By The Modern, Shweproperty.com
Updated at 17 May 2013
လုံးချင်းအိမ်ကို အရောင်းထွက်ဖို့ ဒါမှမဟုတ် အဌားထွက်ဖို့ ပြင်ဆင်သင့်တဲ့အချက်တချို့ကို ဖော်ပြလိုက်ပါတယ်။
မနိမ့်မမြင့်ခြံစည်းရိုးရဲ့ အစိမ်းနုရောင် ရွက်နုညွန့်လေးတွေကို ကျော်ပြီးမြင်နေရတဲ့အပြာနုရောင် အသည်းပုံရေကူးကန်ရယ်၊ အစိမ်းရောင်မြက်ခင်းနုနုလေးတွေပေါ်က လိမ္မော်ရောင်ခြေရာ ကျောက်ပြားလေးတွေရယ်၊ သက်တန့်ရောင်ကလေးကစားကွင်းရယ် ဝိုင်းရံနေတဲ့ နှစ်ထပ်တိုက်လေးက ခြံထဲကို မဝင် ဝင်အောင် ဆွဲဆောင်နေတယ်လို့ သိရတယ်။
‘လုံးချင်းအိမ်အနေနဲ့ ခြံထဲမှာ သစ်ပင်ပန်းပင်တွေနဲ့ အလှဆင်တဲ့အခါ စနစ်မကျရင်ခြံရဲ့အလှကို ဖုံးကွယ်သလိုဖြစ်တယ်၊ ခြံစည်းရိုးပင်၊ တိုင်ဖုံးပင်၊ အနားသတ်ပင်၊ နောက်ခံပင် သူ့နေရာနဲ့သူအလှဆင်စိုက်ပျိုးတတ်ဖို့လိုတယ်’လို့တောင်ဥက္ကလာပက အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောပါတယ်။
ခြံစည်းရိုးကို အရမ်းမြှင့်ထားရင် လုံးချင်းအိမ်ရဲ့ အလှကိုဖုံးကွယ်နေတတ်တဲ့အတွက် သံဆန်ခါနဲ့တွဲပြီး ခြံစည်းရိုးပင်ကို မနိမ့်မမြင့်ပြုလုပ်ထားသင့်ပါတယ်။ အစိမ်းနုရောင်ရွက်နုညွှန့်လေးတွေအမြဲရှိနေအောင် မကြာခဏ ဖြတ်ညှပ်ပုံသွင်းရတယ်လို့ ဆိုပါတယ်။ အချို့ကခြံထဲမှာ ဗေဒင်ကိန်းခန်းနဲ့ တွက်ချက်ပြီး စိုက်ပျိုးတာလည်းရှိတယ်။ ဥပမာပြောရရင် အိမ်ရှေ့မှာ ကြံပင်နဲ့အလှဆင်ပြီး အိမ်နောက်မှာ သပြေပင်လေးတွေစိုက်ထားတာမျိုးပါ။ အကြံအစည်အားလုံးကို အောင်မြင်ပြီးမြောက်နိုင်တယ်ဆိုတဲ့ယုံကြည်မှုကို ဖြစ်စေတယ်လို့ဆိုပါတယ်။
အိမ်ရှေ့ မျက်နှာစာတိုင်လုံးတွေရဲ့ရှေ့မှာ တိုင်ဖုံးပင်အဖြစ် ပင်လယ်ကဗွီးပင်၊ ပန်းထန်း၊ ရွက်လှ စတဲ့ ပန်းပင်တွေနဲ့အလှဆင်နိုင်ပါတယ်။ အနားသတ်အပင်အနေနဲ့ မြေကပ်ပန်းပင်၊ ဒန်းပန်းပင်၊ စင်္ကြာပန်းစတဲ့ ပန်းပင်ငယ်အမျိုးအမျိုးကိုသုံးသင့်တယ်လို့ဆိုပါတယ်။သစ်ခွပန်းမျိုးစုံ၊ ပိန်းပန်းနဲ့ဂမုန်းအမျိုးအမျိုးတို့ကလည်း အိမ်ရဲ့ကျက်သရေကို တိုးစေပြီး လာကြည့်သူတွေကို ခြံရှေ့ကနေခြံထဲကို၊ ခြံထဲကနေအိမ်အတွင်းခန်းတွေ အထိ ဆွဲဆောင်ပေးနိုင်ပါတယ်လို့ ဆိုတယ်။
အိစတိတ်မြန်မာကုမ္ပဏီလီမိတက် အိမ်ခြံမြေအကျိုးဆောင် အဖွဲ့က ကိုနိုင်မျိုးဦးက ‘ခမ်းခမ်းနားနား ပြင်ဆင်ထားတဲ့ အိမ်တစ်လုံးကို ရောက်ဖူးတယ်၊ နောက်ဆုံးပေါ်အိမ်တွင်းပစ္စည်းအသစ်အဆန်းတွေနဲ့ ဆွဲဆောင်တယ်၊ ထူးခြားတာက ဧည့်ခန်းတစ်ခုလုံးကို ဆင်စွယ်ရောင်ပစ္စည်းတွေနဲ့သာ အလှဆင်ထားတယ်၊ မျက်နှာကြက်ဆက်တီနဲ့အောက်အခင်းက အစဆင်စွယ်ရောင်ဖြစ်တယ်၊ မွေးနုကော်ဇောကို သုံးထားတယ်၊ဧည့်ခန်းရဲ့မျက်နှာကြက်အလယ်မှာလဲ ဆင်စွယ်ရောင် မီးဆိုင်းကြီးက ဂျပ်ဆင်ဘုတ်တွေနဲ့ ပြုလုပ်ထားတဲ့ ခေတ်မီဒီဇိုင်းတွေကို ပိုမိုပေါ်လွင်စေတယ်၊ နောက်တစ်ခုထူးခြားတာက ဧည့်ခန်းနဲ့ယှဉ်ပြီး မှန်လုံအခန်းထဲက သပ်ရပ်သားနားတဲ့ အစည်းအဝေးခန်းကို တွေ့ရတာပါ’လို့ပြောတယ်။ လှေကားကိုလဲ ဆင်စွယ်ရောင်ပွတ်လုံးတွေနဲ့ အလှဆင်ထားတယ်၊ အပေါ်ထပ်မှာတော့ အိပ်ခန်းတွေနဲ့ ဘုရားခန်းကိုတော့ အပြာနုရောင်နဲ့အေးချမ်းစေတယ်၊ ခြံအိမ်ရဲ့ အပြင်အဆင်ကိုသဘောကျတဲ့ဝယ်သူအချို့က အိမ်နဲ့ခြံရဲ့ တန်ဖိုးသာမက အပြင်အဆင်စရိတ်ကိုပါ တွက်ချက်ပေးသွားတာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။
တချို့ကတော့ ကားပါကင်များများ ပြုလုပ်ပြီးရုံးခန်းများအဖြစ် ဖွင့်ချင်တာမျိုးလည်းရှိတယ်။ အဓိက ကတော့ဝယ်ယူသူအကြိုက်၊ ဌားမယ်သူအကြိုက်ပြင်ဆင်တာ၊ လုံးချင်းအိမ်ရဲ့ ဈေးနှုန်းက ပုံမှန်ပေါက်ဈေးဖြစ်နေတာ၊ ကြော်ငြာအားပြုဆောင်ရွက်တာ နားလည် ကျွမ်းကျင်တဲ့ အိမ်ခြံမြေအကျိုးဆောင်ထံမှာအပ်နှံ ဆောင်ရွက်တာတွေ ပြုလုပ်ရင် မရောင်းရတဲ့ လုံးချင်းအိမ်၊ မဌားရတဲ့ လုံးချင်းအိမ်ဆိုတာ မရှိဘူးလို့ကိုနိုင်မျိုးဦးက သူ့အတွေ့အကြုံကို ပြောတယ်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ