By Myanmar Times, Shweproperty.com
Updated at 19 August 2015
ရန်ကုန်မြို့အတွင်းရှိ ပန်းခြံများတွင် ဖွင့်လှစ် ရောင်းချလျက်ရှိသော ဆိုင်ခန်း ၄၂ ခန်းကို ပြည်သူများ ကျယ်ဝန်းစွာ အနားယူနိုင်ရေး အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ (ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန)က ပြောင်းရွှေ့ဖယ်ရှားခြင်းများ ဆောင်ရွက်လျက်ရှိနေသော်လည်း အဆင့်မြင့် ပန်းခြံကြီးများရှိ ဆိုင်ခန်းများကိုမူဖယ်ရှားရန် အစီအစဉ်မရှိကြောင်း ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဩဂုတ် ၁၇ ရက်နေ့က ပြုလုပ်ခဲ့သော အထူး အစည်းအဝေး ပထမနေ့တွင် ဗဟန်းမြို့နယ် အမတ် ဒေါက်တာ ညိုညိုသင်းက ကန်တော်ကြီးဥယျာဉ်၊ ပြည်သူ့ဥယျာဉ်၊ အင်းလျားကန်ပေါင် (စိမ်းလန်းစိုပြည်) နှင့် မြကျွန်းသာအစရှိသော အဆင့်မြင့် အပန်း ဖြေ ဥယျာဉ်ကြီးများတွင် စီးပွားရေဆန်သော အဆောက်အအုံ၊ ဆိုင်ခန်းများကို လာမည့်ဘဏ္ဍာနှစ်အတွင်း ၅၀ ရာခိုင်နှုန်းလျှော့ချပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့မှုအပေါ် မြို့တော်ဝန်က ထိုသို့ ယတိပြတ်ဖြေကြားခဲ့ခြင်းဖြစ်သည်။
သို့သော် အစီအစဉ်မရှိဟု ပြောဆိုရသည့် အကြောင်းရင်းနှင့် အဆိုပါ အဆင့်မြင့် ပန်းခြံ ဥယျာဉ်ကြီးများက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအတွက် ဝင်ငွေမည်မျှရရှိသည် တို့ကိုမူ ထည့်သွင်း ဖြေကြားခဲ့ခြင်း မရှိပေ။ မေးခွန်းမေးမြန်းသူ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းကလည်း ပြည်သူများအတွက် ပန်းခြံများတွင် အပန်း ဖြေစရာနေရာ အလွန်ပင်နည်းပါးနေပြီး ဆိုင်ခန်းများကြောင့် ပန်းခြံများတွင်ရှိသော အပန်းဖြေနေရာများလည်း ကွယ်ပျောက် သကဲ့သို့ဖြစ်နေကြောင်း လွှတ်တော်တွင်း ဆွေးနွေးခဲ့သည်။ "ပြည်သူတွေ အပန်းဖြေစရာနေရာမရှိသလောက်ကို ဆိုင်ခန်းတွေနဲ့ ပြည့်နေပါ တယ်။ မြကျွန်းသာမှာဆို ရေစပ်တောင် မမြင်ရတော့ဘူး။ ပြည်သူ့ဥယျာဉ်မှာလည်း အဖိုးမဖြတ်နိုင်တဲ့ အစိမ်းရောင် နယ်မြေ တွေ ပျောက်ကွယ်သွားခဲ့ပါတယ်။ နောက်ပြီး အစိုးရအဖွဲ့ကရရှိတဲ့ ဝင်ငွေတွေကလည်း ပြင်ပပေါက်ဈေးနှုန်းတွေ၊ ကာလပေါက်ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ရင် အရမ်းကိုနည်းနေတဲ့အတွက် မရှိသင့်တော့ပါဘူး"ဟု ၎င်းကပြောသည်။ ဆိုင်ခန်းအများဆုံးရှိသည့် ကန်တော်ကြီး မျှော်စင်ကျွန်းဥယျာဉ်တွင် ဆိုင်ခန်းများမှာ တစ်နှစ်ထက်တစ်နှစ် ပေါများလာလျက်ရှိနေပြီး ဆိုင်ခန်းပိုင်ရှင်များကလည်း ဆိုင်ခန်း ငှားရမ်းခများကို အဆမတန်ဈေးနှုန်းများဖြင့် ကုမ္ပဏီကို ပေးဆောင်နေရကြောင်း မျှော်စင်ကျွန်းအတွင်း စားသောက်ဆိုင် ဖွင့်လှစ်ထားသော ဆိုင်ရှင်တစ်ဦးက ပြောသည်။ "ကျွန်တော်တို့က ဆိုင်ခန်းငှားခတွေ ဈေးကြီးကြီး ပေးငှား ထားရတာပါ။ အပြင် မှာ ငှားရတဲ့ဆိုင်ခန်းခတွေထက်ကို များပါတယ်။ အဲဒါကြောင့် ဒီထဲက ဆိုင်တွေ အကုန်လုံးက ဈေးကြီးနေကြရတာပါ။ တမင် သက်သက်ဈေးမြှင့်ထား ရတာလည်း မဟုတ်ပါဘူး။ ဆိုင်ခန်းငှားခ တစ်လကို သိန်း ဆယ်ဂဏန်းထဲမှာ ရှိပါတယ်။ အစိုးရ ကလည်း အငှားချထားတဲ့ ကုမ္ပဏီကနေ တစ်ဆင့် အမြတ်ရနေလို့ မဖယ်ရှားတာ ဖြစ်ပါလိမ့်မယ်။ အမြတ်များလို့ ဖယ်ရှားတာ မျိုးတော့ ဘယ်တော့မှ လုပ်မယ်မထင်ပါဘူး"ဟု ၎င်းကပြောသည်။ ရွှေတိဂုံဘုရား အနောက်ဖက်မုခ်နှင့် မျက်နှာချင်းဆိုင်တွင်ရှိသည် Myanmar Culture Valley ဟု အမည်ပေးထားသော ပြည်သူ့ဥယျာဉ်အတွင်း ဖွင့်လှစ်ထားသည့် ဆိုင်ခန်းပေါင်း အနည်းဆုံး ၂၀ နီးပါးရှိပြီး စားသောက်ဆိုင်ခန်းများသာမက လက်ဝတ်ရတနာ ပစ္စည်းများရောင်းသည့်ဆိုင်ခန်း၊ အလှပြင်ခန်း၊ ဖက်ရှင်ပစ္စည်းများ ရောင်းချသည့်ဆိုင်ခန်းတို့ပါပါဝင်လျက် ရှိသည်။ မြို့တော်ဝန်ဦးလှမြင့်က အဆင့်မြင့်ပန်းခြံဥယျာဉ်များက ဆိုင်ခန်းများကို လျှော့ချ ခြင်း၊ ဖယ်ရှားခြင်းမျိုးများ ဆောင်ရွက်ရန်အစီအစဉ်မရှိသော်လည်း ပန်းခြံ ၁၇ ခုရှိ ဆိုင်ခန်းများကိုမူ ပန်းခြံတိုးချဲ့ပြင်ဆင်မွမ်းမံ ခြင်းနှင့်အတူ ဖယ်ရှားဆောင်ရွက်ခြင်း လုပ်ငန်းများကို ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက ဆောင်ရွက်နေကြောင်း ပြောသည်။
"ပန်းဥယျာဉ်နှင့် အားကစားကွင်းဌာန က ထိန်းသိမ်းဆောင်ရွက်လျက်ရှိတဲ့ ပန်းခြံပေါင်း ၆၃ ခြံကို အများပြည်သူ စိတ်ကြိုက် အေးချမ်းစွာ အနားယူနိုင်ဖို့ ပြုပြင်မွမ်းမံ ခြင်း၊ အဆင့်မြှင့်တင်ခြင်းတွေ ဆောင်ရွက် ရာမှာ ပန်းခြံဧရိယာအတွင်း အရင်က ဌာန ဝင်ငွေလုပ်ငန်တွေအဖြစ် အငှားချဖွင့်လှစ် စေခဲ့တဲ့ဆိုင်ခန်းတွေကို ပြောင်းရွှေ့ခြင်း၊ နေရာအစားထိုးခြင်းတွေ ဆောင်ရွက် လျက် ရှိပါတယ်" ဟု မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန) က ပန်းခြံရှစ်ခုရှိ ဆိုင်ခန်း ၃၁ ခန်းကို ပြောင်းရွှေ့ဖယ်ရှားခဲ့ပြီး တောင်ဥက္ကလာပ မြို့နယ် ရတနာ ပန်းခြံနှင့် မြသီတာပန်းခြံရှိ ဆိုင်ခန်း ၁၁ ခန်း၊ မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံရှိ ဆိုင်ခန်း သုံးခန်း၊ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏပန်းခြံရှိ ဆိုင်ခန်း နှစ်ခန်း၊ အလုံမြို့နယ် သခင်မြပန်းခြံရှိ ဆိုင်ခန်း ခြောက်ခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် သံသုမာ ပန်းခြံရှိ ဆိုင်ခန်းနှစ်ခန်း၊ အင်းစိန်မြို့နယ် နံ့သာမြိုင်ပန်းခြံနှင့် ငွေတာရီပန်းခြံရှိ ဆိုင်ခန်း ခုနစ်ခန်းတို့ ဖြစ်သည်။
ဌာနအနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ် တွင်လည်း ပန်းခြံ ရှစ်ခုရှိ ဆိုင်ခန်း ၁၁ ခန်းကို ပြောင်းရွှေ့ဖယ်ရှားခဲ့ပြီး တောင်ဥက္ကလာပ မြို့နယ် သုမင်္ဂလာပန်းခြံရှိ ဆိုင်ခန်း နှစ်ခန်း၊ မြောက်ဥက္ကလာပမြို့နယ် ဥက္ကလာသီရိပန်းခြံရှိ ဆိုင်ခန်းနျှစ်ခန်း၊ သင်္ဃန်းကျွန်းမြို့နယ် ကျွန်းမာလာပန်းခြံရှိ ဆိုင်ခန်း တစ်ခန်း၊ ဗဟန်းမြို့နယ် ရတနာပန်းခြံနှင့် သီရိမြိုင်ပန်းခြံရှိ ဆိုင်ခန်း သုံးခန်း၊ သာကေတမြို့နယ် မြကန်သာပန်းခြံရှိ ဆိုင်ခန်း တစ်ခန်း၊ ပုဇွန်တောင်မြို့နယ် ဇေယျာမြိုင်ပန်းခြံရှိ ဆိုင်ခန်း တစ်ခန်း၊ လှိုင်သာယာမြို့နယ် လှိုင်သာယာပန်းခြံရှိ ဆိုင်ခန်း တစ်ခန်းတို့ဖြစ်ကြသည်။ ထို့ပြင်၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင်လည်း သင်္ဃန်းကျွန်းမြို့နယ်ရှိ ပြည်ထောင်စုပန်းခြံကို အဆင့်မြှင့်တင် ဆောင်ရွက်ရန် လျာထား သတ်မှတ်ထားရှိပြီး ဆိုင်ခန်း တစ်ခန်းကိုလည်း ပြောင်းရွှေ့ဖယ်ရှားရန် ညွှန်ကြားထားသည်ဟုလည်း မြို့တော်ဝန်က ထည့်သွင်းပြောကြား ခဲ့သည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ