By kumudra, Shweproperty.com
Updated at 5 August 2014
အိမ်ခြံမြေရောင်းဝယ်ငှားဆိုင်ရာ အခွန်ကို စိစစ်ကြပ်မတ်တော့မယ် ဆိုတာကြောင့် လက်ရှိဈေးမြင့်နေတဲ့ အချိန်မှာ အခွန်လည်းလွတ်အောင် မြေကွက်ကြီးတွေကို ထုတ်ရောင်းသူတချို့ ရှိလာတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။
'လက်ရှိမှာတော့ အိမ်ခြံမြေဈေးကွက်က အကျဘက်တော့ မသွားသေးဘူး၊ ဈေးက အဆမတန်မြင့်ထားတော့ ပြန်ကျဖို့ သွားနေတာကြောင့် ဈေးကောင်းရနေတဲ့ အချိန်မှာ အခွန်တွေလာရင် လွတ်အောင်ဆိုပြီး ထုတ်ရောင်းကြတာတွေ ရှိတယ်' လို့ ရွှေစံမြတ်အကျိုးဆောင်မှ ဦးမျိုးချစ်က ပြောပါတယ်။
အရင်ကတော့ ဘိုးဘွားပိုင်မြေကွက်တွေ၊ သိန်းထောင်ကျော်တန်မြေကွက်တွေကို ပြည်ပလုပ်ငန်းရှင်တွေကို ငှားတာမျိုးနဲ့ ရင်းနှီးမြှုပ်နှံထားကြတယ်။ အခုတော့ အခွန်နဲ့ပတ်သတ်ပြီး ပုံစံပြောင်းလဲလာတာကြောင့် ပြန်ထုတ်ရောင်းကြတာလို့လည်း သုံးသပ်ကြပါတယ်။ မြေအကျယ်ပေ ၈၀ x ပေ ၁၀၀၊ ပေ ၁၀၀ ပတ်လည်စတဲ့ မြေကွက်ကျယ်ကြီးတွေ၊ ပြည်လမ်းမ၊ ရွှေတောင်ကြားလမ်း စတဲ့ ဆိတ်ငြိပ်ရပ်ကွက်တွေမှာ အရင်က ထုတ်မရောင်းတဲ့ မြေကွက်တချို့ သည်လပိုင်းမှာ ကျပ်သိန်း ၃၀,၀၀၀၊ သိန်း ၂၀,၀၀၀ ကျော် စတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းဖို့ အကျိုးဆောင်တွေကို အပ်နှံတာတွေ ရှိလာတယ်လို့ သိရတယ်။
ဆိပ်ကမ်းသာလမ်းရှိ အကျိုးဆောင် ဦးအောင်ကျော်က 'အခွန်မလိုက်ခင် ဦးအောင် ရောင်းကြတာ၊ အားလုံးက အပြောင်းအလဲတွေကို စောင့်ကြည့်နေကြတာ၊ လက်ရှိမှာ မြေဈေးက ဈေးကောင်းဖြစ်နေတဲ့ အချိန်၊ အခွန်သာ တကယ်လိုက်လာရင် ဈေးပြန်ကျဖို့လဲ ဖြစ်နိုင်နေတော့ ထုတ်ရောင်းကြတာ' လို့ သုံးသပ်ပြောဆိုပါတယ်။
အိမ်ခြံမြေရင်းနှီးမြှုပ်နှံထားသူတွေက ထုတ်ရောင်းတယ်။ ဝင်ငွေရလမ်း မပြနိုင်တဲ့သူတွေ ငွေမည်းရှိတဲ့ သူတွေက ဝယ်ကြတယ်။ ပြည်ပကလည်း လာဝယ်ကြတာတွေ ရှိတယ်လို့ ဆိုတယ်။ လက်ရှိမှာ အိမ်ခြံမြေဈေးက ငြိမ်နေပေမယ့် ၇၅ ရာခိုင်နှုန်းလောက်က ဈေးကျဖို့များနေတယ်လို့ အကျိုးဆောင်အချို့က သုံးသပ်ကြတယ်။
'ဈေးကွက်မှာ အကွက်ကြီးတွေ ထုတ်ရောင်းနေကြတယ်ဆိုတာက တကယ်အပြောင်းအလဲ သတ်မှတ်ချက်တွေ ရှိလာတော့မှ အကုန်လုံးက ထုတ်ရောင်းရင် ပြုံပြီးရောင်းမထွက်ဘဲ ရှိမှာစိုးလို့ ကြိုရောင်းကြတာ' လို့ ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က သူ့အမြင် ပြောပါတယ်။
Ref : Kumudra
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ