By Myanmar Builders Guide, Shweproperty.com
Updated at 24 July 2019
ကိုရီးယား LH ကော်ပိုရေးရှင်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသည့် ညောင်နှစ်ပင်စခန်းကို ၂၀၂၀ နှစ်ဆန်းတွင် စက်မှုဇုန်အဖြစ် ပြောင်းလဲတည်ဆောက်ရန်ပထမအဆင့်ကို စတင်မည်ဖြစ်ကြောင်း ပြောထားသည်။
၂၀၁၉ ဖေဖော်ဝါရီတွင် ကိုရီးယားစက်မှုဇုန်ထူထောင်ရေး ရင်းနှီးမြှုပ်နှံမှုကော်မရှင်က LH ကော်ပိုရေးရှင်းကို ခွင့်ပြုမိန့်ပေးခဲ့ပြီး ညောင်နှစ်ပင်စခန်းမြေ ဧက ၅၅၀ တွင် ပထမအဆင့်အဖြစ် မြေဧက ၃၀၀ တွင် စတင်မည်ဟု အဆိုပါကော်ပိုရေးရှင်းက ဆိုသည်။
မြန်မာနိုင်ငံဘက်မှ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကိုရီးယား အစိုးရပိုင်LH ကော်ပိုရေးရှင်းတို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။ LH ကော်ပိုရေးရှင်း ရန်ကုန်ရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက JVA လို့ခေါ်သည့် အကျိုးတူပူးပေါင်းမှုသဘောတူညီမှုကို စတင်မည်ဖြစ်ပြီး ၂၀၂၀ နှစ်ဆန်းတွင် မြေပြင်လုပ်ငန်းများ စတင်မည်ဖြစ်ကြောင်း ပြောထားသည်။ ညောင်နှစ်ပင်မြို့ပြစီမံကိန်းသည် အမေရိကန်ဒေါ်လာတစ်ဘီလီယံ တန်ဖိုးရှိပြီး မြန်မာနိုင်ငံက ရှယ်ယာ ၄၀ ရာခိုင်နှုန်း၊ ကိုရီးယားအစိုးရက ၆၀ ရာခိုင်နှုန်းပိုင်ဆိုင်မည်ဖြစ်ကြောင်းသိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးက အကောင်အထည်ဖော်မည့် စီမံကိန်းများ၌ စက်မှုလုပ်ငန်း ဧရိယာ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာ၊ သင်တန်းကျောင်း၊ အိမ်ရာနှင့်စီးပွားရေးဆိုင်ရာ အဆောက်အအုံများပါဝင်မည်ဖြစ်ကြောင်းပြောထားသည်။
မြေဧက ၆၀၀ ပေါ်တွင် အဆိုပါစီမံကိန်းအကောင်အထည်ဖော်ရန် ကိုရီးယားဘက်က စီစဉ်ခြင်းဖြစ်သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရန် အမျိုးသားညီလာခံကျင်းပခဲ့သည့် သမိုင်းဝင်အဆောက်အအုံအပါအဝင်မြေဧက ၃၀ ကျော်ကို အစိုးရထံ ပြန်လည်ပေးအပ်ရ၍ ဧက ၅၅၀ ကျော်သာ ပြုလုပ်ခွင့်ရခဲ့ ကြောင်း LH ကထုတ်ပြန်ထားပြီး ကိုရီးယား-မြန်မာ မြို့ပြစက်မှုဇုန်စီမံကိန်း (KMIC) အကောင်အထည်ဖော်ရန် ၂၀၁၇ ဇွန်လ ၁၆ ရက် တွင် ကိုရီးယားနိုင်ငံဂျယ်ဂျူးကျွန်း၌ နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ