By Myanmar Builders Guide, Shweproperty.com
Updated at 6 March 2019
တစ်နှစ်ဆိုင်း အရစ်ကျစနစ်နဲ့ ရောင်းချပေးနေတဲ့ မန္တလေးမြို့ မြောက်ဘက်အစွန်းဘက် ပတ်ဝန်းကျင်က အကွက်ရိုက်မြေအချို့ သည်ရက်ပိုင်း အရောင်းအဝယ်ပြန်ဖြစ်နေတယ်လို့ နယ်ခံအကျိုးဆောင်အချို့ဆီက စုံစမ်းသိရပါတယ်။
မန္တလေး ပုသိမ်ကြီးမြို့နယ် ရှိ လယ်ယာမြေကို တရားမဝင်ကွက်သစ်ရိုက် လုပ်ဆောင်နေမှုတွေအပေါ် အာဏာပိုင်တွေဘက်က တားဆီးမှုတွေပြုလုပ်နေပြီးနောက် အဆိုပါဒေသတွေရှိ မြေအရောင်းအဝယ်ဈေးကွက် ရပ်တန့်သွားခဲ့ပါတယ်။ ဒါ့အပြင် အကွက်ရိုက်မြေဝယ်ယူပြီး ခွင့်ပြုချက်မဲ့ အဆောက်အအုံဆောက်လုပ်မှုတွေကြောင့် ဥပဒေအရ တရားစွဲဆိုခံရမှုတွေပါ ဖြစ်ပေါ်ခဲ့ပါတယ်။
သို့ပေမဲ့ လူနေအကွက်အကွင်း ကောင်းမွန်လာတာ၊ မြေဈေးနှုန်း အဆမတန် နိမ့်ကျနေတာ၊ ဝန်ထမ်းနဲ့ အခြေခံ လူတန်းစားတွေ တတ်နိုင်တဲ့ပမာဏ အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်တာစတာတွေကြောင့် မန္တလေးပုသိမ်ကြီးမြို့နယ်အတွင်းက မြေယာတွေကို ဝယ်လက်တွေ စိတ်ဝင်စားတာဖြစ်ပြီး အဆိုပါနေရာတွေမှာ ယခုရက်ပိုင်း အရောင်းအဝယ် ပြန်ဖြစ်နေတယ်လို့ နယ်ခံအကျိုးဆောင်အချို့က ဆိုပါတယ်။
နယ်ခံအကျိုးဆောင် ကိုတိုးက ‘ ခုဟာက လူက တဖြည်းဖြည်းနဲ့ စည်လာနေပြီ၊ ဘာပဲပြောပြော ကိုယ်တတ်နိုင်တာလေးနဲ့ ကိုယ်ပိုင်အိမ်လေးနဲ့ နေချင်တဲ့သူကျတော့ အဆင်ပြေတာပေါ့ ‘ လို့ ပြောပါတယ်။
ဆိုပါနေရာရှိ မြေကွက်တွေရဲ့ဈေးနှုန်းဟာ မန္တလေးမြို့ရှိ အခြားနေရာတွေက မြေဈေးနဲ့ယှဉ်ရင် လက်ရှိအချိန်မှာ အဆမတန် လျော့နည်းနေတယ်။ သည်နေ့ မတ်လ (၃)ရက် နံနက်ပိုင်းမှာ ယင်းပတ်ဝန်းကျင်မှာ မေးမြန်းခဲ့မှုတွေအရ မျက်နှာစာတစ်ပေ ကျပ် (၂)သိန်းမှ (၄)သိန်းခွဲ ပတ်ချာလည် မြေကွက်အချို့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်း ပြည်တွင်းအခြေစိုက် တရုတ်စီးပွားရေးသမားအချို့ အိမ်ခြံမြေဈေးကွက်ထဲ စုပြုံဝင်ရောက် ရင်းနှီးလာရာကစလို့ မန္တလေးအိမ်ခြံမြေဈေးကွက် ဈေးအဆမတန် ပြောင်းလဲမြင့်တက်လာပါတယ်။
မြို့တွင်းအိမ်ခြံမြေဈေး အဆမတန် မြင့်တက်လာခဲ့ပြီး သည်မြင့်မားတဲ့ဈေးနှုန်းတွေကြောင့် ကိုယ်ပိုင်အိမ်ရာမရှိတဲ့ အခြေခံလူတန်းစားဝန်ထမ်းအများအပြားအတွက် မန္တလေးမြို့မှာ နေထိုင်စရာ ကိုယ်ပိုင် အိမ်ခြံဝိုင်းလေး ပိုင်ဆိုင်ရေးဆိုတဲ့ မျှော်လင့်ချက်ဟာ အလှမ်းဝေးတဲ့ အိမ်မက်တစ်ခုလို ဖြစ်ခဲ့ပါတယ်။ မြင့်မားတဲ့ ဈေးနှုန်းကြောင့် မန္တလေးမြို့မှာ နေထိုင်စရာ ကိုယ်ပိုင်အိမ်ခြံဝိုင်းလေးပိုင်ဆိုင်ရေးဆိုတဲ့ မျှော်လင့်ချက် အိမ်မက်မက်နေသူတွေအတွက် အဆိုပါအကွက်ရိုက်မြေဈေးကွက်က လက်ရှိအချိန်အထိ ဆွဲဆောင်နိုင်ဆဲဖြစ်တာ တွေ့ရပါတယ်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ