By The Kumudra, Shweproperty.com
Updated at 25 February 2016
မြေကစားတာ ၊ မြေဈေးမြင့်တာ ၊ ငွေကြေးခဝါချတာတွေကို အခွန်ကောက်ခံတာမျိုးနဲ့ ဖြေရှင်းတာထက်ပြန်သိမ်းတဲ့ နည်းလမ်းမျိုးနဲ့ဖြေရှင်းတာက လုပ်ငန်းမလုပ် ၊ လူမနေဘဲ ဝယ်ယူထားပြီးဈေးကစားတာတွေကို ပိုထိန်းချုပ်ရာရောက်နိုင်တယ်လို့ စီးပွားရေးကျွမ်းကျင်သူတချို့နဲ့ အကျိုးဆောင်တချို့ကပြောပါတယ်။
အမျိုးသားမြေအသုံးချမှု့မူဝါဒမှာ မြေဈေးကစားမှုနဲ့ မြေလက်ဝါးကြီးအုပ်တာတွေကို ကာကွယ်ဖို့ပိုင်ဆိုင်ထားတဲ့ဧကအလိုက် အခွန်ကောက်ခံတာမျိုးပြုလုပ်မယ့်အချက်လည်းပါဝင်တယ်။ ဧပြီကစပြီး ဝင်ငွေခွန်နှုန်းထား တိုးမြင့်ကောက်ခံတာတွေကို ထောက်ပြဝေဖန် တာတွေရှိပါတယ်။ တကယ်ဈေးကစားပြီး လက်ဝါးကြီးအုပ်ထားသူတွေကို ထိခိုက်မှုရှိစေတာထက် အောက်ခြေနဲ့ တကယ်လိုအပ်လို့ ဝယ်တဲ့သူတွေကို တိုက်ရိုက်ပိုထိခိုက်မူ့ရှိစေတာလို့ပြောပါတယ်။
စီးပွားရေးနဲ့ ဥပဒေလမ်းညွန်ဦးတင်သန်းဦး ‘အခွန်ငွေကောက်တာက ဖြစ်သင့်တဲ့အလုပ်ပါ ၊ ကောက်ခံသင့်ပါတယ် ၊ ဒါပေမယ့် အကျိုးဖြစ်စေဖို့နဲ့ရည်ရွယ်ချက်ကို ထိရောက်စေဖို့တော့လိုတယ်၊ စက်မူ့ဇုန်မြေတွေမှာတောင် မြေလွတ်တွေ ၊ လုပ်ငန်းမလုပ်တာတွေ ကို ပြန်သိမ်းမယ်ဆိုတာမျိုးအခုထိအရေးယူတာမကြားမိဘူး ၊ အိမ်ခြံမြေနဲ့ပတ်သက်ပြီး ငွေကြေးခဝါချမူ့တွေနဲ့ဆက်စပ်ပြီး အရေးယူမှုတွေ မကြားမိသေးဘူး’လို့ ပြောပါတယ်။
တချို့ကတော့ကျူးကျော်မြေတွေနဲ့ စက်မှုဇုန်နဲ့လယ်ယာမြေတွေကို အခွန်တိုးကောက်တာမျိုး ၊ ကုမ္ပဏီတွေနဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်းတွေအတွက် ချပေးထားတဲ့မြေတွေ ၊ ဌာနပိုင်(အသုံးမပြုတော့တဲ့) မြေတွေကို လုပ်ငန်းမလုပ်ရင် ၊ အသုံးမပြုတော့ရင် ပြန်သိမ်းတာမျိုး စတဲ့နည်းလမ်းတွေနဲ့ ပြုလုပ်ရင်လည်း ထိရောက်မှုရှိစေနိုင်တယ်လို့ သိရတယ်။
ဝယ်ရောင်းအကျိုးဆောင်ဦးအောင်ကျော်က ‘အခွန်ကောက်တာကို တရားဝင်ဆောင်တာ တကယ်နေတဲ့သူတွေနဲ့ ဝယ်ရောင်းသမားတချို့လောက်ပဲရှိတာ ၊ အများစုက မဆောင်ကြဘူး ၊ စက်မှုမြေတွေဆိုလဲ နှစ်တောင်ကြာပြီ ထိထိရောက်ရောက်လုပ်တာမျိုးတွေမရှိသေးဘူး ၊ ထုပ်ပြန်ထားတဲ့အတိုင်း အရေးယူရင်သင့်တင့်တဲ့ အခွန်နှုန်းထားတွေဖြစ်ရင် မြေဈေးကစားတာတွေက လျော့သွားမှာပါ’လို့ ပြောပါတယ်။
၂၀၁၄ ခုနှစ်ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ငွေမည်းနဲ့အိမ်ခြံမြေဈေးကစားရင် ထောင်ဒဏ် ၁၀ နှစ်အထိနဲ့ ဒဏ်ငွေကျပ်သန်း ၅၀၀ အထိချမှတ်နိုင်တယ်လို့ ဥပဒေပုဒ်မ ၄၃ မှာပြဌာန်းထားခဲ့ပါတယ်။ သည်လိုဥပဒေတွေရှိပေမဲ့ ငွေမည်းစီးဝင်နေတာမျိုးကို ထိထိရောက်ရောက် အရေးယူမယ် ၊ သိန်း၁၀၀၀ကျော်ရင် စိစစ်တာမျိုး ဒါတွေကို ချမှတ်ထားတာရှိပါတယ်။
အခွန်ကောက်တဲ့နှုန်းထားတွေကို ငွေကြေးပမာဏနဲ့ သတ်မှတ်တဲ့အပြင် တစ်ကြိမ်ထက်ပိုတဲ့ အမည်ပေါက်ဖြစ်နေတာတွေ ၊ဝယ်ယူတာတွေကို အခွန်တိုးမြှင့်ကောက်တာမျိုးပါပြုလုပ်သင့်တာလို့ သိရပါတယ်။ ဈေးကွက်ထဲမှာက အရပ်စာချုပ်တွေနဲ့နေတာပိုများလာနိုင်တဲ့အပြင် ပိုင်ဆိုင်မှုအရှုပ်အရှင်းတွေရှိလာနိုင်တာကိုပါ ဖြေရှင်းသင့်တဲ့နည်းလမ်းမျိုးလုပ်ဆောင်သင့်တယ်လို့ ကျွမ်းကျင်သူတချို့က သုံးသပ်ပါတယ်။ အခုလိုမျိုး အခွန်နှုန်းထားတိုးမြှင့်တာက အိမ်ပိုင်ဖြစ်ဖို့ အခွင့်အလမ်းကို ပိုနည်းစေနိုင်ပြီး အခွန်ရှောင်မှုတွေပိုများလာနိုင်တဲ့အပြင် သွယ်ဝိုက်တဲ့နည်းတဲ့အိမ်ငှားဈေးကွက်ကိုပါ တိုးမြှင့်သွားစေနိုင်တယ်လို့ အကျိုးဆောင်တချို့ထံက သိရပါတယ်။
Ref : The Kumudra
Photo Credit : hotles.com
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ