By Sint Sint, Shweproperty.com
Updated at 10 September 2020
ထိုင်းနိုင်ငံမှ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း SCG နှင့် ပြည်တွင်း ရှယ်ယာရှင် PLCI- Pacific Link Cement Industries Ltd တို့ အကျိုးတူပူးပေါင်းတည်ထောင်ထားသော MCL-Mawlamyine Cement Limited အနေဖြင့် ယခုအခါ မြန်မာရှယ်ယာရှင်နှင့် အငြင်းပွားမှုကြောင့် ထုံးကျောက်ကုန်ကြမ်းပြတ်လပ်ကာ လုပ်ငန်းလည်ပတ်မှုအား ရပ်ဆိုင်းထားရသည်ဟု MCL က သတင်းထုတ်ပြန်လိုက်သည်။
သတင်းထုတ်ပြန်ချက်တွင် SCG ဘိလပ်မြေထုတ်လုပ်သည့် လုပ်ငန်း ရပ်နားထားခြင်းကြောင့် ဒေသခံနေ့စားလုပ်သား တစ်ထောင်ခန့် အလုပ်လက်မဲ့ ဖြစ်ကုန်သည်ဟု ဖော်ပြထားသည်။
SCG က ၇၀ ရာခိုင်နှုန်း PLCI က ၃၀ ရာခိုင်နှုန်းထည့်ဝင်ထားသော ဖက်စပ်ကုမ္ပဏီ MCL သည် ၂၀၁၄ ခုနှစ်မှစတင်ကာ မွန်ပြည်နယ်၊ ကျိုက်မရောမြို့ရှိ SCG ဘိလပ်မြေထုတ်လုပ်သည့်စက်ရုံအတွက် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ရင်းနှီးမြှုပ်နှံထားသည်။
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် ရက်စွဲပါ ဖက်စပ်လုပ်ငန်းသဘောတူညီမှုစာချုပ်အရ ရှယ်ယာရှင် PLCI အနေဖြင့် ၎င်းတို့ ရှယ်ယာပါဝင်ထားသော MCL ကုမ္ပဏီကို ထုံးကျောက်ထုတ်ယူခွင့် နှင့်ပတ်သက်သည့်လုပ်ပိုင်ခွင့်အား ပေးအပ်ရန် တာဝန်ရှိသည်ဟု MCL က ဆိုသည်။
သို့ရာတွင် PLCI အနေဖြင့် ထုံးကျောက်ကုန်ကြမ်းထုတ်လုပ်မှုနှင့်သက်ဆိုင်သည့်လုပ်ပိုင်ခွင့်အား ယခုအချိန်အထိ မပေးသည့်အပြင် ထုံးကျောက်ထုတ်လုပ်သည့် မိုင်းခွဲလုပ်ငန်းခွင်သို့ MCL ကုမ္ပဏီအား ဝင်ရောက်ခွင့် ပိတ်ပင်ထားသည်ဟု သိရှိရသည်။
“လုပ်ပိုင်ခွင့်ပေးရမှာကိုလည်း မပေးဘူး။ ဒီပြသနာက နှစ်များစွာ ကြာနေပြီ။ ညှိုနှိုင်းလို့ မရဘူး။ သူတို့ဘက်ကလည်း ထုံးကျောက်ဝယ်ယူမှုအတွက်လည်း ဈေးတွေ ပိုပို တိုးတောင်းလာတယ်။ အခုလည်း သူတို့ရဲ့ ထုံးကျောက်မိုင်းခွဲတဲ့ လုပ်ငန်းခွင်ကို ကျွန်တော်တို့ကို ဝင်ခွင့်မပေးဘူး” ဟု MCL က ဖြေကြားသည်။
ဤကဲ့သို့ ထုံးကျောက်ကုန်ကြမ်းကိစ္စနှင့်ပတ်သက်၍ အဓိကရှယ်ယာရှင်ဖြစ်သည့် SCG က စင်္ကာပူနိုင်ငံ ခုံသမာဓိရုံးတွင် အဆုံးအဖြတ်ခံယူသွားမည်ဖြစ်သည်ဟု MCL ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။
MCL ကုမ္ပဏီ၏ လက်အောက်တွင် အမြဲတမ်းဝန်ထမ်း ၃၇၀ ကျော်နှင့် နေ့စားဝန်ထမ်း ၁၀၀၀ ခန့်ရှိပြီး အမြဲတမ်းဝန်ထမ်းများကို ပုံမှန်လစာဖြင့် ဆက်လက်ခန့်အပ်ထားသော်လည်း နေ့စားဝန်ထမ်းများအနေဖြင့် ကပ်ရောဂါကာလတွင် အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည်။
ထို့ကြောင့် MCL အနေဖြင့် စီးပွားရေးကို ဆက်လက်လုပ်ကိုင်ရန် ဆန္ဒရှိနေပြီး အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်းအတွက် မြန်မာအစိုးရက အကူအညီပေးရန် တောင်းဆိုခဲ့သည်။
ထို့အပြင် MCL ၏ အုပ်ချုပ်မှုဒါရိုက်တာ မစ္စတာ Hatsachai Prahanphap က ယခုဖြစ်စဉ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် သတိပေးနှိုးဆော်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုအခြေအနေကို ထိခိုက်စေနိုင်သည်ဟု ဖြည့်စွပ်ပြောဆိုထားသည်။
Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ