By Myanmar Builders Guide, Shweproperty.com
Updated at 3 December 2018
နိုင်ငံတော်အတွင်း တည်ဆောက်ရေးလုပ်ငန်းများအား ခေတ်နှင့်လျော်ညီသော (ကြိုတင်သွန်းလောင်းမှု) Precast နည်းပညာ နှင့် အခြားသင့်လျော်သော နည်းပညာများ အသုံးပြုတည်ဆောက်ရန် တိုက်တွန်းကြောင်း အဆိုအား ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်၌ နိုဝင်ဘာ ၂၈ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး သတ္တမနေ့ တွင် ဂန့်ဂေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က နိုင်ငံတော်အတွင်း တည်ဆောက်ရေးလုပ်ငန်းများအား ခေတ်နှင့်လျော်ညီသော (ကြိုတင်သွန်းလောင်းမှု) Precast နည်းပညာနှင့် အခြားသင့်လျော်သော နည်းပညာများ အသုံးပြုတည်ဆောက်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။
“တိုင်းပြည်ရဲ့ တိုးတက်ဖွံ့ဖြိုးမှုမှာ အခြေခံအဆောက်အအုံ Infrastructure တွေ တည်ဆောက်ခြင်းဟာ အဓိက လုပ်ငန်းတစ်ရပ်ဖြစ်ပါတယ်။ အခုဆိုရင် နိုင်ငံအနှံ့အပြားမှာ လမ်း၊ တံတားများနဲ့ ဆေးရုံ၊ ရုံး၊ ကျောင်း၊ ဝန်ထမ်းအိမ်ရာ အစရှိတဲ့ လူတို့ရဲ့ အခြေခံလိုအပ်ချက်များကို ဦးစားပေးတည်ဆောက်လျက် ရှိကြပါတယ်။ မြို့ကြီးသာမက ကျေးလက်အထိ အမျိုးမျိုး တည်ဆောက်လျက်ရှိရာမှာ ရှေးအချိန်ကတည်းက အသုံးပြုခဲ့တဲ့ ရှေးရိုးစဉ်လာ နည်းစနစ်များကိုသာ မပြောင်းလဲဘဲ အသုံးပြုတည်ဆောက်နေကြတာဖြစ်ပါတယ်။
လက်ရှိ မန္တလေးမြို့တော်မှာ စတင် ပြောင်းလဲအသုံးပြုနေတဲ့ Precast နည်းပညာနဲ့ ရေမြောင်းများတည်ဆောက်ခြင်းကဲ့သို့ ပြုပြင်ပြောင်းလဲလို့ရတဲ့ နေရာတွေ၊ လုပ်ငန်းတွေမှာ အဆင့်မြင့် ခေတ်နဲ့လျော်ညီတဲ့ နည်းပညာများကို အသုံးပြုသင့်ပြီလို့ ယူဆတဲ့အတွက် ဒီအဆိုကို တင်သွင်းရခြင်းဖြစ်ပါတယ်” ဟု အဆိုရှင် ဒေါ်ယဉ်မင်းလှိုင်က ပြောကြားသည်။
Precast နည်းပညာသည် လူလုပ်အားထက် စက်အားဖြင့် ပိုမိုကောင်းမွန်ထိရောက်သော လုပ်ငန်းလုပ်ဆောင်နိုင်သည့် ပညာရပ်ဖြစ်ပြီး အုတ်နံရံနှင့်စီမံမည့်အစား၊ အုတ်ဖုတ်မည့်အစား၊ Steel သံချောင်းသုံးမည့်အစား၊ Wire Mesh ခေါ် စွမ်းအားမြှင့် သံမျှင်များနှင့် ကွန်ကရစ်ကို Mould များထဲတွင် တစ်ခါတည်း စက်ဖြင့် အလိုရှိသောပုံစံကို သွန်းလောင်းယူလို့ရပြီး ကမ္ဘာ့အနှံ့အပြား အသုံးပြုနေကြပြီ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ဆက်လက်ပြီး Precast နည်းပညာအသုံးပြုခြင်းအားဖြင့် သယံဇာတအရင်းအမြစ်များကို ချွေတာစွာ၊ တိကျစွာ၊ အလေအလွင့်နည်းပါးစွာ အသုံးပြုနိုင်မည်ဖြစ်ပြီး လက်ရှိသုံးနေသည့်နည်းလမ်းများထက် အဆများစွာ တာရှည်ခံမည်ဖြစ်ကာ ခန့်မှန်းခြေ နှစ် ၅၀ ခန့် ရေရှည်ခံသော အခြေခံအဆောက်အအုံများ ရရှိလာမည်ဖြစ်ကြောင်း၊ ယေဘုယျအားဖြင့် Concrete ရာခိုင်နှုန်း ၂၀ သက်သာပြီး စတီးသံချောင်း အသုံးပြုမှု ရာခိုင်နှုန်း ၃၀ သက်သာမည်ဖြစ်ကြောင်း၊ ငလျင်၊ မုန်တိုင်း၊ ရေဘေး၊ မီးဘေး စသည့် သဘာဝဘေးအန္တ ရာယ်များကို ခံနိုင်ရည်ရှိသည့် စိတ်ကြိုက်အရည်အသွေးကို ကြိုက်သောအရောင်အသွေးထည့်ပြီး ထုတ်လုပ်နိုင်သည့်အတွက် ဆေးသုတ်သည့် ကုန်ကျစရိတ်ပါ သက်သာမည်ဖြစ်ကြောင်း၊ တည်ဆောက်ရာတွင်လည်း အချိန်နှင့်လုပ်အား ကုန်ကျစရိတ် အလွန်သက်သာပြီး ဒေသထွက်ပစ္စည်းကို သုံးစွဲနိုင်ခြင်းကြောင့် ရေရှည်အတွက် အင်မတန်အကျိုးရှိမည်ဖြစ်ကြောင်းနှင့် အရည်အသွေးကို စစ်ဆေးရန်လွယ်ကူပြီး အထူးသဖြင့် Mould တစ်ခုကို ထပ်ခါထပ်ခါ အသုံးပြုနိုင်သည့် အတွက် ပုံစံတူသော ဆေးရုံ၊ ကျောင်း၊ ဈေး၊ ဝန်ထမ်းအိမ်ရာလို နေရာများအတွက် အထူးသင့်လျော်ကြောင်း အဆိုရှင်က ပြောကြား သည်။
အဆိုရှင်ဒေါ်ယဉ်မင်းလှိုင်၏ အဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးကာ လက်ခံဆွေးနွေးရန် သင့်မသင့် လွှတ်တော်အဆုံးအဖြတ်ရယူရာတွင် လက်ခံဆွေးနွေးရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ