By 7daydaily, Shweproperty.com
Updated at 1 September 2015
မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူအားကစားကွင်း၌ ကန်သာယာကွန်ဆိုတီယမ်ကွန်ဒို ဆောက်လုပ်ရန် ခွင့်ပြုပေးခဲ့သော ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ မြို့တော်ဝန်နှင့် ဆောက်လုပ်နေသည့် ကုမ္ပဏီတို့ကို တရားစွဲဆိုနိုင်ရန် မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ အဆိုပြုလွှာတင်ထားကြောင်း သတင်းရရှိသည်။
သိမ်ဖြူအားကစားကွင်းကို မူလအတိုင်း ပြန်လည်ရရှိစေရန်နှင့် စိမ်းလန်းမြေဧရိယာများ ပျောက်ကွယ်မသွားစေရေး တရားစွဲဆိုရန် စီစဉ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးအေးမင်းကပြောသည်။
‘‘တိုင်းဒေသကြီး တရားလွှတ်တော်မှာတော့ ပြီးခဲ့တဲ့လ ၁၉ ရက်က တင်ပြထားတယ်။ အဲဒီက တရားစွဲဆိုခွင့်ပြုတာနဲ့ ဆောင်ရွက်သွားမယ်။ တကယ်လို့ ဘာမှ မထူးခြားရင်တော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ တင်ပြသွားဖို့ရှိတယ်’’ဟု ဦးအေးမင်းက ပြောသည်။
သိမ်ဖြူအားကစားကွင်းသည် အများပြည်သူသုံးစွဲခဲ့သည့် နေရာတစ်ခုဖြစ်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသည့် ပုဒ်မ ၄၂ အရ အများပြည်သူသုံးစွဲရန် အခွင့်အရေးရှိပြီး ယင်းအခွင့်အရေးကို မရရှိပါက တရားစွဲဆိုနိုင်သည်ဟု ဥပဒေ၌ ပြဋ္ဌာန်းထားသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်စိုးက ပြောသည်။ လက်ရှိဆောက်လုပ်နေသည့် ကုမ္ပဏီသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက် ရရှိထားခြင်းမရှိဟု တရားလွှတ်တော်ရှေ့နေများက ဆိုသည်။
အာရှမြန်မာဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကမူ သိမ်ဖြူအားကစားကွင်းရှိ အထပ်မြင့်အဆောက်အအုံကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ဆောက်နေခြင်းဖြစ်ပြီး တင်ဒါစည်းမျဉ်းစည်းကမ်းအတိုင်း ဆောက်လုပ်နေခြင်းဖြစ်ကြောင်း၊ တရားဝင်ဆောက်လုပ်နေခြင်းမဟုတ်ပါက ပြည်နယ်ဥပဒေအရ အရေးယူခံရမည်ဖြစ်ပြီး ခွင့်ပြုချက်ဖြင့်သာ ဆောက်လုပ်နေခြင်းကြောင့် စည်ပင်သာယာဌာနက ဘာမှ အကြောင်းမပြန်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ