By The Myanmar Times, Shweproperty.com
Updated at 31 August 2017
ရန်ကုန်၏ အခြားမြို့နယ်များနှင့် နှိုင်းယှဉ်လျှင် ဆိတ်ငြိမ်သည့် မြို့နယ်များအနက် တစ်ခုဖြစ်နေဆဲ တောင်ဥက္ကလာပမြို့နယ်တွင် အခန်းငှားရမ်းလိုသူ များပြားလာပြီး တိုက်ခန်းအငှားဈေးကွက် ကောင်းမွန်လာကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
၂ဝ၁၄ ခုနှစ် နှောင်းပိုင်းမှစတင်ကာ ရန်ကုန်တစ်မြို့လုံး၏ တိုက်ခန်းအရောင်းအဝယ်ဈေးကွက်မှာ တုံ့ဆိုင်းခဲ့ပြီး ယခုကာလတွင်ဆိုလျှင် ဈေးကွက်အခြေအနေမှာ အကျဘက်သို့ ဦးတည်နေသော်လည်း တောင်ဥက္ကလာပမြို့နယ်မှာမူ ကွဲပြားစွာ ဈေးကွက် ကောင်းလာနေခြင်းဖြစ်သည်။
''တောင်ဥက္ကလာက တခြားမြို့နယ်တွေထက် တိုက်ခန်းအရေအတွက်နည်းပြီး ဆိတ်ငြိမ်ရုံမက လူနေပါ သန့်တဲ့အတွက် မြို့ထဲဧရိယာကနေ မြို့လယ် မြို့တွေကို တောင်ဥက္ကလာဘက်ကို ပြောင်းလာကြသူတွေကို ဒီနှစ်ပိုင်းအတွင်း ပြောင်းလာကြတာ တွေ့လာရတယ်''ဟု အာရှ ဆောက်လုပ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။
ထို့ပြင် တောင်ဥက္ကလာရှိ တိုက်ခန်းများသည် အခြားမြို့နယ်မှ တိုက်ခန်းများနှင့် နှိုင်းယှဉ်လျှင် ပိုမိုကျယ်ဝန်းခြင်းကလည်း ဈေးကွက်ကောင်းလာရခြင်း အကြောင်းရင်းတစ်ခုဖြစ်သည်ဟု အကျိုးဆောင် များက ဆိုသည်။
''အရင်က တောင်ဥက္ကလာမှာ လုံးချင်းအိမ်တွေပဲ ရှိခဲ့ပေမဲ့ အခုနောက်ပိုင်း ကန်ထရိုက်တိုက်တွေ ဆောက်လာကြပါပြီ။ လက်ရှိအချိန်ထိ တောင်ဥက္ကလာ ရဲ့ ထူးခြားချက်က ကန်ထရိုက်တိုက်အများစုက တခြားမြို့နယ်တွေက တိုက်ခန်းတွေလို မကျဉ်းဘဲ ပေ ၂ဝ ၊ ပေ ၆ဝ မြေတွေပေါ်မှာ တိုက်ခန်းဆောက်ကြတာများလို့ တိုက်ခန်းတစ်ခန်းကို စတုရန်းပေ ၁,ဝဝဝ ကျော်ပါတယ်''ဟု သစ္စာမြေ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဒေါ်သူဇာမေက ပြောသည်။
၂ဝ၁၄ ခုနှစ် နောက်ပိုင်းမှစတင်ကာ ကန်ထရိုက်တိုက်များ အဆောက်များလာသော်လည်း လက်ရှိအထိ ယင်းမြို့နယ်တွင် အခြားမြို့နယ်များနှင့်ယှဉ်လျှင် လုံးချင်းအိမ်က ပိုများနေဆဲဖြစ်သည်။
မြို့တွင်းမြို့နယ်များနှင့် မလှမ်းလွန်းသော နေရာတွင် ရှိပြီး အခန်းငှားရမ်းခမှာလည်း သင့်တင့်သည့်အတွက် တောင်ဥက္ကလာပမြို့နယ်သည် တိုက်ခန်းငှားရမ်းသူများ နေထိုင်ရန် အကြိုက်တွေ့လာခြင်းဖြစ်သည်ဟုလည်း ဦးရန်အောင်က ပြောသည်။
''တောင်ဥက္ကလာက သဃင်္န်းကျွန်း၊ သာကေတမြို့နယ်တွေလို လူနေမကျပ်ဘဲ ကားလည်းမကျပ်တာ ကြောင့် သွားရေး လာရေးအဆင်ပြေပြီး နေထိုင်ဖို့ ရွေးချယ်သင့်တဲ့ မြို့နယ်တစ်ခုဖြစ်နေဆဲပါ''ဟု ဒေါ်သူဇာမေက ပြောသည်။
ဈေးကွက်ဝယ်လိုအား ကောင်းမွန်လာသည့်အတွက် အကျိုးဆက်အားဖြင့် တောင်ဥက္ကလာပမြို့နယ်တွင် ကန်ထရိုက်တိုက် ဆောက်လုပ်လိုသူ များလည်း များပြားနေကြောင်း ဦးရန်အောင်က ပြောသည်။
တောင်ဥက္ကလာပမြို့နယ်တွင် အချို့လမ်းမတန်း များတွင် မြေညီထပ်တိုက်ခန်း ငှားရမ်းခမှာ တစ်လလျှင် ကျပ် ၁ဝ သိန်းကျော်ရှိပြီး အတွင်းလမ်းများမှ တိုက်ခန်းငှားခမှာ အထပ်အမြင့်အပေါ် မူတည်ပြီး တစ်လ ကျပ်ငါးသိန်းမှ ကျပ်တစ်သိန်းခွဲအထိရှိကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းထံမှ သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် သံသုမာလမ်း၊ သစ္စာလမ်းနှင့် ရတနာလမ်းများမှာ အချက်အချာ ကျသော၊ စည်ကားသော လမ်းမများဖြစ်ပြီး ထိုလမ်းမများကို ဆိုင်ခန်းဖွင့်လိုသူများ ငှားရမ်းမှုများပြားကြောင်း တောင်ဥက္ကလာပမြို့နယ်အခြေစိုက် အိမ်ခြံမြေအကျိုးဆောင် ဒေါ်နွယ်နွယ်စိုးက ပြောသည်။
တောင်ဥက္ကလာသို့ ယခုနှစ်အတွင်းမှ နေထိုင်ရန် ပြောင်းရွှေ့လာခဲ့သော ကိုမျိုးသက်ထွန်းက အရည်အသွေးမီ တည်ဆောက်ထားသောတိုက်ခန်းအသစ်များနှင့် မြေတစ်ကွက်ပေါ်တွင် နှစ်ခန်းတွဲ အထပ်မြင့်ပုံစံ ဆောက်လုပ်သော ရင်ကွဲတိုက်များမဟုတ်ဘဲ လုံးချင်းတည်ဆောက်ထားသော တိုက်ခန်းများတွင် နေထိုင်လိုသဖြင့် တောင်ဥက္ကလာပမြို့နယ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
''တိုက်ခန်းလိုက်ရှာတော့ လမ်းမနဲ့နီးပြီး ဈေးနှုန်းအသင့်အတင့်ရှိတဲ့ တိုက်ခန်းမျိုးရှာရင်း တောင်ဥက္ကလာဘက်က တိုက်ခန်းတွေကို သွားတွေ့တာ။ အကြိုက်ဆုံးအချက်က တိုက်ခန်းတွေက သူများနေပြီးသားတွေမဟုတ်ဘဲ အသစ်ဆောက်ထားတာတွေ များတယ်။ တိုက်ခန်းကို ရင်ကွဲဆောက် ထားတာလည်း မဟုတ်ဘူး။ ပေ ၂ဝ ၊ ပေ ၆ဝ မြေကွက်ပေါ်မှာ ၁၈ ပေ ၊ ၅၅ ပေ တိုက်ခန်းဆောက်ထားတာဆိုတော့ ကျယ်လည်းကျယ်တယ်၊ သွားရေးလာရေးလည်း အဆင်ပြေတယ်ဆိုပြီး တောင်ဥက္ကလာကိုပြောင်းဖို့ ရွေးလိုက်တာ''ဟု ၎င်းက ပြောသည်။
Ref & Photo Credit : The Myanmar Times & Social
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ