By ဝိုင်းနန္ဒီ, Shweproperty.com
Updated at 8 January 2020
တနင်္လာရီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်းတစ်ကျွန်းကို ဟိုတယ်တစ်လုံးသာ တည်ဆောက်ခွင့်ပြုရန်ကိစ္စနဲ့ ပတ်သက်ပြီး ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ(၇)ရက်နေ့က နေပြည်တော်မှာ ရှိတဲ့ ဟိုတယ်နဲ့ခရီးသွားလာရေး ဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့ပါတယ်။
“တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ သာယာလှပတဲ့ကျွန်းတွေများစွာ တည်ရှိနေပါတယ်။ ဒီကျွန်းတွေမှာ ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းဆောင်ရွက်မယ့် လုပ်ငန်းရှင်တွေအနေနဲ့ သတ်မှတ်ထားတဲ့ ဆောင်ရန် ရှောင်ရန်တွေကို ကောင်းစွာ သိရပါမယ်။ ဒေသခံဆလုံလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို ဖော်ထုတ်မြှင့်တင်ပေးဖို့ လိုအပ်ပြီးတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိဘဲ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးတွေအတွက် ဈေးကွက် ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်သင့်ပါတယ်” လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဆိုပါတယ်။
ကျွန်းတစ်ခုချင်းစီရဲ့ သဘာဝပတ်ဝန်းကျင်အနေအထားပေါ် ကြည့်ရှုသုံးသပ်ဆောင်ရွက် သင့်ပြီး၊ တနင်္သာရီတိုင်း ဒေသကြီး ကျွန်းများခရီးစဉ်အတွက် Master Plan ရေးဆွဲဆောင်ရွက်သင့်ကြောင်း၊ မြိတ်ကျွန်းစု ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီမံခန်းခွဲရေး Master Plan ကိုသက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ လက်ရှိမှာခွင့်ပြုထားပြီးဖြစ်တဲ့ စီမံကိန်းလုပ်ငန်းတွေအပေါ်လည်း ပြန်လည်စိစစ်သုံးသပ်သင့်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဆိုပါတယ်။
အဆိုပါအစည်းအဝေးကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်နဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်နဲ့ အစိုးရပိုင်းတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်း ကျွန်းများတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် ကွင်းဆင်း စိစစ်ရေးကော်မတီဖွဲ့စည်းဆောင်ရွက်နေမှု “Tourism for All” ဆိုတဲ့ဆောင်ပုတ်နဲ့ အညီ ဒေသဖွံ့ဖြိုးတိုးတက်ရေး အလုပ်အကိုင်တိုးပွားရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မယ့် လုပ်ငန်းစဉ်တွေကို ဆောင်ရွက် နေတယ်လို့ အသိပေးပြောကြားခဲ့ပါသေးတယ်။
Written By : ဝိုင်းနန္ဒီ
Photo Credit : VOA News
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ