By Myanmar Times, Shweproperty.com
Updated at 19 June 2015
အဆင့်မြင့် ဈေးဝယ်စင်တာနှင့် ရုံးခန်းများပါဝင်သော အဆောက်အအုံများသည် ရန်ကုန်မြို့ မြို့လယ် ခေါင်နေရာများတွင် တဖြည်းဖြည်း ပိုမိုများပြားလာပြီး ထိုအဆောက်အအုံများ၏ အရောင်းဈေးကွက် လည်း ကောင်းမွန်လျက်ရှိသည်။
ရန်ကုန်မြို့တွင်း အချက်အချာကျသော နေရာများတည်ရှိသည့် ဒဂုံစင်တာ ၁၊ ၂၊ အက်ဖ်အမ်အိုင်စင်တာ၊ ဂမုန်းပွင့်၊ ဂျန်းရှင်း ဈေးဝယ်စင်တာများ၊ စိန်ဂေဟာ၊ United Living Mall နှင့် ယုဇနပလာဇာများကဲ့သို့ပင် ရှန်ဂရီလာလုပ်ငန်းစုပိုင် Sule Square အဆောက်အအုံကို ဆူးလေရှန်ဂရီလာဟိုတယ် ဘေးတွင် တစ်ဆက်တည်း ဖွင့်လှစ်တော့မည် ဖြစ်သည်။
ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ ဆူးလေရှန်ဂရီလာဟိုတယ်၏ ဘေးတွင်ဆောက် လုပ်ဆဲဖြစ်သည့် Sule Square အဆောက်အအုံသစ်သည် စတုရန်း မီတာ ၆,၀၀၀ ခန့်အကျယ် အဝန်းရှိပြီး လက်လီ ဆိုင်ခန်းများ၊ အစားအစာနှင့်အဖျော်ယမကာဆိုင်များဖွင့်လှစ်နိုင်မည်ဖြစ်ကာ စုစုပေါင်းဆိုင်ခန်း (၃၀)ခန့်ပါဝင်မည်ဖြစ်သည်။ ၎င်းအပြင်စားသောက်ဆိုင်နှင့် ဈေးဝယ်စင်တာကြီးများ လည်းပါဝင်သည့် နေရာတစ်ခု ဖြစ်လာမည် ဖြစ်သည်။
ကားအစီးရေ ၅၀၀ ရပ်နားနိုင်မည့် ကား ပါကင်အပါအဝင် အဆိုပါအဆောက်အအုံ၌ ဈေးဝယ်စင်တာ များနှင့် ဆိုင်ခန်းများမှာ အထပ်နှစ်ထပ်ထက် ပိုမိုပါဝင်မည်ဖြစ်ပြီး အထပ်ပေါင်း ၁၅ ထပ်တွင် ရုံးခန်းနေရာလွတ် များငှားရမ်းသွားမည်ဖြစ်၍ အကျယ်အဝန်း စတုရန်းမီတာ ၃၀,၀၀၀ ခန့်ရှိကာ Grade A အဆင့် ရုံးခန်းများ ပါဝင်မည်ဖြစ်သည်။
"အရင်တုန်းက ဆူးလေရှန်ဂရီလာဟိုတယ် ကိုလာပြီး လူတော်တော်များများက ဧည့်ခန်းမှာပဲ ဧည့်သည်တွေကို အလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ် ရုံးခန်းတစ်ခုလို လာတွေ့ကြရတယ်။ အင်တာနက် လိုင်းတွေ နေရာတိုင်းမှာ မကောင်းတဲ့ အချိန်မှာတောင် ကျွန်တော်တို့ ဒီနေရာကိုပဲ ရုံးခန်းအခွဲ တစ်ခုလို သုံးခဲ့ကြရတယ်။ အခု ဒီဆူလေစကွဲ ဖွင့်လှစ်ပြီးသွားရင်တော့ ရုံးခန်းအဆင့်မီတဲ့နေရာတွေ မှာ သူတို့ရဲ့စီးပွားရေးတွေကို ကောင်းကောင်းလုပ်နိုင်တော့မယ်လို့ မျှော်လင့်နိုင်ပါပြီ" ဟု အဆိုပါ စီမံကိန်း ၏ ရုံးခန်း၊ ဆိုင်ခန်း ငှားရမ်းခြင်းများကို ဆောင် ရွက်ပေးရသည့် Colliers International Myanmar ၏ အမှုဆောင်အရာရှိချုပ် Mr.Tony Picon ကပြောသည်။
Colliers International Myanmar ၏ လေ့လာချက်များအရ ရန်ကုန်မြို့၏ နေရာလိုအပ်ချက်သည် ၂၀၁၄ ခုနှစ်နှစ်ကုန်ပိုင်း၌ ၁၀၇,၀၀၀ စတုရန်းမီတာ ရှိခဲ့ပြီး ၂၀၁၅ ခုနှစ် တွင် နှစ်ဆတိုးမြင့်လာခဲ့သည်။ အဆင့်မြင့်ရုံးခန်းများ ပိုမိုတည်ဆောက် လာသော်လည်း ရုံးခန်းအငှားဈေးနှုန်းများမှာ ၂၀၁၄ နှစ်လယ် ပိုင်းတွင် တစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၆၈ ဒသမ ၇၅ ရှိသော်လည်း ထိုနှစ်ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၁၇ အထိ အနည်းငယ်မြင့်တက်လာကြောင်း Colliers ၏ သုတေ သနပြုချက်များတွင် ဖော်ပြသည်။ ထိုSule Square ရုံးခန်းများကိုလည်း ငှားရမ်းသွားမည်ဖြစ်ပြီး အောက်ထပ်အခန်းများအတွက် တစ်စတုရန်းမီတာလျှင် ကန်ဒေါ်လာ ၈၀ မှ ၈၅ ကြား၊ အလယ်ထပ် အခန်း များအတွက် အမေရိကန်ဒေါ်လာ ၈၅ မှ ၉၀ ကြား ကျသင့်မည်ဖြစ်ကြောင်း Mr.Tony Picon က ပြောသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ