊ အမြင်ကျယ်စွာနဲ့ ကိုယ့်ဒေသအတွက် ကိုယ်အလုပ် လုပ်ဖို့ လိုပါတယ်"ဟု ဝန်ကြီး ဦးစိုးသိန်းက သုံးသပ်ပြောပြသည်။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က မြို့သာ စက်မှုဥယျာဉ် စီမံကိန်းသည် အတော်ခရီးရောက်နေပြီ ဖြစ် ကြောင်း၊ တံတားဦး ဟိုတယ်ဇုန် စီမံကိန်းကိုလည်း မကြာခင် ကာလတွင် အကောင်အထည် ဖော်မည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ပထဝီအနေအထားအရ ရရှိထားသော မန္တလေးတိုင်းဒေသကြီးသည် ပြည်ပနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်စေရေးနှင့် အတူ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကို အထူးအလေးပေး ဆောင်ရွက်မည်ဆိုပါက တိုင်းဒေသကြီး၏ ဝင်ငွေများတိုးလာမည်မှာ အမှန်ပင်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ချိတ်ဆက်လုပ်ကိုင်နိုင်ရန် ပြည်ထောင်စုဝန်ကြီးများ သြဂုတ် ၂ ရက်က မန္တလေးမြို့သို့ ရောက်ရှိလာခဲ့ကြသည်။
Ref : Myanmar Property Journal
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ