ရန်ကုန်မြို့ရှိ အစိုးရပိုင်မြေ၊ အဆောက်အအုံများတွင် အချို့ကတိုင်းအစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင်ရှိနေပြီး ၊အချို့မှာပြည်ထောင်စုအစိုးရဝန်ကြီးဌာနက တိုက်ရိုက်ကိုင်တွယ်စီမံခန့်ခွဲနေကြောင်း သတင်းများထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ 


ယင်းကဲ့သို့နိုင်ငံပိုင် အရင်းအမြစ်များကို ပုဂ္ဂလိကသို့ အငှားချထားမှုများတွင် မြေငှားရမ်းခနည်းပါးမှု၊ ၁ ဧက ကျပ်ထောင်ဂဏန်း၊ သောင်းဂဏန်းဖြင့် ငှားရမ်းခဲ့မှု၊ နှစ် ၃ဝ၊ နှစ် ၆ဝ ကာလရှည်ငှားရမ်းထားခဲ့မှု အကြောင်းရင်းများကိုလည်း ပြည်သူ့လွှတ်တော်၊ ရန်ကုန်တိုင်းလွှတ်တော်တို့တွင် ဝေဖန်ထောက်ပြခြင်းများ ပြုလုပ်ခဲ့ကြပါသေးတယ်။ ဒါဟာနိုင်ငံတော်ပိုင်အဆောက်အအုံတွေကနေ စီးပွားဖြစ်ရဲ့လားဆိုတဲ့ အမေးကိုထောက်ပြခဲ့ခြင်းဖြစ်နိုင်ချေရှိပါတယ်။


အဆိုပါအကြောင်းရပ်များနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဒေါ်ခင်စန်းလှိုင်က ပြီါ်ခဲ့သော ၂ဝ၁၉ မတ်လအတွင်းက ပြုုလုပ်ခဲ့သော ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ အဆိုတရပ်တင်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။ 


နိုင်ငံပိုင်အရင်းအမြစ်များ အမှန်တကယ် အကျိုးရှိလာစေရေး စီမံဆောင်ရွက် ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုဖြစ်ပြီး ပြည်သူ့လွှတ်တော်ကလည်း အဆိုကို အတည်ပြုခဲ့သည်။ 
ပြီးခဲ့တဲ့ ၂ဝ၁၇ နှစ်အတွင်းက အလားတူအဆိုတရပ်ကို မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးလှဌေးကလည်း ရန်ကုန်တိုင်းလွှတ်တော်သို့ တင်သွင်းခဲ့သော်လည်း  အစိုးရ၏လုပ်ဆောင်မှုကို စောင့်ကြည့်ရန်သာလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ခဲ့ခြင်းသာဖြစ်ပါတယ်။





အထက်ပါကိစ္စရပ်များကို သက်ဆိုင်ရာ လွှတ်တော် အမတ်တွေကထောက်ပြပြောဆိုထားသော်လည်း အစိုးရက ထိထိရောက်ရောက် အကောင်အထည်မဖော်ပေးသေးနိုင်ဘူးဆိုရင်တော့  အချိန်နှင့်အမျှ တိုင်းပြည်ဘဏ္ဍာဆုံးရှုံးနေမည်သာဖြစ်သည်။


ရန်ကုန်မြို့ရှိ နိုင်ငံပိုင်အရင်းအမြစ်များတွင် အစိုးရလည်းနစ်နာ၊ လုပ်ငန်းရှင်အတွက်လည်း အလုပ်မဖြစ်၊ အများပြည်သူကလည်း အသုံးချခွင့်မရဖြစ်နေရသော စီမံကိန်းများစွာရှိနေခဲ့သည်။ ထိုအထဲတွင် မြကျွန်းသာဥယျာဉ် အဆင့်မြှင့်တင်ရေးစီမံကိန်းလည်း တခုအပါအဝင်ဖြစ်ပါတယ်။မြေ ၄၂ ဧကကို အများပြည်သူ အပန်းဖြေရာအဖြစ်ဖော်ဆောင်ရေး ၂ဝ၁၃ ဧပြီကတည်းက ကုမ္ပဏီ (၈) ခုကို နှစ် (၆ဝ) ငှားရမ်းလုပ်ကိုင်ခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။


ဒါပေမယ့်လည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC ) သို့ တင်ပြထားမှုမရှိခြင်း၊ ခွင့်ပြုချက်ထက်ကျော်လွန်ကာ အဆောက်အအုံများဆောက်လုပ်နေခြင်း၊ စာချုပ်ပါ သတ်မှတ်ချက်နှင့်မညီခြင်းတို့ကြောင့် ၂လွန်ခဲ့သော ဝ၁၆ မတ်လမှာပဲ လုပ်ငန်းစီမံကိန်းကို ယာယီရပ်ဆိုင်းခဲ့သည်။ 


၂ဝ၁၇ တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး Master Plan ရေးဆွဲခဲ့ပြီး ရန်ကုန်စည်ပင်က မြေအသုံးချစိစစ်မှုကို ကော်မတီဖွဲ့ဆောင်ရွက်ခဲ့သည်။သို့သော် ၂ဝ၂ဝ နှစ်ကုန်ခါနီးအထိ စီမံကိန်းနှင့်ပတ်သက်ပြီးပြတ်သားမှု တစုံတရာ မတွေ့ရသဖြင့် ရန်ကုန်စည်ပင်သည်လုပ်ကိုင်နိုင်စွမ်းရှိပါလျက် ၅ နှစ်တာကာလအတွင်း တိုးတက်မှုတစုံတရာ မပြုလုပ်နိုင်ခြင်းမှာ အချိန်ဆွဲကြန့်ကြာနေတယ်လို့ ရန်ကုန်တိုင်းလွှတ်တော် စီမံ/ဘဏ္ဍာရေးကော်မတီ ဥက္ကဋ္ဌဒေါ်စန္ဒာမင်းက သုံးသပ်ပြောဆိုထားသည်။ 





ယင်းကဲ့သို့ပဲ ရန်ကုန်ကန်တော်ကြီးဝင်းအတွင်းရှိ ကရဝိက်ခန်းမသည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနပိုင်ဖြစ်သည်။ ဝန်ကြီးဌာနက ကရဝိက်ခန်းမအပါအဝင် ဆက်စပ်လျက်ရှိသည့် ယာဉ်ရပ်နား နေရာအပါ မြေ ၃ ဒသမ ၄၅ ဧကကို ဇွန်လကအိတ်ဖွင့်တင်ဒါခေါ်ယူခဲ့သည်။ သို့သော်မြေဧရိယာ ပိုင်ဆိုင်မှုကိစ္စ ဝန်ကြီးဌာနနှင့် ရန်ကုန်စည်ပင်အကြား ညှိနှိုင်းစိစစ်ရန် ရှိနေသည်ဟုဆိုကာ ဇူလိုင်လတွင် တင်ဒါအစီအစဉ်ကိုယာယီဆိုင်းငံ့ထားခဲ့ပြန်ပါတယ်။ အလားတူပင် ဝန်ကြီးဌာနပိုင် အမည်ပေါက်ရသင့်ပါလျက် မရရှိသည့် စက်ရုံများလည်းရှိနေသေးသည်။ 


ကြို့ကုန်းဂုန်နီစက်ရုံဆိုလျှင် လယ်/ဆည် ဝန်ကြီးဌာနပိုင် ဖြစ်သော်လည်း ၅ နှစ်သက်တမ်းကာလအတွင်း ပိုင်ဆိုင်မှုအမည်ပေါက် ဖြစ်မလာခဲ့ကြောင်းသိရသည်။ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းရှိ သီရိမင်္ဂလာစျေးဟောင်း အဆောက်အအုံသည်လည်း ရန်ကုန်စည်ပင်က အန္တရာယ်ရှိအဆောက်အအုံအဖြစ် ၂ဝ၁၇ သြဂုတ်လအတွင်းက သတ်မှတ်ခဲ့သည်။ ထိုနေရာတွင် ၁၅ ထပ်တိုက်ဆောက်လုပ်မည်ဟူ၍ သတင်းများထွက်ပေါ်ခဲ့ပြီး ယခုအထိ နဂိုအတိုင်း ရှိနေဆဲဖြစ်သည်။ 


ထို့အတူ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန်ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံမှာလည်း ၂ဝဝ၅ ခုနှစ် မေလက ရှစ်မိုင် Junction 8 စင်တာ၊ မြေနီကုန်း ဒဂုံစင်တာတို့နှင့်အတူ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီးကတည်းက ၁၅ နှစ်တိုင်တိုင် စွန့်ပစ်ခြင်းခံထားရသည်မှာ ယနေ့အထိဖြစ်သည်။


ယင်းနေရာကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပုဂ္ဂလိကသို့အငှားချကာ စီးပွားရေးလုပ်ငန်းများ၊ ရှောပင်းစင်တာများ၊ ကုန်စည်ပြခန်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးများ ဖွင့်လှစ်နိုင်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်ကာ ၂ဝ၁၅ မတိုင်ခင်က တင်ဒါခေါ်ယူမှုတွင် ပြည်တွင်းကုမ္ပဏီတခုက တင်ဒါအောင်မြင်ခဲ့ဖူးသည်။ 





နိုင်ငံပိုင်အရင်းအမြစ်များနှင့် အဆောက်အအုံများကို ပြည်သူလူထုအကျိုးအတွက် အပြည့်အဝအသုံးချသင့်တယ်လို့ လွှတ်တော်အမတ်များက ယူဆထားသည်။ အကျိုးရှိရှိ အသုံးချရန်အတွက် နှောင့်နှေးကြန့်ကြာရသည့် အကြောင်းအရင်းများစွာလည်းရှိနေနိုင်သေးသည်။ ဌာနဆိုင်ရာများ တွင်လည်း အခက်အခဲပေါင်းများစွာ ရှိနေမည်သာဖြစ်သည်။လက်ရှိအစိုးရသက်တမ်းသည် ကုန်ဆုံးတော့မှာလည်း ဖြစ်တဲ့အတွက် ယင်းကာလအတွင်း ရန်ကုန်တိုင်းအစိုးရအနေဖြင့် ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်ရန်မလွယ်ချေ။ 


နောက်ဆုံးရ သတင်းများ


လမ်းသစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း


ဝင်ငွေနည်းပြည်သူများအတွက် ကျန်စစ်မင်းအိမ်ရာစီမံကိန်းမှ တန်ဖိုးနည်းတိုက်ခန်းများရောင်းမည်


ပြည်တော်သစ်ပြည်သူ့အိမ်ရာ အထပ်မြင့်အဆောက်အဦး


နေပြည်တော်အိမ်ခြံမြေဈေးကွက်အလားအလာ


Photo Credit : mmtimes
Posted By : Sint Sint (ShweProperty.com)