By EMG, Shweproperty.com
Updated at 10 December 2014
သီလဝါဆိပ်ကမ်း၌ ဂျပန်နိုင်ငံမှ အိုဒီအေချေးငွေဖြင့် တည်ဆောက်မည့် အထွေထွေကုန်တင် ဆိပ်ကမ်းနှင့် ကုန်သေတ္တာတင် ဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်းများ ၂ဝ၁၇ ခုနှစ်တွင် ပြီးဆုံးနိုင်ရန် မျှော်မှန်းထားကြောင်း JICA မှ Chief Representative TANAKA Masahiko ၏ ပြောကြားချက်အရ သိရသည်။
“အခုလက်ရှိ JICA အနေနဲ့ မြန်မာနိုင်ငံရဲ့ လေဆိပ်တွေမှာ လုံခြုံရေးပစ္စည်းတွေ တပ်ဆင်ပေးမယ့် လုပ်ငန်းနဲ့ သီလဝါဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းတွေကို လုပ်ကိုင်နေပါတယ်။ သီလဝါမှာ တည်ဆောက်မယ့် ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းကို လာမယ့် ၂ဝ၁၇ ခုနှစ်မှာ ပြီးဆုံးမယ်လို့ မျှော်မှန်းထားပါတယ်” ဟု JICA မှ Chief Representative TANAKA Masahiko က ပြောကြားသည်။
လက်ရှိတွင် သီလဝါဒေသ၌ ဂျပန်နိုင်ငံမှ အိုဒီအေချေးငွေဖြင့် တည်ဆောက်မည့် ဆိပ်ကမ်းများအတွက် အကြိုအရည်အချင်း စစ်ဆေးမှု တင်ဒါအောင်မြင်သည့် ဂျပန်နိုင်ငံမှ ကုမ္ပဏီနှစ်ခုအနက်မှ တစ်ခုအား တင်ဒါစနစ်ဖြင့် ရွေးချယ်ရန် စီစဉ်နေကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သိရသည်။
ဂျပန်နိုင်ငံမှ အိုဒီအေချေးငွေဖြင့် သီလဝါဆိပ်ကမ်း၌ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အထွေထွေကုန်တင် ဆိပ်ကမ်းတစ်ခုနှင့် ကုန်သေတ္တာတင် ဆိပ်ကမ်း တည်ဆောက်ရန် အကြိုအရည်အချင်း စစ်ဆေးမှု တင်ဒါခေါ်ယူခဲ့ရာ ဂျပန်နိုင်ငံမှ ကုမ္ပဏီနှစ်ခုမှ တင်ဒါအောင်မြင်ခဲ့သည်။
“အကြိုအရည်အချင်း စစ်ဆေးမှု တင်ဒါကို ဂျပန်ကုမ္ပဏီနှစ်ခုက အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့် တည်ဆောက်ရေးတင်ဒါကို ဒီဂျပန်ကုမ္ပဏီ နှစ်ခုထဲကနေပဲ ရွေးချယ်သွားမှာပါ” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ မြို့ပြအင်ဂျင်နီယာချုပ် ဦးမြသန်းက ပြောကြားသည်။
ဂျပန်နိုင်ငံမှ အိုဒီအေချေးငွေဖြင့် တည်ဆောက်မည့် သီလဝါဆိပ်ကမ်း တိုးချဲ့တည်ဆောက်ရေး လုပ်ငန်းများအား ယခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်မည်ဖြစ်သည်။
လက်ရှိတွင် သီလဝါဆိပ်ကမ်း၌ အထွေထွေကုန်စည် ကိုင်တွယ်နိုင်သော ဆိပ်ကမ်းအနေဖြင့် MITT နှင့် MIPL ဆိပ်ကမ်း နှစ်ခုသာရှိပြီး၊ အထွေထွေကုန်စည်တင် ဆိပ်ခံတံတားတစ်စင်းမှာ တည်ဆောက်ဆဲဖြစ်ကြောင်း သိရသည်။
သီလဝါဆိပ်ကမ်း တိုးချဲ့တည်ဆောက်ရန် ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အနေဖြင့် ဂျပန်နိုင်ငံမှ အိုဒီအေချေးငွေ အမေရိကန်ဒေါ်လာ ၂ဝ၅ သန်းအား ရရှိထားကြောင်း သိရသည်။
သီလဝါဒေသတွင် ဆိပ်ကမ်းများ တည်ဆောက်ရန် မြေကွက်တစ်ကွက်လျှင် မျက်နှာစာအလျား ၂ဝဝ မီတာ၊ ကုန်းတွင်းဘက်သို့ ၇၅ဝ ကီလိုမီတာ(အကျယ် ၃၇ ဒသမ ဝ၆ ဧက)ရှိ မြေကွက် ၃၇ ကွက်ကို တိုးချဲ့ဖော်ထုတ်ခဲ့သည်။ ယင်းမြေကွက် ၃၇ ကွက်အနက်မှ မြေကွက် ၂၇ ကွက်တွင် ကုမ္ပဏီအသီးသီးမှ ဆိပ်ကမ်းများ တည်ဆောက်ထားပြီး၊ မြေကွက် ၁ဝ ကွက်မှာ နေရာလွတ် ကျန်ရှိနေသည်။ အဆိုပါမြေကွက် ၁ဝ ကွက်အနက်မှ မြေကွက် ၅ ကွက်အား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဂျပန်အိုဒီအေချေးငွေဖြင့် ဆိပ်ကမ်းတည်ဆောက်မည် ဖြစ်သည်။
Ref : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ