By News Watch, Shweproperty.com
Updated at 21 August 2017
ရန်ကုန်သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်ပြီး လူဦးရေ ၇ သန်းကျော် နေထိုင်လျက်ရှိသည့်အတွက် တိုးတက်များပြားလာသော လူဦးရေနှင့်အညီ မြို့သစ်များတိုးခဲျ့ရန် ကြည့်မြင်တိုင် တဖက်ကမ်း၊ တွံတေး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်များရှိ ဧရိယာမြေ ဧကသုံးသောင်းပေါ်တွင် မြို့သစ်စီမံကိန်းတခုကို စတင်တော့မည် ဖြစ်သည်။
ရန်ကုန်မြို့၏ လူဦးရေတိုးပွားမှုနှုန်းသည် နောင် ၁၀ နှစ်အတွင်း လူဦးရေ ၁၀ သန်းအထက်ရှိမည်ဟု ခန့်မှန်းထားသည်။
''ရန်ကုန်မြို့ရဲ့ တိုးပွားနေတဲ့ လူဦးရေကို လျှော့ချနိုင်ဖို့အတွက် မြို့သစ်စီမံကိန်းကြီးတခုကိုလည်း ဆောင်ရွက်ဖို့ရှိပါတယ်။ ဒီအတွက် ကြည့်မြင်တိုင်တဖက်ကမ်းက ရန်ကုန်မြို့သစ်စီမံကိန်းကိုလာမယ့် ပွင့်လင်းရာသီမှာ စတင်အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်''ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြော သည်။
ယခင်အစိုးရလက်ထက်ကလည်း ရန်ကုန်အနောက်ဘက်ခြမ်း တွံတေးမြို့နယ်၊ ဆိပ်ကြီးခနောင် တိုမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်များတွင် ဧရိယာဧက ပေါင်းနှစ်သောင်းကျော်ရှိသည့် မြို့သစ်စီမံကိန်းတခု အကောင် အထည်ဖော်ရန် စီစဉ်ခဲ့သေးသည်။ ရန်ကုန် အနောက်တောင်ဒေသဖွံ့ဖြိုးရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီ၊ Business Capital City Development ကုမ္ပဏီ၊ ရွှေပုပ္ပါးအပြည်ပြည်ဆိုင်ရာဆောက်လုပ်ရေးကုမ္ပဏီတို့ စုပေါင်းဖွဲ့စည်းထားသည့်လုပ်ငန်းစု (Consortium)ကို စီမံကိန်းအကောင်အထည်ဖော်ခွင့်ပြုခဲ့သည်။
ယင်းမြို့သစ်စီမံကိန်းသည် ပြည်သူလူထုအတွက် အကျိုးမရှိသည့် စီမံကိန်းဖြစ်သည်ဟုဆိုကာ တိုင်းလွှတ်တော် တွင် ကန့်ကွက်မှုများရှိခဲ့ပြီး အကောင်အထည်မဖော်နိုင်ခဲ့ချေ။ သို့ရာတွင် ယင်းမြို့သစ်စီမံကိန်းသည် လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ပထမဦးစားပေးလုပ်ငန်းစီမံကိန်းအနေဖြင့် ပြန်လည်ပါဝင်လာခဲ့သည်။
''အရင်အစိုးရလက်ထက်တုန်းကတော့ မြို့သစ်စီမံကိန်းဟာ မဟာဗျူဟာ စီမံကိန်းကြီးမှာ အနောက်တောင် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအနေနဲ့ပါလာတာ။ အခု ဒီအစိုးရလက်ထက်မှာလုပ်မယ့်စီမံကိန်းက အဲဒီ အနောက်တောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဟုတ်၊ မဟုတ်တော့ အန်တီလည်းမသိဘူး။ အရင် အစိုးရ လက်ထက်စကတည်းက မရိုးသားမှုတွေ ပြည့်နေခဲ့တယ်။ လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစားလုပ်ခဲ့ပြီးတော့ မြေယာတွေကို ပိုင်ဆိုင်ခဲ့တာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ အဲဒီအစိုးရလက်ထက်ကတည်းက ဒီမြေတွေ ပိုင်ဆိုင်မှု ဟာ အဲဒီအချိန်က တည်ဆဲဥပဒေတွေကို ချိုးဖောက်ခဲ့တယ်''ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။
ရန်ကုန်မြို့တော်ကို တိုးခဲျ့တည်ဆောက်ရန် လိုအပ်မှု၊ မြို့သစ်စီမံကိန်းအတွက် ယခင်အစိုးရ၏ ဆောင်ရွက်ခဲ့မှုများ၊ လက်ရှိမြို့သစ်တည်ဆောက်မည့် အစီအမံနှင့် ပြင်ဆင်ဖွဲ့စည်းခြင်းများ၊ လုပ်ငန်းဆောင် ရွက်မှု ပုံစံပြန်လည်ပြင်ဆင်သည့်အကြောင်းရင်းများ၊ ငွေကြေးရင်းနှီးမြှုပ်နံှမှုနှင့် အခြေခံအဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲမှုများအပေါ် ပြင်ဆင်မှုဟူ၍ လုပ်ငန်းစဉ် ၅ ရပ်ဖြင့် တည်ဆောက်မည့် မြို့သစ်စီမံကိန်းနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်နေ့က ကျင်းပသော တိုင်းလွှတ်တော်အစည်းအဝေးတွင် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော်က ရှင်းလင်းတင်ပြခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၄ ခုနှစ် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ လူဦးရေ ၇ ဒသမ ၃၆ သန်းရှိသည်။ မျှော်မှန်းလူဦးရေသည် ၂၀၂၁ ခုနှစ်တွင် ၈ ဒသမ ၆၈ သန်း၊ ၂၀၂၆ တွင် ၉ ဒသမ ၆၉ သန်း၊ ၂၀၃၀ တွင် ၁၀ ဒသမ ၇၂ သန်းဖြစ်သွားမည်ဟု ဒေါ်နီလာကျော်က ပြောသည်။
''လူဦးရေ ၁၀ သန်းကျော်ရင် မဟာမြို့တော်ကြီးတွေ Mega City အဖြစ် သတ်မှတ်ပါတယ်''ဟု ၎င်းကဆိုသည်။
သို့သော် ရန်ကုန်မြို့ မြို့သစ်စီမံကိန်းအပေါ် အားလုံးက သဘောကျလက်ခံသည်တော့မဟုတ်ချေ။
''နောက်ထပ် မြို့သစ်တည်ဆောက်မယ့်အစားရှိပြီးသား တည်ဆောက်ပြီးသား မြို့သစ်တွေကို ပိုပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်စေချင်တယ်။ ရန်ကုန်မြို့ကြီးကိုလည်း သေသေချာချာပြုပြင်ပေးရင် ပိုကောင်း မယ်''ဟု ရန်ကုန်မြို့နေ ပြည်သူတဦးက ၎င်း၏အမြင်ကို ပြောသည်။
ခေတ်အဆက်ဆက် ရန်ကုန်မြို့တော်တိုးချဲ့တည်ဆောက်ခဲ့မှုစာရင်းများအရ ၁၈၅၂ ခုနှစ်တွင် လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်မြို့နယ်များ၊ ၁၈၇၄ ခုနှစ်တွင် လမ်းမတော်နှင့် ပုဇွန်တောင် မြို့နယ်များ၊ ၁၉၂၀ ခုနှစ်တွင် အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဒဂုံ၊ ဗဟန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်မြို့ နယ်များ၊ ၁၉၅၆ တွင် ရန်ကုန်ဆင်ခြေဖုံး စည်ပင်သာယာအရာရှိရုံးက စီမံခန့်ခွဲသော သမိုင်း၊ သင်္ဃန်းကျွန်း၊ ရန်ကင်း(ကံဘဲ့)၊ ကမာရွတ်မြို့နယ်များ၊ ၁၉၅၈ ခုနှစ်တွင် တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သာကေတမြို့ နယ်များ၊ ၁၉၇၃ ခုနှစ်တွင် ပဲခူးတိုင်းမှ လွဲှပြောင်းယူသည့် လှိုင်၊ မရမ်းကုန်း၊ အင်းစိန်၊ မင်္ဂလာဒုံမြို့နယ်များ၊ ၁၉၈၇-၈၈ ခုနှစ် နောက်ပိုင်း ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် (၄)မြို့နယ်ဖြစ်သော ဒဂုံမြောက်၊ ဒဂုံတောင်၊ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်းမြို့နယ်များကို တည်ဆောက်ခဲ့ကြောင်း သိရသည်။
''တိုင်းပြည်က ချမ်းသာနေတယ်။ ရန်ကုန်မြို့တွင်းမှာလည်းပဲ နေစရာတွေမရှိလောက်အောင် ကျပ်သိပ်နေတယ် ဆိုရင်တော့ ဒီစီမံကိန်းက လုပ်သင့်တာပေါ့။ ရန်ကုန်မြို့ဟာ လူဦးရေကျပ်တည်းနေတာမျိုး မဟုတ်ဘူး။ ရှိနေတဲ့ မြို့သစ်တွေမှာ အခြေခံအဆောက်အအုံတွေမပြည့်စုံသေးလို့ လူတန်းစေ့စေ့မနေနိုင်တာတွေ ရှိနေတယ်ပေါ့။ ဥပမာဆိုရင် ဒဂုံမြို့သစ်၊ လှိုင်သာယာတို့၊ ရွှေပြည်သာတို့မှာ မြေကွက်လွတ်တွေ အများကြီးရှိနေသေးတယ်။ ဒါပေမဲ့ ပြည်သူလူထုက လမ်းကောင်းကောင်း၊ မီးကောင်းကောင်း၊ ရေကောင်းကောင်းနဲ့ အခုထက်ထိ မနေနိုင်သေးဘူး။ အဲဒီနေရာတွေမှာ ပြည်သူတွေနေထိုင်လို့ရအောင် လုပ်ပေးသင့်တယ်။ မြို့သစ်စီမံကိန်းမှာ သုံးမယ့်ငွေတွေကို အခု တည်ထားပြီးဖြစ်တဲ့ မြို့သစ်တွေမှာ သောက်သုံးရေရရှိရေးနဲ့ လမ်းတွေခင်းလို့ရမယ်။ အဆင့်မီ၊ အရည်သွေးမီတဲ့ ဓာတ်တိုင်တွေ စိုက်ထူလို့ရတယ်။ လျှပ်စစ်လုံလုံလောက်လောက် လုပ်ပေးလို့ရ တယ်။ မြို့သစ်တွေမှာ နေထိုင်တဲ့ ပြည်သူလူထုဘ၀ မြှင့်တင်ရေးတွေ၊ ကျန်းမာရေးလုပ်ငန်းတွေ၊ ပညာရေး လုပ်ငန်းတွေမှာ ဒီပိုက်ဆံတွေကို အများကြီး အသုံးချလို့ရပါတယ်။ အဲဒီမှာဆင်းရဲနေတဲ့ ရန်ကုန်မြို့တော်ကြီးမှာ ထပ်ပြီးတော့ မြို့သစ်တခုကိုတည်ဆောက်ပြီးတော့ အဲဒီအတွက်ကို လမ်းဖိုး၊ ရေဖိုး၊ မီးဖိုးစသည်ဖြင့် အစိုးရက ထပ်ပြီးတော့ ပိုက်ဆံအကုန်ခံမယ်ဆိုရင် နေမယ့်သူမရှိတဲ့နေရာမှာ ဒီလိုရင်းနှီးမြှုပ်နံှခြင်းဟာ ပြည်သူလူထု အတွက် အကျိုးရှိတာ မဟုတ်ဘဲနဲ့ လက်တဆုပ်စာ လူတန်းစားအတွက်ပဲ။ ဒါစီးပွားရေးလုပ်ပေးသလို ဖြစ်နေတယ်''ဟု ဒေါက်တာညိုညိုသင်းက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး၏ လူဦးရေသိပ်သည်းမှုများမှာ ၁၉၇၃ ခုနှစ်တွင် ၁ စတုရန်းကီလိုမီတာလျှင် ၃၁၀ ဦး၊ ၁၉၈၃ ခုနှစ်တွင် ၁ စတုရန်းကီလိုမီတာလျှင် ၃၈၇ ဦး၊ ၂၀၁၄ ခုနှစ်တွင် ၁ စတုရန်းကီလိုမီတာလျှင် ၇၁၆ ဦး ဖြစ်လာကြောင်း သိရသည်။ မဟာရန်ကုန် (Greater Yangon) ပင်မစီမံကိန်းသဘောထားပုံစံအရ မြို့ကို ခဲျ့ထွင်မည်ဆိုပါက Vertical Expansion ၊ Horizontal Expansion ၊ Satellite Towns ဟူ၍ ပုံစံ ၃ မျိုးရှိ ကြောင်း ဒေါ်နီလာကျော်က ပြောသည်။
''ရန်ကုန်မြို့ဟာ နောင် ၁၀ နှစ်အတွင်း လူဦးရေ ၁၀ သန်းအထက်ရှိမယ့် Mega City (မြို့ကြီးမဟာ) အဆင့်သို့ရောက်ရှိလာမှာဖြစ်တဲ့အတွက် Vertical Expansion ကော Horizontal Expansion နှစ်ခုစလုံးပေါင်းစပ်ပြီး စီမံပြင်ဆင်ထားဖို့လိုအပ်လာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ ရန်ကုန်မြို့တော်ရဲ့ အဝန်းအဝိုင်းမှာတော့ Vertical Expansion ကိုပဲ ဆောင်ရွက်နိုင်မှာဖြစ်ပြီးတော့ Horizontal Expansion က မြို့ပြင်ဒေသတွေကို ခဲျ့ထွင်သွားမှာ ဖြစ်ပါတယ်''ဟု ၎င်းက ဆိုသည်။
UN Habitat ၏ စံနှုန်းအရ ၁ စတုရန်းကီလို မီတာတွင် လူဦးရေ ၁၅၀၀၀၊ ၁ စတုရန်းမိုင်တွင် လူဦးရေ ၃၉၀၀၀ နှင့်အထက်နေထိုင်ပါက သိပ်သည်းမှုများသော မြို့ပြပုံစံ(High Density)ဟု သတ်မှတ် သည်။
''ရန်ကုန်မြို့ရဲ့ လက်ရှိနယ်နိမိတ်အတွင်းမှာ လူဦးရေ ၁ သန်းမှ ၂ သန်းခန့်အထိသာ ထပ်မံနေထိုင် နိုင်ရေးစီစဉ်နိုင်မှာဖြစ်လို့ Old Suburbs နဲ့ New Satellite Towns တို့သာ ခဲျ့ထွင်နိုင်မှာ ဖြစ်ပါတယ်'' ဟု ဒေါ်နီလာကျော်က ပြောသည်။
ထို့ကြောင့် တိုးတက်လာသည့် လူဦးရေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းအကောင်အထည်ဖော်မည့် New Yangon Development Corporation ကို ဖွဲ့စည်းထားပြီဖြစ်သည်။ New Yangon Development Cor-poration သည် အထူးကုမ္ပဏီဖွဲ့စည်းမှုအရ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ အစည်းဖြစ်သည်။ ထို့ပြင် ရန်ကုန် မြို့သစ်စီမံကိန်းအတွက် ယခင်အစိုးရလက်ထက်က လုပ်ကိုင်ခွင့်ပြု ရရှိခဲ့သည့် Consortium နှင့် ချုပ်ဆိုခဲ့သောစာချုပ်ကိုလည်း ဖျက်သိမ်းခဲ့ပြီးလည်းဖြစ်သည်။ ယင်းသို့ စာချုပ်ကိုဖျက်သိမ်းရာတွင် စီမံကိန်းပမာဏကြီးမားကျယ်ပြန့်သည့်အပြင် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျ လျက်ရှိသည့်ဒေသများကို တပြေးညီ တိုးတက်ဖွံ့ဖြိုးလာစေရေး၊ အလုပ်အကိုင်၊ အခွင့်အလမ်းများတိုးတက် လာစေရေးများအတွက် အကောင်အထည်ဖော်ရမည့်စီမံကိန်းဖြစ်သည့်အတွက် ကုမ္ပဏီအနည်းငယ်မှ လက်ဝါးကြီးအုပ် လုပ်ကိုင်မည့်အစား အခြားနိုင်ငံသား လုပ်ငန်းရှင်များလည်း ပါဝင်လုပ်ကိုင်ခွင့်ရရှိစေရေးတို့ ကိုရှေးရှု၍ တိုင်းအစိုးရအဖွဲ့သစ်မှ ရာနှုန်းပြည့်ကြီးကြပ်ကွပ်ကဲဆောင်ရွက်သွားမည်ဟု ဆိုသည်။
ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရာတွင် လိုအပ်သော ငွေကြေးအရင်းအနှီးများကို အပြည်ပြည် ဆိုင်ရာဘဏ်နှင့် ငွေကြေးအဖွဲ့အစည်းများ၏ အထောက်အပံ့နှင့် ချေးငွေများရယူ၍လည်းကောင်း၊ လျှပ်စစ်မီး နှင့် ရေလုပ်ငန်းအစရှိသည်တို့ကို ပုဂ္ဂလိကနှင့် အများပိုင်ကုမ္ပဏီများ ချိတ်ဆက်ဆောင်ရွက်မှုစနစ်ဖြင့် လည်းကောင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သို့သော် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြို့သစ်စီမံကိန်း နှင့်ပတ်သက်၍ ရှင်းလင်းချက်များသည် ပြည့်စုံမှုမရှိသေးသည့်အတွက် လွှတ်တော်တွင် ဆွေးနွေးရန် ကိုယ်စားလှယ်များက တောင်းဆိုခဲ့သည်။
''အစိုးရလုပ်မယ့်ဘဏ္ဍာရေးစနစ်ကြီးက ကမ္ဘာ့ဘဏ်ချေးငွေနဲ့ လုပ်မဲ့အနေအထားဆိုတော့ အဲဒါက မပြည့်စုံသေးဘူး။ ဒါနဲ့ပတ်သက်ပြီး လွှတ်တော်မှာ ဝန်ကြီးရှင်းလင်းပြတဲ့ ဘဏ္ဍာရေးစနစ်တွေက သိပ်ပြီး စနစ်မကျဘူး''ဟု တိုင်းလွှတ်တော်စီမံ/ဘဏ္ဍာရေးကော်မတီအတွင်းရေးမှူးဦးကျော်ဇေယျက ပြောသည်။
''တချို့က ပြောတယ်။ အဲဒီမှာ ဒီစီမံကိန်းအကောင်အထည်ဖော်လိုက်လို့ရှိရင် ဒေသခံပြည်သူလူထုအတွက် အကျိုးရှိသွားမယ်တဲ့။ ဒါမဟုတ်ပါဘူး။ ဒေသခံပြည်သူလူထုကို အကျိုးရှိစေချင်တယ်ဆိုရင် သူတို့လိုအပ်တဲ့ တံတားတို့၊ လမ်းတို့၊ ရေတို့၊ လျှပ်စစ်မီးတို့ လုပ်ပေးရုံပါပဲ။ မြို့သစ်ကြီးတည်ဆောက်စရာ မလိုပါဘူး။ အဲတော့ မြို့သစ်ကြီးတည်ဆောက်ခြင်းဟာ အဲဒီနေရာမှာ တရားဥပဒေနဲ့အညီ ပိုင်ဆိုင်ထားတာမဟုတ်တဲ့ မြေရှင်တွေရဲ့ အကျိုးစီးပွားအတွက် လုပ်တာပဲလို့ အန်တီတို့က သတ်မှတ်တယ်''ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။
မြို့သစ်စီမံကိန်းနှင့်ပတ်သက်၍ ယခင်အစိုးရလက်ထက်ကလည်း ကန့်ကွက်မှုများရှိခဲ့သည်။ လက်ရှိ ရန်ကုန် တိုင်းဒေသကြီးအစိုးရလက်ထက်တွင်လည်း မြို့သစ်စီမံကိန်းမလုပ်သင့်ကြောင်း ပညာရှင်တချို့က သုံးသပ်ထား သည်။ ယင်းစီမံကိန်းနှင့်ပတ်သက်၍ လွှတ်တော်တွင် ဆွေးနွေးမှုများလည်း ပြုလုပ်မည်ဖြစ်သည်။ စီမံကိန်း လုပ်သင့်၊ မလုပ်သင့်၊ ပြည်သူလူထုအတွက် အကျိုးရှိမည့်စီမံကိန်းဖြစ်၊ မဖြစ် စသည့်ရလဒ်များ ထွက်ပေါ်အောင် ပြည်သူ့ကိုယ်စားလှယ်များက အဖြေတခုထွက်အောင် ဆွေးနွေးကြမည်ဟု ယုံကြည်သည်။
ယင်းအတွက်ကြောင့် မိုးရာသီအကုန်တွင် စတင်အကောင်အထည်မည့် မြို့သစ်စီမံကိန်းများသည် ပြည်သူ အကျိုးစီးပွားကိုဖော်ဆောင်မည့် စီမံကိန်းဖြစ်လာလေမလား မကြာမီရလဒ်အဖြေထွက်ပေါ်လာမည်ဖြစ်သည်။
Ref & Photo Credit : News Watch
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ