By 7days daily, Shweproperty.com
Updated at 8 February 2015
ဘီအိုတီစနစ်ဖြင့် ပုဂ္ဂလိကသို့ အငှားချထားသော တပ်မတော်ပိုင်မြေကွက်နှင့် အဆောက်အအုံများတွင် ဆောက်လုပ်မည့် အထပ်မြင့် အဆောက်အအုံအချို့ ကို ပြန်လည်စိစစ်ရန် ဆောက်လုပ်ခြင်း ခေတ္တရပ်ဆိုင်းထားရန် မြန်မာ့တပ်မတော်က ညွှန်ကြားထားကြောင်း သတင်းရရှိသည်။
၂၀၁၃-၁၄ ခုနှစ်အတွင်း မြန်မာ့တပ်မတော်မှ လေလံတင်၍ ပုဂ္ဂလိကသို့ ငှားရမ်းခဲ့သော ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့နယ် အတွင်းရှိ စစ်ထောက်ချုပ်ရုံးပိုင် အဆောက်အအုံများ အပါအဝင် တပ်မတော်ပိုင်မြေပေါ်တွင် အဆောက်အအုံ ဆောက်လုပ်ခွင့် ခေတ္တရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
‘‘အဆောက်အအုံတွေရဲ့ အထပ်အမြင့်တွေကို ပြန်လည်စိစစ်ဖို့အတွက် ခေတ္တရပ်ဆိုင်းခိုင်းထားတာ ရွှေတိဂုံဘုရားမြင်ကွင်း ကွယ်မှာစိုးလို့’’ဟု လေလံအောင်ထားသူ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
စိစစ်ရန် တည်ဆောက်မှု ခေတ္တရပ်ဆိုင်းထားသည့် အဆောက်အအုံများတွင် သုခရတနာကုမ္ပဏီမှ လေလံအောင်ထားသော ဒဂုံမြို့နယ်ကမ္ဘာအေးဘုရားလမ်းရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်ထောက်ချုပ်ရုံးပိုင် အမှတ် (၁)မော်တော်ယာဉ် တပ်ရင်း နေရာဟောင်းတွင် တည်ဆောက်နေသော ဟိုတယ်နှင့် အဆင့်မြင့် အိမ်ရာများ စီမံကိန်း၊ ရွှေတောင်ဟေးဒေးဖွံ့ဖြိုးမှုကုမ္ပဏီ (Shwe TaungHyday) က လေလံအောင်ထားသော ဒဂုံမြို့နယ်ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (ဝင်းဟောင်း) နယ်မြေတွင် တည်ဆောက်နေသော နိုင်ငံတကာအဆင့်မီ စီးပွားရေးဆိုင်ရာ အဆောက်အအုံနှင့် လူနေအိမ်ခန်းတည် ဆောက်မှု စီမံကိန်း၊ မီဂါလမ်းမတ်ဖွံ့ဖြိုးမှု ကုမ္ပဏီက ကမ္ဘာအေးဘုရားလမ်း ဒဂုံမြို့နယ်ရှိ မော်တော်ယာဉ်တပ်ရင်း (နေရာဟောင်း) တွင် တည်ဆောက်နေသည့် နိုင်ငံတကာအဆင့် မီဟိုတယ်နှင့် လူနေအိမ် တည်ဆောက်မှုစီမံကိန်း၊ ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီက လေလံအောင် ထားသော ဒဂုံမြို့နယ်ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်နေရာဟောင်း၌ ဘီအိုတီ စနစ်ဖြင့်တည်ဆောက်နေသည့် နိုင်ငံတကာအဆင့်မီ ဟိုတယ်၊ လူနေအိမ်ရာများနှင့် ဈေးဝယ်စင်တာများနှင့် အဗန်းချားမြန်မာ တိုးအန်အင်ဆန်းတစ် ကုမ္ပဏီမှ လေလံအောင်ထားသော ဒဂုံမြို့နယ် ရွှေတိဂုံဘုရားလမ်းရှိ စစ်ထောက်ချုပ်ရုံးဟောင်းနေရာ၌ ဘီအိုတီ စနစ်ဖြင့် နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့်ဟိုတယ် ၊ဈေးဝယ်စင်တာနှင့် စီးပွားရေးအဆောက်အအုံများ စီမံကိန်းတို့ ပါဝင်သည်။
မကြာသေးမီက ပြုလုပ်ခဲ့ သော ရန်ကုန်မြို့၏ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုအလုပ် ရုံဆွေးနွေးပွဲတွင် ဒဂုံမြို့နယ်အတွင်းရှိ တပ်မတော်ပိုင်အဆောက် အအုံများ၌ ဆောက်လုပ်မည့် အဆောက်အအုံများကြောင့် ရွှေတိဂုံ စေတီတော် မြင်ကွင်းပျောက်ကွယ်မည် စိုးရိမ်ကြောင်း မြို့ပြပညာရှင်များကပြောကြားခဲ့သည်။
ထို့ကြောင့်မြို့နယ်အလိုက် အဆောက်အအုံအထပ်မြင့် သတ်မှတ်ချက် စီမံကိန်းများကို အမြန်ဆုံးထုတ်ပြန်ရန်နှင့် ထိုသတ်မှတ်ချက်ပြီးမှသာ ဒဂုံမြို့နယ်အတွင်းရှိ တပ်မတော်ပိုင် မြေများတွင် ဆောက်လုပ်မည့် အဆောက်အအုံများကို ခွင့်ပြုသင့်ကြောင်း မြို့ ပြပညာရှင်ဒေါက်တာကျော်လတ်က အဆိုပါအလုပ်ရုံဆွေးနွေးပွဲ၌ အကြံပြုခဲ့သည်။
ရန်ကုန်မြို့တွင် အဆောက်အအုံများ တည်ဆောက်မည်ဆိုပါက ရွှေတိဂုံစေတီတော် မြင်ကွင်းလမ်းကြောင်းအတွင်းမကျလျှင် ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၁၉၀အထိ တည်ဆောက်နိုင်သည်။ ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာအတွင်းရှိနေပါက အမြင့်ပေ ၆၂ ပေသာ ခွင့်ပြု ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာက ထုတ်ပြန်ထားသည်။
ရွှေတိဂုံစေတီဧရိယာကို သတ်မှတ်ရာတွင် မြောက်ဘက် ၌ ဓမ္မစေတီလမ်းနှင့်ရှင်စောပုလမ်း၊ တောင်ဘက်တွင် မင်းရဲကျော် စွာလမ်း၊ မြို့ပတ်ရထားလမ်း- ရွှေတိဂုံဘုရားလမ်းဆုံ- ယောမင်းကြီးလမ်း၊ အရှေ့ဘက်တွင် အလံပြဘုရားလမ်း - တိရစ္ဆာန်ဥယျာဉ်လမ်း - ကန်လမ်း - စက်ရုံလမ်း- နတ်မောက်လမ်း-ကမ္ဘာအေးဘုရားလမ်း၊ အနောက်ဘက်တွင် ကမ္ဘာအေးဘုရားလမ်းတို့ ပါဝင်ကြောင်းသိရသည်။
Ref : 7days
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ