By EMG, Shweproperty.com
Updated at 1 December 2013
ဗိုလ်တထောင်ဆိပ်ကမ်း ရေပေါ်ဟိုတယ် ဧရိယာ၌ ပထမဆုံး ဖွင့်လှစ်မည့် VINTAGE LUXURY ရေပေါ်ဟိုတယ်သစ်အား လာမည့်ဇန်နဝါရီ လကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
"သင်္ဘောအပြင်ပိုင်း ပြင်ဆင်မှုတွေ ပြုလုပ်ပြီးပါပြီ။ ဟိုတယ်အတွင်းပိုင်း ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ဇန်နဝါရီ လကုန်ပိုင်းလောက်မှာ ရေပေါ်ဟိုတယ်ကို ဖွင့်လှစ်နိုင်မှာပါ" ဟု လှလှပပ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
လက်ရှိတွင် ဗိုလ်တထောင် ဆိပ်ကမ်း၌ ရေပေါ်ဟိုတယ် သင်္ဘောဆိုက်ကပ်မည့် ဆိပ်ခံတံတား နှစ်စီးအား တည်ဆောက်နေပြီး၊ မကြာခင် အချိန်တွင် ပြီးစီးတော့မည်ဟု သိရသည်။ ဗိုလ်တထောင် ဆိပ်ကမ်းအား မြစ်လယ်သို့ မြေဖို့ပြီး ဆိပ်ကမ်းမြေနေရာ တိုးချဲ့ကာ ရေပေါ်ဟိုတယ် ဧရိယာအဖြစ် တိုးချဲ့တည်ဆောက်ရန် ဆိပ်ကမ်းအမှတ် ၃ ဘောတံတားမှ အမှတ် ၁ ကုန်းတွင်း ကုန်သေတ္တာစင်ထိပ်ထိ ကမ်းနားတစ်လျှောက် ရေကာတံတိုင်း ဆောက်လုပ်၍ မြေဖို့ပြီး မြေနေရာ တိုးချဲ့ခြင်းများ ပြုလုပ်ရန် ၂၀၁၂ ဇူလိုင်လအတွင်း သတ်မှတ်ခဲ့သည်။
အဆိုပါ ဗိုလ်တထောင်ဆိပ်ကမ်း ရေပေါ်ဟိုတယ် ဧရိယာ၌ လှလှပပ ကုမ္ပဏီ လိမီတက်က ရေပေါ်ဟိုတယ် တည်ဆောက်ရေး စီမံကိန်းအား စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှလှပပ ကုမ္ပဏီမှ ရေပေါ်ဟိုတယ် ဖွင့်လှစ်ရန် ဖင်လန်နိုင်ငံမှ တန်ချိန်နှစ်ထောင်ကျော်ရှိသည့် စက်မဲ့သင်္ဘော တစ်စီးအား ဝယ်ယူခဲ့ကြောင်း သိရသည်။ ယင်းသင်္ဘောသည် သြဂုတ် ၁၈ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိပြီး၊ ယင်းသင်္ဘောအား ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများကို မြန်မာ့သင်္ဘောကျင်းရှိ ၁၂၀၀၀ ရေလုံ သင်္ဘောကျင်းတွင် ဆောင်ရွက်ခဲ့သည်။ အဆိုပါ စက်မဲ့သင်္ဘောသည် အလျား ၁၀၆ မီတာ၊ အကျယ်အဝန်း ၁၈.၄ မီတာ၊ ရေစူး ၂ မီတာနှင့် တန်ချိန်နှစ်ထောင်ကျော် ရှိကြောင်း သိရသည်။
သင်္ဘောအား ပြုပြင်ခြင်း လုပ်ငန်းများကို စက်တင်ဘာလမှ စတင်ကာ လုပ်ဆောင်လျက်ရှိပြီး ဇန်နဝါရီ လကုန်ပိုင်းတွင် အပြီးသတ် ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။ ဗိုလ်တထောင်ဆိပ်ကမ်း ရေပေါ်ဟိုတယ် ဧရိယာ၌ ပထမဆုံး ဖွင့်လှစ်မည့် လှလှပပ ကုမ္ပဏီပိုင် ရေပေါ်ဟိုတယ် သင်္ဘောတွင် နှစ်ယောက်ခန်း ၁၀၄ ခန်း ပါဝင်ပြီး၊ စားသောက်ခန်း နှစ်ခန်းနှင့် ဘားကောင်တာများ ပါမည်ဖြစ်သည်။
Ref : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ