By Shweproperty.com, Shweproperty.com
Updated at 9 October 2015
ပိုင်ဆိုင်မှုမရှိတဲ့ မြေအတွက် အထူးဂရန်ကို နှစ်ပေါင်း (၂၀) ကျော်ကြာမှ ဒုတိယအကြိမ် ပြန်လည် လျှောက်ထားခွင့် ပေးနေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သိရပါတယ်။
အထူးဂရန်ဆိုတာ မြေပိုင်ဆိုင်ကြောင်း ဂရန်မရှိတာနဲ့ ပိုင်ဆိုင်မှု အထောက်အထား မပြနိုင်တဲ့ သူတွေကို စည်ပင်က နှစ် (၆၀) နှစ် (၅၀) ဂရန်တွေ ထုတ်ပေးတာ ဖြစ်ပါတယ်။
အထူးဂရန် စီမံချက်က နိုဝင်ဘာလ (၁၇) ရက်ကနေ သည်လ (၇) ရက်အထိ လျှောက်ခွင့်ပေးထားပါတယ်။ အထူးဂရန်စီမံချက်ကို ၁၉၉၃-၁၉၉၄ ခုနှစ်က တစ်ကြိမ် ဆောင်ရွတ်ပေးခဲ့ပြီး သည် ၂၀၁၅-၂၀၁၆ ခုနှစ်မှာ ၂၂ နှစ်ကြာမှ ဒုတိယအကြိမ် ပြန်လည် ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။
အထူးဂရန်လျှောက်ထားခွင့်က တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သာတေတ၊ ဒေါပုံ လေးမြို့နယ်ကို ပထမစီမံချက်နဲ့ ဆောင်ရွတ်ပေးတာ ဖြစ်ပါတယ်။
သာကေတမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးအောင်အောင်က "အခုလေးမြို့နယ်ပေါ့ ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နဲ့ မြို့တော်စည်ပင်က အကောင်အထည်ဖော်တာပေါ့၊ နောက်ပိုင်း တခြားမြို့နယ်တွေလည်း လုပ်ပေးဖို့ ရှိလာမယ်"လို့ ပြောပါတယ်။
အထူးဂရန် လျှောက်ထားဖို့ အချက် (၁၆) ချက်နဲ့ ပြည့်စုံရမှာ ဖြစ်ပါတယ်။ အဓိကအချက်တွေကတော့ ဂရန်လျှောက်တဲ့မြေပေါ်မှာ (၁၂) နဲ့အထက်နေထိုင်တာ၊ ဝင်လမ်းထွက်လမ်း (၈) ပေရှိတာ၊ အများပိုင်မြေ (ဌာနဆိုင်ရာမြေ)၊ ဘာသာရေးမြေနဲ့ ကင်းလွတ်ရပါမယ်။ မြစ်ချောင်းမြစ်ထွက်ပေါက်တွေနဲ့ အနည်းဆုံး ပေ (၃၀) ကွာဖို့ လိုအပ်ပါတယ်။
နေထိုင်သူတွေက သန်းခေါင်စာရင်းရှိရပါမယ်။ စည်ပင်က ကောက်ခံတဲ့ သန့်ရှင်ရေးအခွန်၊ အမှိုက်ခွန်စတဲ့ အခွန်ပေးဆောင် သူဖြစ်ရပါမယ်။ မီတာရှိတဲ့အိမ်တွေက အထူးဂရန်လျှောက်ဖို့ ပိုအဆင်ပြေတယ်လို့ သိရပါတယ်။
ဂရန်လျှောက်ထားတဲ့ မြေက စတုရန်းပေ (၁၂၀၀) သို့မဟုတ် (၂၄၀၀) ရှိရမှာ ဖြစ်ပါတယ်။ မြေကွက်ပုံစံ မမှန်ပေမယ့် သတ်မှတ်ထားတဲ့ စုစုပေါင်းမြေအကျယ် ၁၂၀၀၊ ၂၄၀၀ စတုရန်းပေ ပြည့်ရင် ရပါတယ်။
မြေအကျယ်က နှစ်ဦးသုံးဦးပေါင်းမှ စတုရန်းပေ ၁၂၀၀ ရှိလည်း စုပေါင်းပြီး လျှောက်ထားနိုင်ပါတယ်။ ဂရန်နာမည်မှာလဲ စုပေါင်းလျှောက်တဲ့သူ နာမည်တွေနဲ့ အမည်ပေါက်ထွက်ပေးမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့တော ်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနဲ့ မြေယာစီမံခန့်ခွဲမှုဌာန ဌာနမှုး ဦးသန်းဌေးက "ကျူးကျော်တွေကို ပေးတာမဟုတ်ပါဘူး၊ ဟိုတုန်းက မြို့သစ်တွေတည်တုန်းက ဌာနရဲ့ မြေလွတ်တာတွေ ရှိခဲ့တယ်၊ အဲဒီမှာ ပိုင်ဆိုင်မှုမရှိပဲ အကြောင်းအမျိုးမျိုးကြောင့် ဂရန်မရှိတဲ့သူတွေကို ပေးတာ"လို့ ပြောပါသည်။
ဂရန်ဘယ်နှစ်ခု ချပေးမယ်ဆိုပြီး သတ်မှတ်ထားတာမရှိပါဘူး။ မြို့နယ်က တင်ပြတာတွေကို ကော်မတီက စိစစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့က အတည်ပြုတဲ့ စာရင်းတွေကို ပေးမှာဖြစ်ပါတယ်။
သာကေတမြို့နယ်မှာ ဂရန်မရှိပဲ (ကျုးကျော်သဘောမျိုး) နေထိုင်သူ ၃၀၀၀ ခန့်ရှိပါတယ်။ အထူးဂရန်စီမံချက်နဲ့ ကိုက်ညီသူ (၁၀၀) ခန့်သာရှိပါတယ်။ မြောက်ဥက္ကလာက လျှောက်ထားသူ (၁၀၀၀) ခန့်နှင့် ဒေါပုံမြို့နယ် ကတော့ အထူးဂရန်လျှောက်ထားသူ (၄၂၅) ဦးခန့်သာရှိ ပါတယ်။
အထူးဂရန်ကို ရပ်ကွက်အုပ်ချုပ်ရေးမှုးက တစ်ဆင့် လျှောက်ထားရမှာ ဖြစ်ပြီး မြို့နယ်စည်ပင်သာယာရေး ကော်မတီက မြေပြင်မှာ စစ်ဆေးတိုင်းတာပြီး မြို့ပြစီမံကိန်းနှင့် မြေယာစီမံခန့်ခွဲမှုဌာနကို အဆင့်ဆင့် တင်ပြပေးမှာ ဖြစ်ပါတယ်။
Shweproperty.com
Photo Credit : Camgozler
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ