By emg, Shweproperty.com
Updated at 20 February 2014
စက်မှုဇုန်မြေဈေးနှုန်း ကြီးမြင့်မှုများက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကိုသော် လည်းကောင်း၊ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုကိုသော် လည်းကောင်း အဟန့်အတား ဖြစ်စေသည့်အတွက် လက်ရှိဖော်ဆောင်နေသည့် သီလဝါ အထူးစီးပွားရေးဇုန်၏ မြေဈေးနှုန်းကို လက်ရှိစက်မှုဇုန်ဈေးကွက် ပေါက်ဈေးထက် ရာခိုင်နှုန်း ၃၀ သက်သာစေရန် စီစဉ်ဆောင်ရွက်ထားကြောင်းနှင့် ဈေးနှုန်းများကို မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ဖေဖော်ဝါရီ ၁၉ ရက်က ပြောကြားသည်။
“စက်မှုဇုန်တွေ မြေဈေးကြီးမြင့်မှုက နိုင်ငံခြားအတွက်ရော၊ နိုင်ငံသားတွေ ရင်းနှီးမြှုပ်နှံမှုအတွက်ရော အဟန့်အတားတစ်ခု ဖြစ်စေတဲ့အတွက် အခုဖော်ဆောင်မယ့် သီလဝါ အထူးစီးပွားရေးဇုန်ရဲ့ ဈေးနှုန်းကို အခုလက်ရှိပေါက်ဈေးထက် ရာခိုင်နှုန်း ၃၀ လောက် သက်သာအောင် စီစဉ်ထားပါတယ်။ အတိအကျကိုတော့ မကြာခင်မှာ ထုတ်ပြန်ပေးမယ်” ဟု သီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ဆိုသည်။
သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ စိတ်ဝင်တစား လာရောက်စုံစမ်းမှုများ ပြုလုပ်လျက်ရှိရာ အများစုမှာ အထည်ချုပ်လုပ်ငန်းများ၊ စားသောက်ကုန်လုပ်ငန်းများနှင့် မော်တော်ယာဉ်တပ်ဆင်မှု လုပ်ငန်းများဖြစ်ကြောင်း သိရသည်။
“လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းတွေ၊ စားသောက်ကုန်လုပ်ငန်းတွေနဲ့ မော်တော်ယာဉ်တပ်ဆင်မှုလုပ်ငန်းတွေ လာကြတာများတယ်” ဟု ဦးဝင်းအောင်က ဆက်လက်ပြောကြားသည်။
သီလဝါ အထူးစီးပွားရေးဇုန်သည် အခြားစက်မှုဇုန်များကဲ့သို့ မဟုတ်ဘဲ သတ်မှတ်ထားသည့်လုပ်ငန်းများ၊ အမှန်တကယ်လုပ်ကိုင်မည့် ကုမ္ပဏီများကိုသာ နှစ်ရှည်မြေငှားရမ်းလုပ်ကိုင်ခွင့် ပေးသွားမည်ဖြစ်ပြီး ထိုကဲ့သို့ ငှားရမ်းထားသည့် ကုမ္ပဏီများမှ သတ်မှတ်ကာလအတွင်း စီးပွားဖြစ် စတင်လည်ပတ်နိုင်ခြင်း မရှိပါက မြေပြန်လည်သိမ်းယူခြင်းကဲ့သို့ နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် တင်းကျပ်သည့် စည်းကမ်းများ ထားရှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“မြေငှားတာကတော့ ၅၀+၁၀+၁၀ ဆိုတော့ နှစ် ၇၀ ပေါ့။ စက်ရုံလည်ပတ်တယ်။ ပြန်ပြီးရောင်းမယ်ဆိုလည်း ရတယ်ဆိုတော့ ငှားရမ်းကာလအပြည့်က နှစ် ၇၀။ သတ်မှတ်ကာလအတွင်းက တကယ့်ကို စစ်မှန်တဲ့ရင်းနှီးသူတွေအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်အောင်၊ ဈေးကွက်ပျက်အောင် ဆောင်ရွက်တာတွေ မဖြစ်ရအောင် အချောသတ် ဆွေးနွေးညှိနှိုင်းနေတယ်။ ပထမတော့ ခြောက်လသတ်မှတ်ထားတယ်။ အခုတော့ တစ်ဖက်က ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရတာလည်း ရှိဦးမှာဆိုတော့ ဒီသတ်မှတ်ကာလကို ပြန်ပြီးညှိနှိုင်းနေပါတယ်” ဟု ဦးဝင်းအောင်က ပြောကြားသည်။
ထို့ပြင် သီလဝါအထူးစီးပွားရေးဇုန်၏ မြေကွက်ပေါက်ဈေးများကို လာမည့်ဧပြီလကုန် မေလဆန်းခန့် ထုတ်ပြန်နိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ အကောင်အထည်ဖော်ပြီး စက်မှုဇုန်များမှာမူ ဈေးနှုန်းအားဖြင့် ကွာခြားမှုရှိနေပြီး အထူးသဖြင့် လှိုင်သာယာစက်မှုဇုန်မှာ ဈေးနှုန်းအမြင့်ဆုံးဖြစ်ကြောင်း၊ တစ်ဧကပေါက်ဈေး (ခေါ်ဈေး)ကျပ်သိန်း ၄၀၀၀ နှင့် ၅၀၀၀ ကြားရှိပြီး ကမ်းနားဘက်အခြမ်း ဆိုပါက သိန်း ၅၀၀၀ ကျော်အထိ ခေါ်ဈေးရှိကြောင်း၊ အတော်အတန် ဖွံ့ဖြိုးပြီးဖြစ်သော ရွှေလင်ဗန်းစက်မှုဇုန် ပေါက်ဈေးမှာမူ တစ်ဧကသိန်း ၂၅၀၀ နှင့် ၃၀၀၀ ကြား၊ ဝါးတစ်ရာစက်မှုဇုန်မှာမူ တစ်ဧကသိန်း ၁၂၀၀ နှင့် ၁၅၀၀ ကြား၊ မြောင်းတကာစက်မှုဇုန်မှာမူ သိန်း ၃၀၀ မှ ၆၀၀ ခန့်အထိရှိကြောင်း၊ လက်ရှိအကောင်အထည် ဖော်နေသော သီလဝါ အထူးစီးပွားရေးဇုန်၏ ပေါက်ဈေးမှာ တစ်ဧက သိန်း ၂၅၀၀ နှင့် ၃၀၀၀ အကြားရှိနေကြောင်း သိရသည်။
Ref : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ