By EMG, Shweproperty.com
Updated at 24 November 2013
သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် သန်လျင်မြို့နယ် အတွင်း၌ ဂျပန်နိုင်ငံသားများ အိမ်ငှားရမ်းရန် ကြည့်ရှုသူ များပြားလာကြောင်း သန်လျင်မြို့နယ် အတွင်းရှိ အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
မြန်မာ-ဂျပန် ပူးပေါင်းဆောင်ရွက်ရေးအား အကောင်အထည် ဖော်နေသည့် သီလဝါ အထူးစီးပွားရေးဇုန်ကို လွန်ခဲ့သည့် လပိုင်းကပင် နှစ်ဖက်နိုင်ငံအကြား လက်မှတ်ရေးထိုး ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အလားတူ သန်လျင်မြို့နယ် အတွင်းရှိ ကြယ်စင်မြို့တော် အဆင့်မြင့် အိမ်ရာတွင်လည်း ဂျပန်နိုင်ငံရှိ လူမျိုးအများစု အိမ်ငှားရမ်းရန်အတွက် ကြည့်ရှုသူ များပြားလာပြီး စုံစမ်းမှုများလည်း များပြားနေကြောင်း သန်လျင်မြို့နယ် ကြယ်စင်မြို့တော်အိမ်ရာ (starcity) မှ Sails & Marketing Manager ကိုစိုင်းခွန်နော်က ပြောကြားသည်။
"အခုဆိုရင် ဂျပန်နိုင်ငံက လူမျိုးတွေ နေ့တိုင်းနီးပါးကို အိမ်ငှားရမ်းဖို့ လာရောက်ကြည့်ရှုတာ များတယ်။ အချို့ကျတော့လည်း တကယ်နေမဲ့သူတွေ ရှိသလို စိတ်ဝင်စားလို့ လာကြည့်ကြတာလည်း များပါတယ်။ သီလဝါ စီးပွားရေးဇုန်က ဒီဇင်ဘာမှာ စမှာဆိုတော့ ကြည့်တဲ့သူ များနေတာပါ။ နောက်ပိုင်းဆိုရင် ဒီထက်ပိုများ လာမယ်လို့ ထင်ပါတယ်" ဟု ယင်းကဆိုသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မြန်မာနိုင်ငံသို့ မေလအတွင်း လာရောက်ခဲ့ပြီးသည့် နောက်ပိုင်းတွင်လည်း သီလဝါ ဆိပ်ကမ်းအနီးရှိ စက်မှုဇုန် မြေနေရာ ဈေးကွက်များမှာ ဈေးပိုမို မြင့်တက်လာခဲ့ပြီး ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှ စတင်ကာ ဈေးစတင် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိ ရသည်။ ယခုလက်ရှိ ပေါက်ဈေးမှာ လမ်းမတန်းရှိ စက်မှုဇုန် မြေနေရာသည် တစ်ဧကလျှင် ကျပ်သိန်းသုံးထောင်ဝန်းကျင် ပေါက်ဈေးရှိကာ အတွင်းဘက်ခြမ်းတွင်မူ ကျပ်သိန်း နှစ်ထောင့်ငါးရာ ပေါက်ဈေးရှိနေကြောင်း ယခင်ကမူ လမ်းမတန်းရှိ စက်မှုဇုန် မြေနေရာသည် ကျပ်သိန်း နှစ်ထောင့်ငါးရာ၊ အတွင်းဘက် အခြမ်းတွင် ပေါက်ဈေး သိန်း ၁၈၀၀ ခန့်သာ ရှိခဲ့ကြောင်းကိုလည်း သိရသည်။
Ref : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ