By The Myanmar Times, Shweproperty.com
Updated at 27 September 2017
သန်လျင်နှင့် ရန်ကုန်ဆက်သွယ်မည့် တံတားသစ် တည်ဆောက်ပြီးစီးပါက သွားလာရေး ပိုမိုလွယ်ကူမည်ဖြစ်ရာ တည်ဆောက်ဆဲကာလမှာပင် အိမ်ခြံမြေဈေးများ လှုပ်လာနိုင်ကြောင်း ပါရာဒိုက်စ် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ဦးဖြိုးသူအောင်က ပြောသည်။
''တံတားပြီးရင်တော့ ဈေးကွက်တက်လာမယ်လို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ သန်လျင်ဘက်မှာ လမ်းကအစ ပြောစရာမရှိအောင် ကောင်းနေပြီ၊ နေထိုင်လို့လည်း အဆင်ပြေတယ်။ ဒါပေမဲ့ တံတားတစ်ခုတည်းဖြစ်နေလို့ သွားလာရေးခက်တဲ့အတွက် လူသိပ်စိတ်မဝင်စားတာပဲရှိတယ်'' ဟု ဦးဖြိုးသူအောင်က ဆိုသည်။
လက်ရှိတွင် သန်လျင်သို့ ဆက်သွယ်သည့် တံတားနှစ်စင်း ရှိသော်လည်း တစ်စင်းသာ ရန်ကုန်၏ အချက်အချာမြို့နယ်များနှင့် ဆက်သွယ်ရန် အထောက်အကူဖြစ်သည်။ သန်လျင်သို့ ရန်ကုန်မြို့လည်ကောင်မှ ကားဖြင့်သွားလျှင် မိနစ် ၂ဝ ခန့်သာကြာသော်လည်း ထိုတံတားတစ်စင်းတည်းသာ လမ်းသင့်ခြင်း၊ တံတားအတက်အဆင်းတွင် ကားပိတ်ခြင်းတို့ကြောင့် သန်လျင်သည် အိမ်ခြံမြေဈေးကွက်တွင် ရေပန်းမစားခြင်းဖြစ်သည်ဟု အကျိုးဆောင်တို့က ဆိုသည်။
သို့သော်လည်း လက်ရှိ လူသုံးအများဆုံး မူလတံတားဟောင်း၏ နံဘေးမလှမ်းမကမ်းတွင် တံတားသစ်နောက်တစ်စင်း ထပ်ဆောက်ရန် အကြိုလျာထားနေပြီး ထိုတံတားဆောက်လျှင် ဈေးကွက်အခြေအနေ ပြောင်းလဲသွားနိုင်ကြောင်း သုံးသပ်ပြောဆိုနေသည်။
''သန်လျင်တံတားပြီးသွားရင်တော့ ဗိုလ်ချုပ်နဲ့အောင်ချမ်းသာကနေပြီး သီလဝါစက်မှုဇုန်ဘက်အထိ ကတော့ အလိုအလျောက်ကို တက်လာမှာပါ''ဟု သန်လျင်ရွှေမိုး အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ဦးစိုးကြီးက ပြောသည်။
လက်ရှိသန်လျင်တွင် အိမ်ငှားဈေးကွက်များ ကောင်းနေပြီး အရောင်းအဝယ်ဈေးကွက်မှာ အေးစက်လျက်ရှိကာ ကြိုက်ရောင်းကြိုက်ဝယ်အနည်းငယ်သာ အလုပ်ဖြစ်သည်ဟု ဈေးကွက်အတွင်းက စုံစမ်းရရှိသည်။
အရောင်းအဝယ်ဈေးကွက် အေးစက်ရခြင်း၏ အဓိကအကြောင်းမှာ ခေါ်ဈေးများက မြင့်နေပြီး သွားရေးလာရေးမှာ လတ်တလောတွင် မကောင်းသေး၍ဖြစ်ကြောင်း ဦးဖြိုးသူအောင်က ပြောသည်။
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်မော်မော်ထွန်းကလည်း တံတားသစ်တည်ဆောက်ပြီး သွားလာရေး လွယ်ကူလာလျှင် အရောင်းအဝယ်ဈေးကွက် ပြန်လည်တိုးတက်လာမည်ဖြစ်ကြောင်း ထပ်လောင်းမှတ်ချက်ပေးသည်။
ယခုကာလတွင် ယခင်က ကျပ်သိန်း ၄ဝဝ ပတ်ဝန်းကျင် ဈေးပေါက်သော မြေကွက်များကို ကျပ်သိန်း ၁,၂ဝဝ ခန့်အထိ ခေါ်သူများရှိနေကာ ဝယ်သူ အလွန်ရှားနေကြောင်း မေတ္တာရောင်ခြည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ဦးအောင်သန်းဝင်းက ပြောသည်။
ပြီးခဲ့သော ခြောက်လအတွင်း ကျပ်သိန်း ၆ဝဝ မှ ၁,ဝဝဝ ခန့် တန်ဖိုးရှိသော အိမ်ခြံမြေများသာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သန်လျင်ရွှေမိုး အကျိုးဆောင်က ဦးစိုးကြီးက ပြောသည်။
သန်လျင်မြို့နယ်ဘက်တွင် မိသားစုနှင့် အမှန်တကယ်နေထိုင်မည့်သူများသာ အဝယ်များပြီး သာကေတ၊ ဒေါပုံနှင့် မြောက်ဒဂုံမြို့နယ်တို့က လက်ရှိတွင် သန်လျင်ထက် ပိုရေပန်းစားနေကြောင်း အကျိုးဆောင်များက ဆိုကြသည်။
အသစ်ဆောက်မည့် သန်လျင်တံတား အမှတ်(၃) သည် ဆောက်လုပ်ရန် ကျိန်းသေမှု ရှိ/မရှိ တစ်ထစ်ချ မယုံကြည်နိုင်သေးကြောင်း ဈေးကွက် အတွင်းရှိ အကျိုးဆောင်များက ပြောကြားသည်။
အခြားတစ်ဖက်တွင်မူ လာမည့် ၂ဝ၁၈…၁၉ ဘဏ္ဍာနှစ်၌ ထိုတံတားကို ဂျပန်အစိုးရထံမှ ချေးငွေဖြင့် ဆောက်မည်ဟု သန်လျင်မြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂) ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက သတင်းမီဒီယာအချို့ကို ယခုလလယ်က ပြောကြားထားသည်။
ယခုအချိန်အထိရရှိထားသော သတင်းအချက်အလက်များအရ တံတားကို လေးလမ်းသွား တည်ဆောက်ရန် လျာထားပြီး လက်ရှိ အမှတ်(၁)တံတားဟောင်းနှင့် မီတာ ၁ဝဝ ကျော်အကွာတွင် တည်ဆောက်ရန် ကြိုတင်လျာထားကြောင်း သိရသည်။
Ref & Photo Credit : The Myanmar Times
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ