By Myanmar Times, Shweproperty.com
Updated at 9 December 2015
ရန်ကုန်မြို့တွင် နေ့စဉ်ဖြစ်ပေါ်နေသော ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ရန် သက်ဆိုင်ရာက ခုံးကျော်တံတားစီမံ ကိန်းများကို တည်ဆောက်အကောင် အထည်ဖော်နေသော်လည်း မြေအသုံးချမှု စနစ်ကို ပြောင်းလဲကျင့်သုံးနိုင်မှသာ ယာဉ်ကြောရှုပ်ထွေးမှု ပြဿနာများကိုဖြေရှင်းနိုင်မည်ဟု တာဝန်ရှိသူများက ပြောသည်။ "မြို့ပြစီမံကိန်း ပညာရပ်အားဖြင့် ကြည့်မယ်ဆိုရင် ခုံးကျော်တံတား ဆောက်မယ့်နေရာတွေမှာ ဘယ်လိုအကျိုးအပြစ် တွေ ရှိနိုင်မလဲဆိုတာကို မဆောက်ခင် ကတည်းက ကြိုတင်ပြီး အချက်အလက်တွေ စုဆောင်းထားဖို့ လိုတယ်။ အခုဖြစ်နေတဲ့ ယာဉ်ကြောကျပ်တဲ့ ပြသနာကို ခုံးကျော် တံတားဆောက်ရုံ တစ်ခုတည်းနဲ့တော့ မဖြေရှင်းနိုင်ပါဘူး။ အဓိကကတော့ မြေ အသုံးချမှုပုံစံပေါ်မူတည်ပြီး ဖြေရှင်းရမယ်။ ဆူးလေပတ်ဝန်းကျင်မှာ ဆိုင်တွေ၊ ဈေးတွေ ဟိုတယ်တွေ အများကြီး စုနေ တယ်။ ဒါတွေကို မြို့ပြင်ခွဲထုတ်ရမယ်" ဟု မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာ ကျော်လတ်က ပြောသည်။ ပြီးခဲ့သည့်သီတင်းပတ်အတွင်း ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သည့် 'သမိုင်း အမွေ အနှစ် ရန်ကုန်' ဆွေးနွေး ပွဲ အခမ်းအနားတွင် ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော် မတီ၏ အကြံပေးလည်းဖြစ်သူ မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က ပြောကြား ခဲ့ခြင်းဖြစ်သည်။ လက်ရှိအစိုးရတက်လာခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ ရန်ကုန်မြို့တွင် လှည်းတန်းလမ်းဆုံ၊ မြေနီကုန်းလမ်းဆုံ၊ ဘုရင့်နောင် လမ်းဆုံနှင့် ရွှေဂုံတိုင်လမ်းဆုံနေရာများ တွင် လမ်းကျော်ခုံးကျော်တံတားများ တည်ဆောက်၍ ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း လက်ရှိအချိန်ထိ ရန်ကုန်မြို့ နေရာအနှံ့ အပြားတွင် ယာဉ်ကြောပိတ် ဆို့မှုများ ဖြစ် ပေါ်နေဆဲဖြစ်သည်။ လက်ရှိတွင်လည်း ကုက္ကိုင်းလမ်းဆုံ၊ တာမွေအဝိုင်း၊ ရှစ်မိုင် လမ်းဆုံ၊ မြောက်ဥက္ကလာပနှင့် မြောက် ဒဂုံအကြား နေရာများတွင် ခုံးကျော် တံတား စီမံကိန်း သစ်များကို အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည်။ လာမည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် လည်း ရန်ကုန်မြို့အတွင်း ခုံးကျော်တံတားစီမံကိန်းသစ်များကို ဆက်လက်ဆောက်လုပ်သွားရန်ရှိသည်ဟု သိရသည်။ ယာဉ်ကြောရှုပ်ထွေးမှု များပြားသည့် ချော်တွင်း ကုန်းလမ်းဆုံနှင့် မြောက်ဥက္ကလာပ အဝိုင်း နေရာများတွင် ငွေကျပ်ဘီလျံ ၃၀ ကျော် အကုန်အကျခံ၍ ခုံးကျော်တံတားများ တည်ဆောက်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တင်ပြထားသည်။ ထပ်မံတည်ဆောက်မည့် ခုံးကျော်တံတားစီမံကိန်းများအပါအဝင် ၂၀၁၇ ခုနှစ်တွင် ရန်ကုန်မြို့၌ ခုံးကျော်တံတား ၁၀ ခုအထိ ရှိလာမည်ဖြစ်သည်။ တည်ဆောက်ဆဲ ခုံးကျော်တံတားစီမံ ကိန်းများကို လက်ရှိဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တာဝန်ရှိသူများက ပြောသည်။ ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုနှင့် လူနေသိပ်သည်းမှု လျှော့ချ နိုင်ရန် မြို့သစ်စီမံကိန်းများ အကောင် အထည်ဖော်ရန် ကြိုးပမ်းခဲ့သော်လည်း လက်ရှိတွင် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းပေါ်တွင် အကောင်အထည်ဖော်မည့် ဒုတိယစီးပွားရေးမြို့တော် စီမံကိန်းတစ်ခုတည်းသာ အကောင်အထည် ဖော်နိုင်ခဲ့သည်ဟုလည်း ဒေါက်တာကျော်လတ်က ပြောသည်။ မြေအသုံးချမှုစနစ် ပြောင်းလဲကာ စီးပွားရေးလုပ်ငန်းများကို မြို့ပြင်ဒေသ များသို့ ခွဲထုတ်ရန် လိုအပ်နေသကဲ့သို့ မြို့ပြင်နေရာများ တွင် စီးပွားရေး ဆိုင်ရာ အခြေခံ အဆောက်အအုံများကို ပါ တစ်ပါ တည်း ထည့်သွင်း တည်ဆောက် ပေးရန် လိုအပ်နေသည်ဟု လည်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ပညာရှင်များက ပြောကြားခဲ့သည်။ "ရန်ကုန်တိုင်းတစ်ခုလုံးရဲ့ ၂၀ ရာခိုင် နှုန်းသော စီးပွားရေး အဆောက်အအုံတွေ က မြို့အကျယ်အဝန်း ၃ ရာခိုင်နှုန်းလောက် ထဲမှာ လာစုနေတယ်။ နေ့တိုင်း တစ်နေရာ တည်းကို လူတွေလာပြီး အလုပ်ဆင်းတော့ ယာဉ်ကြောကျပ်တည်းတာပေါ့။ နေရာရှိ သလောက် စီးပွားရေး အဆောက်အအုံတွေကို ခွဲထုတ်လိုက်ရမယ်ဆိုရင်တော့ ယာဉ်ကြောကျပ်တဲ့ ပြဿနာက တဖြည်း ဖြည်း လျော့သွားနိုင်မယ်"ဟု နိုင်ငံတကာအိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီတစ်ခုဖြစ်သည့် ှ Savils Myanmar က မစ္စတာ အီမာဆင်က ပြောသည်။ ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းရန်အတွက် ရန်ကုန် နည်းပညာတက္ကသိုလ်မှ ပညာရှင်များ နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက မြို့ပြစီမံကိန်းပညာရှင်များ စုပေါင်း၍ ရန်ကုန်ဧရိယာအတွင်း အတွင်းပတ်နှင့် အပြင်ပတ် လမ်းမကြီး များတည်ဆောက်ရန် တင်ပြခဲ့သော်လည်း လက်ရှိအစိုးရလက်ထက်တွင် အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ