By mizzima, Shweproperty.com
Updated at 28 May 2014
အိမ်ခြံမြေ တစ်ကြိမ်ထက် ပိုမိုဝယ်ယူမှု အကြိမ်တိုင်းတွင် သက်သာခွင့်များရရှိတော့မည်မဟုတ်ဘဲ သတ်မှတ်အခွန် ၃၀ ရာခိုင်နှုန်းဖြင့်သာ ပေးဆောင်ရမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ ဝင်ငွေခွန်ဥပဒေပါ ခံစားခွင့်များကို တစ်ကြိမ်ထက်ပိုမို ရယူခြင်းမရှိစေရန် အိမ်ခြံမြေဝယ်ယူမှုကို စိစစ်မည့် အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးတွင် ဇွန်လဆန်းပိုင်း၌ စတင်ဆောင်ရွက်မည်ဟု ပြည်တွင်း အခွန်များဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
အိမ်ခြံမြေဝယ်ယူရာတွင် ဥပဒေပါ ခံစားခွင့်များကို ကျော်လွန်ရယူခြင်း မရှိစေရန် အိမ်ခြံမြေဝယ်ယူမှုများကို စိစစ်နိုင်မည့် ဆော့ဝဲပရိုဂရမ်ရေးဆွဲလျက်ရှိပြီး မေလကုန်ပိုင်းတွင် ပြီးစီးမည်ဟု ၎င်းက ပြောသည်။
ပြည်တွင်းအခွန်များဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးက “ ဥပဒေပါခံစားခွင့်တွေကို အိမ်ခြံမြေဝယ်ယူသူ အနေနဲ့ တစ်ကြိမ်သာခံစားခွင့်ရမယ်။ ဒီနေ့မှာ မြေကွက်တစ်ကွက်ဝယ်ပြီး နောက်နေ့မှာ တစ်ကွက်သွား ဝယ်ရင်ခံစားခွင့်နဲ့ အကျုံးမဝင်တော့ဘူး။ ဒါကို စိစစ်လို့ရအောင် ပရိုဂရမ်တစ်ခုရေးဆွဲထားတယ်။ ဇွန်လ ဆန်းကစပြီးလည်ပတ်ဖို့ရှိတယ်” ဟု ပြောသည်။
အဆိုပါအစီအစဉ်သည် ၂၀၁၄ – ၁၅ ဘဏ္ဍာရေးနှစ်မှ စတင်ကာအကျုံးဝင်မည်ဖြစ်သည့်အတွက် အိမ်ခြံ မြေ ဝယ်ယူမှုကို စိစစ်မည့် ပရိုဂရမ်ရေးဆွဲပြီးချိန်တွင် ဧပြီလမှစတင်ကာ အိမ်ခြံမြေဝယ်ယူထားမှုများကို စာရင်းသွင်းသတ်မှတ်သွားမည်ဖြစ်ပြီး စည်းကြပ်မှုမှကင်းလွတ်နေသော ဝင်ငွေဖြင့် အိမ်ခြံမြေဝယ်ယူသူ သည် တစ်ကြိမ်သာ ဥပဒေပါခံစားခွင့်အားရရှိမည်ဖြစ်ကာ နောက်ထပ်တစ်ကြိမ်ဝယ် ယူပါကခံစားခွင့် အကျုံးဝင်တော့မည် မဟုတ်သည့်အတွက် တစ်ကြိမ်ထက်ပိုမို ဝယ်ယူထားခြင်းရှိ/မရှိ ကိုစိစစ်သွားမည်ဟု ၎င်းက ဆက်လက် ပြောသည်။
ပြည်တွင်းအခွန်များ ဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးက “ မြေကွက်တစ်ကွက်ကို မိမိနေထိုင်ဖို့ ဝယ်မယ့်သူ ဟာ ဝယ်လိုက်ရောင်းလိုက်မလုပ်ပါဘူး။ စည်းကြပ်မှုကင်းလွတ်နေတဲ့ ဝင်ငွေနဲ့ နောက်တစ်ခါထပ်ဝယ် မယ်ဆိုရင်တော့ ၃၀ ရာခိုင်နှုန်းနဲ့ပဲ အခွန်ထမ်းရမှာဖြစ်တယ်” ဟု ပြောသည်။
ပြည်ထောင်စုလွှတ်တော်တွင် ပြင်ဆင်သည့် ဝင်ငွေခွန်ဥပဒေအရ စည်းကြပ်မှုမှ ကင်းလွတ်နေသောဝင်ငွေ (ယခင် ဝင်ငွေရ လမ်းမဖော်ပြနိုင်သည့် ဝင်ငွေဟုခေါ်ဝေါ်သည် ) များကို တစ်ကျပ်မှ ကျပ်သိန်း ၅၀၀ အထိ ကို အခွန်သုံးရာခိုင်နှုန်း၊ ကျပ် သိန်း ၅၀၀မှ ကျပ်သိန်း ၁,၅၀၀ အထိ အခွန် ၁၀ ရာခိုင်နှုန်း၊ ကျပ် သိန်း ၁,၅၀၀ မှ ကျပ်သိန်း ၃,၀၀၀ အထိအခွန် ၂၀ ရာခိုင်နှုန်းအထိ သက်သာခွင့်ပေးထားပြီး ကျပ်သိန်း ၃၀၀၀ အထက်ကို အခွန် ၃၀ ရာခိုင်နှုန်းအထိပေးဆောင်ရန် အတည်ပြုထားသည်။
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း၏ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က “ တစ်ကြိမ်ပဲဝယ်ခွင့် ရှိတော့ နှစ်ကြိမ်ဝယ်လို့မရဘူးလေ။ အိမ်ခြံမြေဝယ်ရောင်းကြတဲ့အပေါ်မှာတော့ သက်ရောက်မှုတော့ ရှိမှာမဟုတ်ပါဘူး” ဟု ပြောသည်။
အဆိုပါအစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးတွင် စတင်မည်ဖြစ်သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် တိုင်းအချင်း ချင်းချိတ်ဆက်ကာ ဝယ်ယူမှုများကိုစိစစ်နိုင်ရန် ပြည်တွင်းအခွန်များဦးစီးဌာနမှ စီစဉ် ဆောင်ရွက်လျက်ရှိသည်။
Ref : Mizzima
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ