By Myanmar Times, Shweproperty.com
Updated at 27 June 2019
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံလူတန်းစားတွေ အိမ်ပိုင်ဆိုင်နိုင်ဖို့ အစိုးရက တန်ဖိုးနည်း အိမ်ရာတွေကို ရန်ကုန်တိုင်းဒေသကြီးရဲ့ မြို့နယ်အချို့မှာ တည်ဆောက်ရောင်းချပေးနေတာ နှစ်အတော်အတန်ကြာ ရှိနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်ရာဝယ်ယူရေးအပိုင်း၊ နေထိုင်ရေးအပိုင်းတွေမှာ အခက်အခဲတွေ ရှိနေဆဲဖြစ်ပါတယ်။
အစိုးရကရောင်းချတဲ့ တန်ဖိုးနည်းအိမ်ရာတစ်ခုဖြစ်တဲ့ ယုဇနတန်ဖိုးနည်းအိမ်ရာမှာ အိမ်ခန်းတွေကို မဲပေါက်ပြီးဖြစ်ပေမဲ့ လူနေထိုင်ဖို့ အသင့်မဖြစ်သေးတာတွေ၊ ဆောက်လုပ်ပြီးအခန်းတွေက မီးကြိုး၊ ရေပိုက် စတာတွေကို ခိုးယူ ခံရပြီး တိုက်ခန်းအသစ်တွေမှာ ပျက်စီးမှုတွေ အများပြား ဖြစ်ပေါ်နေပါတယ်။
ဒီအိမ်ရာမှာ နေထိုင်ကြတဲ့သူတွေရဲ့ ဒုတိယကြီးမားတဲ့ စိန်ခေါ်မှုကတော့ အဆောက်အအုံရဲ့ကြံ့ခိုင်မှုပဲ ဖြစ်ပါတယ်။အာရ်စီအဆောက်အအုံဖြစ်ပေမဲ့ ကန်ထရိုက်တွေရဲ့ ဆောက်လုပ်မှုအရည်အသွေး ညံ့တာကြောင့် တိုက်ခန်းရဲ့ နေရာတော်တော်များများမှာ အက်ကွဲရာတွေနဲ့ ပြည့်နှက် နေပါတယ်။
ဒါ့ပြင် နေထိုင်ခွင့်ကျပြီးလို့ ဝင်ရောက်နေထိုင်လို့ရပေမဲ့မီးမရသေးတာတွေ၊ လမ်းဖောက်လုပ် မပြီးစီးသေးတာတွေ ရှိနေသေးတာကြောင့် နေထိုင်သူတွေအတွက် သက်သောင့်သက်သာမဖြစ်တာတွေက အိမ်ရာတွေကို စတင်ရောင်း ချစဉ်ကတည်းက ဖြစ်ပေါ်နေခဲ့တဲ့ အခက်အခဲတွေဖြစ် တယ်လို့ ယုဇနတန်ဖိုးနည်းအိမ်ရာ အပိုင်း(၂)ကို စတင်ရောင်းချစဉ် လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကတည်းက ဝယ်ယူ နေထိုင်ခဲ့တဲ့ ဒေါ်စုလှိုင်ထွေးက ပြောပါတယ်။
"စပြီးနေကတည်းက မီးကချက်ချင်းမရဘူး။ တစ်လ လောက်နေမှရတယ်။ လမ်းကလည်း မခင်းသေးတဲ့အပြင် ပတ်ပတ်လည်က ကျူးကျော်နေထိုင် သူတွေ ဝိုင်းနေတော့ ပစ္စည်းတွေ အခိုးခံရတာလည်း ခဏခဏပဲ။ အိမ်ရာလုံခြုံရေးအတွက်လည်း ခုချိန်ထိ ဘာမှရေရေရာရာ မလုပ်နိုင်သေးဘူး"လို့ ၎င်းက ဆိုပါတယ်။
အိုးအိမ်ဦးစီးဌာနအနေနဲ့ တိုက်ခန်းတွေကို မဲဖောက်ရောင်းချတဲ့အခါ အချိန်ကိုက်ညှိပြီး ရောင်းချရတာဖြစ်လို့ မဲပေါက်ပြီးပြီးချင်း အခန်းကိုသွားကြည့်မယ်ဆိုရင် အချို့အခန်းတွေကနေထိုင်ဖို့ အသင့်မဖြစ်သေးတာတွေ ရှိနိုင်ကြောင်း၊ နေထိုင်ခွင့်စာချုပ်ချုပ်ဆိုပြီးတဲ့အခါမှသာ အခန်းကို အပြီးသတ်အပ်နှံပေးမှာဖြစ်တယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အိမ်ရာဖွံ့ဖြိုးရေးဌာန ဒုတိယညွှန်ကြားရေးမ·း ဒေါ်ခင်သိင်္ဂီက ဆိုပါတယ်။
"တိုက်ခန်းတွေကို မဲဖောက်ရောင်းချတဲ့အခါ အချိန်သတ်မှတ်ချက်နဲ့ ချိန်ပြီးရောင်းရတာဖြစ်ပါတယ်။ မဲဖောက်ပြီး စာချုပ်ချုပ်ရမယ်၊ စာချုပ်ချုပ်ပြီးတဲ့အချိန်မှာ တိုက်ကအပြီးဖြစ်ရမယ်ဆိုပြီး ရောင်းတာဖြစ်ပါတယ်။ စာချုပ်ချုပ်နေတဲ့ကာလအတွင်းမှာ တိုက်တွေက ပြီးသွားမှာပါ"လို့ ၎င်းကပြောပါတယ်။
ဒါ့ပြင် နောက်ပိုင်း အသစ်မဲဖောက်ပေးတဲ့ အခန်းတွေ ဟာ အလုံးအထည်လိုက် တည်ဆောက်ပြီးစီးနေပေမဲ့ တိုက်အပြင်ဘက်မှာ အက်ကြောင်းရာတွေ ရှိနေတာကိုလည်း တွေ့ရပါတယ်။ တချို့တိုက်တွေဟာ အတွင်းပိုင်းပြင်ဆင်မှုမပြီးသေးဘဲ ပြုပြင်လက်စ အနေအထားမျိုး တွေလည်း ရှိနေပါတယ်။
တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းတွေထဲက တချို့ကို သံဖရိန် (Steel Structure) နဲ့ တည်ဆောက်ထားတာဖြစ်ပြီးတချို့ကိုတော့ အာရ်စီနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ ခြောက်ခန်းတွဲ လေးထပ် အဆောက်အအုံဖြစ်ပြီး တိုက်ခန်းပုံစံထက် ဝန်ထမ်းအိမ်ရာ လိုင်းခန်းတွေနဲ့ ပိုပြီးပုံစံတူပါတယ်။အဆောက်အအုံတည်ဆောက်ရာမှာ သုံးတဲ့ပစ္စည်းသာကွဲပြားပေမဲ့ အရည်အသွေးညံ့ဖျင်းမှုကတော့ တန်းတူပဲ ဖြစ်ပါတယ်။
မဲပေါက်တဲ့အခန်းတွေက နေထိုင်ဖို့ အဆင်မပြေတာ ကြောင့် အိမ်ရာ မဲဖောက်ရောင်းချပေးတဲ့ အိုးအိမ်ဦးစီး ဌာနကို သွားရောက်အကြောင်းကြားခဲ့ပေမဲ့ မကြိုက်ရင် မယူဖို့သာ ပြန်လည်တုံ့ပြန်ပြောဆိုခဲ့တယ်လို့ မကြာသေးမီ ကမှ ယုဇနအိမ်ရာ အပိုင်း(၁)မှာ အိမ်ခန်းမဲပေါက်ထားတဲ့ ဒေါ်နှင်းဝေထွန်းက ပြောပါတယ်။
"အက်ကြောင်းတွေပေါ်နေတာကို ပြင်နေတာ နှစ်ခါလောက်ရှိပြီ။ ဒီတိုက်ကိုကြည့်ပြီး ပြင်ပြီးရင်တောင် ဘယ်သူက ယူချင်တော့မှာလဲ။ အိုးအိမ်ကို ပြန်သွားပြောတော့လည်း စာချုပ်ချုပ်တာ ခြောက်လလောက်ကြာမယ် အဲဒီကျမှအခန်းပေးမှာဖြစ်လို့ မလိုချင်မယူလို့ ရတယ်လို့ပဲ ပြန်ပြောတယ်"လို့ ၎င်းက ပြောပါတယ်။
သူက လက်ရှိမှာ ယုဇနအိမ်ရာ အပိုင်း(၁) မှာ အခန်းငှားရမ်းနေထိုင်သူတစ်ဦး ဖြစ်ပါတယ်။ ဒေါ်နှင်းဝေထွန်းမဲပေါက်တဲ့ တိုက်ခန်းဟာ ပြင်ဆင်မှုမပြီးသေးတာကြောင့် လတ်တလောမှာ အိမ်ငှားအနေနဲ့ပဲ အဆိုပါအိမ်ရာထဲမှာ ဆက်လက်နေထိုင်နေပါတယ်။ သူ့နည်းတူပဲ ယုဇနအိမ်ရာထဲမှာ ကိုယ်တိုင်မဲပေါက်ပြီး နေထိုင်သူထက် ငှားရမ်းနေ ထိုင်သူက အများစုဖြစ်ပါတယ်။
အစိုးရက တကယ် အိမ်လိုအပ်နေတဲ့သူတွေ အတွက် အိမ်ရာတွေတည်ဆောက်ပြီး နှစ်ရှည်အရစ်ကျနဲ့ ရောင်းချပေးနေပေမဲ့ ဒီစီမံကိန်းတွေဟာ ပိုက်ဆံတတ်နိုင်တဲ့သူတွေအတွက်၊ ဌာနဆိုင်ရာတွေနဲ့ နီးစပ်တဲ့သူတွေအတွက် စီးပွားရေးအကွက်အကွင်းတစ်ခုလို ဖြစ်နေတယ်လို့ ယုဇနအိမ်ရာမှာ အငှားနေထိုင်ကြတဲ့သူတွေက ဆိုကြပါတယ်။
အစိုးရက ရောင်းချပေးတဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ငါးနှစ်အတွင်း ပြန်မရောင်းရဘူးလို့ ကန့်သတ်ထားပေမဲ့ လက်တွေ့ တကယ့်အခြေအနေမှာတော့ ဒီနေ့မဲပေါက်ပြီးရင် နောက်နေ့ ပွဲစားလက်ထဲရောက်ပြီး တစ်ဆင့်ပြန်ရောင်းချတာတွေကိုလည်း အများအပြား တွေ့မြင်လာရပါတယ်။
အိမ်ရာအတွင်း အဆင်မပြေမှုတွေကို လာရောက်ပြော ဆိုသူတိုင်းအတွက် အဆင်ပြေအောင် အကောင်းဆုံး ကြိုးစားဆောင်ရွက်ပေးနေပြီး ရှင်းပြညှိနှိုင်းကြတဲ့အခါ အဆင်ပြေမှုတွေ ရရှိခဲ့တယ်လို့ ဒေါ်ခင်သိင်္ဂီက ပြောပါတယ်။ ဒါ့ပြင် နောက်ထပ် အဆင်မပြေတဲ့ကိစ္စတွေ ရှိလာ ခဲ့ရင်လည်း ၎င်းထံသို့ လာရောက် အကြောင်းကြားနိုင်ပြီးအကောင်းဆုံး ကူညီဖြေရှင်းပေးမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
"နေ့တိုင်းလိုလို တိုင်ကြားမှုတွေကြုံတယ်။ ဒါပေမဲ့ ကိုယ့်ဘက်ကလည်း ချွတ်ယွင်းချက်လေးတွေရှိတဲ့အတွက် သေချာရှင်းပြလိုက်ရင် နားလည်ပြီးတော့ ပြန်သွားကြတာများပါတယ်။ အကြီးအကျယ် ပြဿနာတက်တာတော့ မရှိပါဘူး"လို့ ဒေါ်ခင်သိင်္ဂီက ဆိုပါတယ်။
လက်ရှိမှာ ပျက်စီးနေတဲ့ တချို့အိမ်ရာတွေကို အိုးအိမ်ဦးစီးဌာနက အင်ဂျင်နီယာတွေက ကွင်းဆင်းပြီး ပြုပြင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေကာ တော်တော်များများ ပြင်ဆင်ပြီးဖြစ်တယ်လို့လည်း ၎င်းကဆိုပါတယ်။
"မီးကြိုးတွေအခိုးခံရတဲ့နေရာတွေရှိတယ်။ ဒါတွေကို ကျတော့ နဏဃ နဲ့ညှိပြီးမှ ဆောင်ရွက်လို့ရတာဖြစ်လို့ အချိန်နည်းနည်းစောင့်ရတာတွေတော့ရှိတယ်။ ဒါပေမဲ့ ပြင်ဆင် နေတဲ့အတောအတွင်း မီးမရလည်း ကိစ္စမရှိဘူးဆိုပြီး တက်နေချင်တဲ့သူတွေကိုလည်း နေခွင့်ပေးထားပါတယ်"လို့ ဒေါ်ခင်သိင်္ဂီက ပြောပါတယ်။
တန်ဖိုးနည်းအိမ်ရာ လျှောက်ထားသူအချို့ဟာ အိမ်ရာမဲပေါက်ပြီး ဘဏ်ကို ပိုက်ဆံစသွင်းနေရပြီ ဖြစ်ပေမဲ့ မဲပေါက်တဲ့အိမ်က နေထိုင်လို့ မရနိုင်သေးတာကြောင့် အိမ်ငှားအနေနဲ့ပဲ ဆက်လက်နေထိုင်နေရပါတယ်။ အိမ်ငှားခကတစ်ဖက်၊ ဘဏ်ကို ငွေအရစ်ကျသွင်းရတာက တစ်ဖက်ဖြစ်တာကြောင့် အဆင်မပြေမှုတွေ ရှိနေတယ် လို့လည်း ဒေါ်နှင်းဝေထွန်းက ပြောပါတယ်။
"အိမ်စာချုပ်ကလည်း ပြည့်နေပြီ။ အိမ်ကဘယ်တော့ ရမယ်မသိတော့ ငှားရမယ့်အိမ်က ဘယ်နှစ်လ ချုပ်ရမှန်းလည်း မသိသေးဘူး။ ပိုက်ဆံကလည်း ဘဏ်ကိုသွင်းလိုက် တော့ အိမ်ငှားဖို့ အခက်အခဲရှိနေတယ်"လို့ သူက ဆိုပါတယ်။
တိုက်ခန်းများကို မဲဖောက်ရောင်းချပြီး ငါးပတ်အတွင်းမှာ ဘဏ်မှာငွေသွင်းခြင်း၊ ချေးငွေရယူနိုင်ရန် ဝင်ငွေရ လမ်းပြခြင်း စတဲ့လုပ်ငန်းတွေကိုလုပ်ကိုင်ပြီး အချက်အလက်ခိုင်မာမှုရှိသူတွေကို မဲဖောက်ပြီး စုစုပေါင်း အချိန် နှစ်လအတွင်း အိမ်စာချုပ်ချုပ်ပြီး နေထိုင်ခွင့် ချထားပေးလေ့ရှိတယ်လို့ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနက သိရပါတယ်။
Ref & Photo Credit : Myanmar Times
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ