By Sint Sint, Shweproperty.com
Updated at 21 December 2020
COVID-19 ကြောင့် စိန်ခေါ်မှုများ ကြုံတွေ့နေရသော်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အလားအလာကောင်းများ ရှိနေဆဲဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒီဇင်ဘာ ၂၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ ၂၉ ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းပြောကြားရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်မတို့နိုင်ငံအနေနဲ့ COVID-19 ကပ်ရောဂါကြောင့် စိန်ခေါ်မှုတွေ ကြုံတွေ့နေရပေမဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အလားအလာကောင်းတွေ ရှိနေတုန်းပါပဲ၊ ကျွန်မတို့နိုင်ငံ တည်ရှိနေတဲ့ အာရှဒေသဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးဒေသတွေထဲမှာ ပါဝင်နေခဲ့ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေလို့ ဆိုလိုရာမှာ ဖွံ့ဖြိုးပြီး အနောက်နိုင်ငံတွေကို အများစု ညွှန်းဆိုကြပေမဲ့ အာရှဒေသအတွင်းမှာလည်း ဖွံ့ဖြိုးတိုးတက်မှုတွေ အမှန်တကယ် ဖြစ်ပေါ်နေပါပြီ။ အာရှဒေသထဲက မြန်မာနိုင်ငံအနေနဲ့လည်း တိုးတက်မှုတွေ ဖြစ်ပေါ်ရရှိခဲ့ပါတယ်။ ဒီလို တိုးတက်မှုတွေ ရရှိတာတွေကို ပြန်ကြည့်ရင် အဝတ်အထည်နဲ့ ချည်ထည်လိုမျိုး လုပ်သားအခြေပြု ကုန်ထုတ်လုပ်ငန်း၊ ပို့ကုန်အခြေပြု ကုန်ထုတ်လုပ်ငန်းတွေကြောင့် ဖြစ်တာကို တွေ့ရပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေသတွင်း နိုင်ငံများတွင် ကုန်ထုတ်လုပ်ငန်း ဆောင်ရွက်ရာ၌ ကုန်ကျစရိတ် မြင့်တက်လာမှုကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်ရန်အတွက် ပိုမိုကောင်းမွန်သည့် နေရာများကို ရွေးချယ်လာကြောင်း၊ မြန်မာနိုင်ငံ၏ မဟာဗျူဟာကျကျ တည်ရှိမှုနှင့် အာရှဒေသအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် နိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်နေမှုစသည့် ကောင်းမွန်သည့် လက္ခဏာရပ်များကြောင့် မလွဲမသွေရွေးချယ် ရင်းနှီးမြှုပ်နှံရမည့် နေရာဒေသတစ်ခုအဖြစ် ထည့်သွင်း စဉ်းစားလာကြမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ ဒါပေမဲ့ ကျွန်မတို့နိုင်ငံဘက်က ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာအောင် အခြေအနေကောင်းတွေ ဖန်တီးပေးနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့်မို့လည်း နိုင်ငံတော်အစိုးရအနေနဲ့ တာဝန်ယူမှုရှိပြီး အရည်အသွေး ပြည့်ဝရုံသာမက စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေမယ့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို စွဲဆောင်နိုင်မယ့် ပွင့်လင်းမြင်သာ ရိုးရှင်းလွယ်ကူ၊ ကြိုတင်ခန့်မှန်းနိုင်ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်းတစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုကြိုးပမ်း ဆောင်ရွက်ခဲ့တာတွေရဲ့ ရလဒ်ကောင်းတွေအဖြစ် ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့တဲ့ စီးပွားရေး လုပ်ကိုင်ရာမှာ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်မှု အစီရင်ခံစာ ၂၀၂၀ မှာ မြန်မာနိုင်ငံဟာ လွယ်ကူချောမွေ့ ဆောင်ရွက်မှုအဆင့်ကို အရင်နှစ်က အဆင့် ၁၇၁ သတ်မှတ်ခဲ့ရာ ကနေ့ ၁၆၅ အဖြစ်ကို သတ်မှတ်ခံခဲ့ရပါပြီ၊ အဆင့်ခြောက်ဆင့် တိုးတက်လာတဲ့အပြင် တိုးတက်မှုအရှိဆုံး နိုင်ငံ ၂၀ စာရင်းမှာ ပါဝင်လာခဲ့ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
ယခုဘဏ္ဍာရေးနှစ်အတွင်း ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုမှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံနီးပါး ရှိခဲ့သည့်အတွက် မြန်မာရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (MIPP) အရ မျှော်မှန်းချက်၏ ၉၈ ရာခိုင်နှုန်းနီးပါး ရရှိပြီဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
“လက်ရှိအချိန်မှာလည်း ဒေသတွင်းက ဂျပန်၊ ထိုင်း၊ တောင်ကိုရီးယားနဲ့ စင်္ကာပူလိုမျိုး မိတ်ဖက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုစီးဝင်နေပြီး အမေရိကန်နဲ့ ဥရောပနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက် ဝင်ရောက်နေဆဲ ဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံအနေနဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ အခုလို ကပ်ရောဂါကာလမှာ အစိုးရ ပုဂ္ဂလိကကဏ္ဍရဲ့ စစ်မှန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဒီထက်ပိုပြီး မြှင့်တင်ဖို့ လိုအပ်ပါတယ်။ COVID-19 ကပ်ရောဂါဟာ ကျွန်မတို့အားလုံးရဲ့ ရောင်းဝယ်မှုပုံစံတွေ၊ ကုန်ပစ္စည်း ထုတ်လုပ်မှုပုံစံတွေကို ပြောင်းလဲသွားစေခဲ့ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့ကြောင့် COVID-19 အလွန်ကာလတွင် တည်ဆောက်ခြင်သည့် စီးပွားရေး ဝန်းကျင်တစ်ရပ်ကို ဖော်ဆောင်နိုင်ဖို့ လိုအပ်သည့် အစီအမံများကို အလေးပေး ဦးတည်ဆောင်ရွက်ရန် အရေးကြီးလာပြီ ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
Credit By : news-eleven
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ