အဆောက်အဦးကြီးများတွင်သာမကဘဲ အိမ်ဆောက်လုပ်ရာတွင်ပါ အသုံးများသောအုတ်အမျိုးအစားများကို စိစစ်ရွေးချယ်နိုင်ရန် ဖော်ပြပေးလိုက်ပါသည်။


 ၁။ သာမာန်ရိုးရိုးအုတ်


သာမန်အဆောက်အအုံများတွင် သုံးသောရိုးရိုးအုတ်များကို မြန်မာနိုင်ငံအနှံ့အပြားမှာတွေ့ရှိနိုင်ပါသည်။ အဆိုပါအုတ်များကို လယ်ကွက်အတွင်းမှတူးဖော်ရရှိကာ မြေစေးတို့ဖြင့် ပြုလုပ်ထားပြီး အရပ်ဒေသလိုက်၍ အုတ်ပုံစံနှင့် အရွယ်အစားအနည်းငယ်ပြောင်းလဲမှု ရှိနိုင်ပါသည်။


အုတ်ချပ်မျက်နှာပြင်တစ်ဖက်တွင် ချိုင့်ခွက်များပါရှိတတ်သောကြောင့် အုတ်ချပ်ကိုကိုင်တွယ်ရာမှာ လွယ်ကူပေ့ါပါးစေသည့်အပြင် အုတ်တစ်ချပ်နှင့် တစ်ချပ်အကြားရှိ အင်္ဂတေဆက်ကြောင်းများကို ပိုမိုဆက်စပ်ခိုင်မြဲစေနိုင်ပါသည်။ အုတ်နံရံများစီသောအခါ ချိုင့်ခွက်ကလေးများပါသော အုတ်မျက်နှာပြင်ကို အပေါ်မှထား၍စီရမည်။


၂။ မီးခံအုတ်


မီးခံအုတ်ကို မီးအပူဒဏ်ခံနိုင်သောရွှံ့စေးမြေတစ်မျိုးမှထုတ်ယူရရှိကာ မြေစေးတွင် သဲကျောက် ၅၅ ရာခိုင်နှုန်းမှ ၇၇ ရာခိုင်နှုန်းနှင့် အလူမီနာ ၂၂ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိ ပါဝင်ပြီးအပူရှိန် 1400 ဒီဂရီစင်တီဂရိတ် တိုင်အောင်မီးဖုတ်ပေးခြင်းဖြင့် မီးခံအုတ်များကို ရရှိနိုင်ပါတယ်။


မီးအပူရှိန် 2000 ဒီဂရီစင်တီဂရိတ် အထိခံနိုင်သော အုတ်ကိုရရှိလျှင် သဲကျောက်မှုန့် ၉၅ ရာခိုင်နှုန်း မှ ၉၇ ရာခိုင်နှုန်းနှင့် ထုံးတို့ကို ရောစပ်ကာ ဖိနှိပ်သွင်းခြင်းဖြင့် မီးခံအုတ်များကို ရရှိသည်။


မီးခံအုတ်များကိုဘွိုင်လာအိုး၏ အောက်ခံခုံများ၊ မီးဖိုများနှင့် အခြားအပူဒဏ်ခံရန် လိုအပ်သောနေရာများတွင် ထည့်သွင်းအသုံးပြုနိုင်ပါသည်။





၃။ ကြွေရည်သုတ်အုတ်


မီးခံသည့် မြေစေးတစ်မျိုးအား ပုံသွင်းကာ သင့်တော်သော ကြွေရည်သုတ် သို့မဟုတ် ချော်ရည်များ သုတ်လိမ်း၍ မီးဖုတ်ခြင်းဖြင့် ရရှိပါသည်။ ယင်းအုတ်များက ရေတိုက်စားခြင်း၊ အက်ဆစ်များ ထိတွေ့ခြင်းတို့မှ ကာကွယ်ရန်နှင့် မျက်နှာပြင်ချောမွေ့ လှပစေရန် glazing ပြုလုပ်ပေးရမည်။


Glazing ပြုလုပ်နည်း (၃) မျိုးကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။


(က) Natural Glazing : အုတ်များကို အပူချိန်များစွာ ပေးလိုက်သောအခါ ရွှံ့စေးမှုန့်များ တစ်ခုနှင့်တစ်ခု အရည်ပျော် ပေါင်းစပ်သွားခြင်းဖြင့် ရရှိပါသည်။


(ခ) Common Salt Glazing : အုတ်များဖုတ်သောအခါ ရိုးရိုးဆားကို အုတ်များပေါ်သို့ ပက်ဖျန်းပေးခြင်းဖြင့် အုတ်မျက်နှာပြင်ပေါ်တွင် ဓာတ်ပြုကာ ဖြစ်ပေါ်လာ၍ ချောမွတ်သော အုတ်များကို ရရှိနိုင်ပါသည်။


(ဂ) Glazing with Special Solution : မိမိအလိုရှိရာအရောင်နှင့် ကြွေရည်များကို မီးမဖုတ်မီ သုတ်လိမ်း၍ မီးဖုတ်ခြင်းဖြင့်လည်း လှပပြီး အရောင်အမျိုးမျိုးရှိသော အုတ်များကို ရရှိပါသည်။


 ၄။ အင်ဂျင်နီယာသုံးအုတ်


မီးအပူဒဏ်ပြင်းစွာ ခံနိုင်သည့် မြေစေးမျိုးကို ကျစ်လစ်သိပ်သည်းအောင် ပုံစံသွင်းယူကာ မီးဖုတ်ခြင်းဖြင့် ရရှိပြီး အုတ်အရောင်မှာ အနည်းငယ် ပြာ၍ ရေမစုပ်နိုင်သည့်အပြင် အလွန် မာကျောသော အုတ်တစ်မျိုးဖြစ်သည်။ ထိုအုတ်များကို တံတားအောက်ခံတိုင်များ၊ သင်္ဘောဆိပ်ခံတိုင်ကြီးများနှင့် အခြားအလေးဝန်ခံနေရသော နေရာများတွင် အသုံးပြုကြတာများပါသည်။





 ၅။ အပေါက်ကလေးများပါသောအုတ်


ပုံစံသွန်းလောင်းပြီး ရွှံ့စေးကို 3/8″ မှ 5/8″ အချင်းရှိသည့် အပေါက်ကလေးများ (အနည်းဆုံး ၁၀ပေါက်မှ အများဆုံးအထိ) ဖောက်၍ မီးဖုတ်ခြင်းဖြင့် ရရှိသော အုတ်တစ်မျိုး ဖြစ်ပါသည်။


ထိုအုတ်များဟာ ရွှံ့စေးအကုန်သက်သာခြင်း၊ အခြောက်လှန်းရာ၌ လည်းကောင်း၊ မီးဖုတ်ရာ၌ လည်းကောင်း လွယ်ကူလျင်မြန်ခြင်း၊ အလေးချိန်ပေါ့ပါး၍ အကုန်အကျသက်သာခြင်း၊ အုတ်တစ်ချပ်နှင့်တစ်ချပ်အကြား အင်္ဂတေ ကောင်းမွန်စွာ စွဲမြဲခိုင်မာစေခြင်း စသော အကျိုးကျေးဇူးများကြောင့်များစွာ ထုတ်လုပ် အသုံးပြုလျက်ရှိပါတယ်။


၆။ ခေါင်းပွအုတ်


အုတ်များကို သာမန်အုတ်များ ပြုလုပ်သည့် မြေစေးမျိုးနှင့်ပင် ပြုလုပ်နိုင်ပါတယ်။ ရွှံ့စေးထဲ၌ ခဲလုံးကလေးများ မပါစေရန် အထူးဂရုပြုကာ ပုံသွင်းရာ၌ ရွှံ့စေးတွင် လေများ မခိုအောင်းစေရန် လေစုပ်ယူနိုင်သည့် လွန်စက်များဖြင့် ပုံသွင်းကာ သင့်လျော်သည့် အပေါက်များပါသောအုတ်ကို ဖိနှိပ်ပုံသွင်းယူပြီး မီးဖုတ်ခြင်းဖြင့် ခေါင်းပွအုတ်များ ရရှိနိုင်ပါသည်။ ထိုအုတ်များကို အသုံးပြုခြင်းဖြင့်နံရံ အလေးချိန် ပေါ့ပါးခြင်း၊ အပူအအေးမျှတခြင်း၊ စွတ်စိုထိုင်းမှိုင်းခြင်းမှ ကာကွယ်ခြင်း၊ အသံလုံခြင်း စသောအကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။


၇။ ပေါ့ပါး၍ ပွသောအုတ်


 အုတ်များမှာ မြေစေးတစ်မျိုးသော်လည်းကောင်း၊ မီးလောင်ကျွမ်းသွားသည့် လွှစာ၊ စပါးခွံ၊ မီသွေးမှုန့် စသည့် ပစ္စည်းများကို မြေစေးနှင့် ရောစပ်၍လည်းကောင်း မီးဖုတ်ခြင်းဖြင့် ရရှိပါတယ်။ ထိုအုတ်များကို ယာယီအုတ်စီခြင်း လုပ်ငန်းနေရာမျိုးတွင် အသုံးပြုလျက်ရှိပါသည်။


 ၈။ ဘိလပ်မြေနှင့် ရောစပ်သောအုတ်


သဲများသော မြေမျိုးတွင် ဘိလပ်မြေ ၅ ရာခိုင်နူန်းထက် မနည်းရော၍ ဖိနှိပ်စက်ဖြင့် ပုံသွင်းယူကာ ထိုအုတ်မျိုးကို မီးမဖုတ်ရပဲ အချိန် ၂ပတ်ကြာမျှ အဝတ်စိုများ အုပ်ထားခြင်းဖြင့် ဘိလပ်မြေအိပ်ပြီး မာကျောလာကာ ရရှိလာခြင်း ဖြစ်ပါတယ်။ အတွင်းနံရံများကို အုတ်စီရာတွင် အသုံးပြုပါတယ်။


 ၉။ သဲနှင့် ထုံးရောစပ်သောအုတ်


သန့်ရှင်းသောသဲတွင် လတ်ဆတ်သည့် ထုံး ၁၀ ရာခိုင်နှုန်းကို သမအောင် ရောစပ်ပြီး အားကောင်းသော ဖိနှိပ်စက်ဖြင့် ပုံသွင်းယူကာ ခိုင်မာလာစေရန် ပေါင်းအိုးတွင် 100 to 200 lbs / sq-in အင်အားရှိသည့် ရေငွေ့ဖြင့် ၃ နာရီခန့် ထားရပါမည်။ အဆောက်အုံအတွင်း နံရံများကို အုတ်စီရာတွင် အသုံးပြုပါသည်။


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


PAE စနစ် နဲ့ အိမ်ဆောက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ


အိမ်ဆောက်ရင် ဘေးအန္တရယ်ကင်းအောင် လှေကားထစ် ဘယ်နှထစ်ထားရမလဲ


သစ်တွက်နည်း


Posted By : Sint Sint (ShweProperty.com)