By EMG, Shweproperty.com
Updated at 2 September 2013
အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန် မြင့်တက်နေမှုကို ထိန်းချုပ်ရန် မြို့နယ်အလိုက် တစ်ပေပတ်လည်ပေါ် မူတည်ကာ မြေနေရာဈေးနှုန်းများ သတ်မှတ်ပြီး တံဆိပ်ခေါင်းခွန် ပေးဆောင်ရမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
ယင်းသို့ သတ်မှတ်ရာတွင် မြို့နယ်အလိုက် တစ်ပေပတ်လည်အား မြေဈေးနှုန်း သတ်မှတ်ပေးမည်ဖြစ်ပြီး အရောင်းအဝယ် ပြုလုပ်တိုင်း အစိုးရသို့ ပေးဆောင်ရမည့် တံဆိပ်ခေါင်းခွန်ကို အပြည့်အ၀ ရရှိစေရန် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။ မြို့နယ်အလိုက် 1 sqm သတ်မှတ်ရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကူညီမှုဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး မြေနေရာ ပေါက်ဈေးနှုန်းများကိုမူ အကြမ်းဖျင်း သတ်မှတ်ပြီးဖြစ်ကာ ညှိနှိုင်းလုပ်ဆောင် နေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
"အခု အရောင်းအဝယ်လုပ်တဲ့ အခါမှာ ၁၀၀ ဖိုးအတွက် အခွန်က ခုနစ်ကျပ် ကပ်ရမှာကို ဘာလုပ်လဲဆိုတော့ ၁၀၀ ဖိုး အရောင်းအဝယ် လုပ်တာကို ၅၀ နဲ့ လုပ်တယ်ပြောပြီး အခွန်ကို သုံးကျပ်ခွဲပဲ ဆောင်တယ်။ နိုင်ငံတော် အနေနဲ့ အခွန်နစ်နာတယ်။ အခု သတ်မှတ်တာကလည်း တံဆိပ်ခေါင်းခွန် အတွက်ပဲ သတ်မှတ်တာပါ။ ဥပမာ-ဝင်ဒါမီယာမှာ အရောင်းအဝယ်ဖြစ်ရင် ၁ ပေပတ်လည်ကို ၁၀၀ ဆိုရင် ၁၀၀ ဖိုးအတွက် အခွန်ဆောင်ရမယ်။ မြောက်ဒဂုံမှာ တစ်ပေပတ်လည်ကို ၂၀ ဆိုရင် ၂၀ အတွက် အခွန်ဆောင်ရမယ်။ သူ့ဟာသူ လျှော့ပဲရောင်းရောင်း၊ တိုးပဲရောင်းရောင်း သတ်မှတ် တစ်ပေ ပတ်လည်နှုန်းအတိုင်း ဆောင်ရမှာပဲ" ဟု ၎င်းကဆက်လက် ပြောကြားသည်။
ထိုသို့ သတ်မှတ်ရခြင်းမှာ လက်ရှိတွင် အိမ်ခြံမြေဈေးနှုန်းများ အဆမတန် မြင့်တက်မှုကို ထိန်းချုပ်ရန်နှင့် နိုင်ငံတော်သို့ အခွန်ပေးဆောင်မှုကို မှန်မှန်ကန်ကန် ဖြစ်စေရန် ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက် ပြောပြသည်။
"အခုလို မြို့နယ်အလိုက် မြေဈေးနှုန်း သတ်မှတ်မယ်ဆိုရင် ပိုကောင်းတာပေါ့။ ဈေးနှုန်းကို ပိုတင်လို့လည်း မရဘူး။ ဆွဲချထားလို့လည်း မရဘူး။ ဒါပေမဲ့ အရောင်းအဝယ်က အေးသွားမယ် ထင်တယ်" ဟု estate myanmar အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဟိန်းမိုးမြင့်လွင်က ဆိုသည်။
Ref : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ