By Myanmar Times, Shweproperty.com
Updated at 24 August 2015
မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်မှာ မြို့သစ်ရပ်ကွက်ကြီးရဲ့ အိမ်ခြံမြေဈေးကွက်ဟာ အရေးပါတဲ့အပိုင်းက ပါဝင်နေပါတယ်။
မြို့ရဲ့ အရှေ့တောင်ဘက်ပိုင်းမှာရှိတဲ့ မြို့သစ်ရပ်ကွက်ကြီးမှာ အကြမ်းဖျင်းအားဖြင့် လူနေကျဲပါးတဲ့ဧရိယာနဲ့ လိုအပ်တဲ့ မြို့ပြဆိုင်ရာ အခြေခံအဆောက်အအုံ ုံတွေ ပြည့်စုံနေတဲ့ ဧရိယာအဖြစ် တွေ့မြင်နိုင်မှာဖြစ်ပြီး၊ အဲဒီအထဲမှာ ဈေးကွက်ဝင်အလားအလာကောင်းတဲ့ ရပ်ကွက်ကြီးတွေလည်း အများအပြား ရှိနေပြီဖြစ်ပါတယ်။
‘ဆ’ ရပ်ကွက်ဟာ အခြေကျပြီးဖြစ်တဲ့ မြို့သစ်ဧရိယာရဲ့ အနောက်ဘက်အစွန်ဆုံး အပိုင်းမှာရှိပြီး မြို့နယ်အနေနဲ့ ချမ်းမြသာစည်မြို့နယ်အတွင်းမှာ ရှိပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်တာကာလကို ပြန်လှည့်ကြည့်ရင် ‘ဆ’ ရပ်ကွက် ဟာ မြို့သစ်ဧရိယာရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ထိပ်တန်းရပ်ကွက်သုံးခုလောက်ထဲမှာ စာရင်းမဝင်ပေမယ့် လက်ရှိမှာတော့အရင်ကထက်များစွာသာလွန်တဲ့အခြေ အနေကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။
အိမ်ခြံမြေကဏ္ဍမှာ ရင်းနှီးမြှုပ်နှံလိုသူ တွေအနေနဲ့ ‘ဆ’ ရပ်ကွက်ကို စိတ်ဝင်စားသင့်တဲ့ အကြောင်းအရင်းတွေထဲမှာ ပြောင်းလဲ ဖွံ့ဖြိုးလာတဲ့ အိမ်မြေအကွက်အကွင်းနဲ့ လမ်းပန်းဆက်သွယ်ရေး သိသာကောင်းမွန်လာမှုက အကောင်းဆုံးအချက်တွေဖြစ်နေပါတယ်။
အဓိကအားဖြင့် ‘ဆ’ ရပ်ကွက်နဲ့ သိပ္ပံလမ်းကို တိုက်ရိုက်ချိတ်ဆက်ပေးတဲ့ ၇၃ လမ်းမကြီး ကောင်းမွန်လာမှုနဲ့ ၇၃ လမ်းနဲ့ သိပ္ပံလမ်းပေါ်က မြို့ပြဆိုင်ရာအခြေခံအဆောက်အအုံတွေက ‘ဆ’ ရပ်ကွက်ရဲ့ အိမ်ခြံမြေဈေးကွက်ကို အထက်ရောက်အောင်ဆက်ပြီး တွန်းပို့ပေးဦးမှာဖြစ်ကြောင်း မြို့သစ်က အိမ်ခြံမြေအကျိုးဆောင်တချို့က သုံးသပ်ကြပါတယ်။
လတ်တလောမှာ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်သိပ်မဖြစ်ပေမယ့် ‘ဆ’ ရပ်ကွက်ရဲ့အိမ်မြေဈေးနှုန်းကတော့ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကစပြီး ခေါ်ဈေးတွေ သိသိသာသာမြင့်လာခဲ့တာကို တွေ့ရပါတယ်။
‘ဆ’ရပ်ကွက်ရဲ့အကောင်းဆုံးလမ်းတွေလို့ဆိုရမယ့် တောင်မြောက်သွား ၆၈ လမ်းနဲ့ အရှေ့အနောက်သွား ငုရွှေဝါလမ်းတွေပေါ်က အိမ်မြေဈေးနှုန်းတွေဟာ လူလတ်တန်းစားတွေလိုက်မီဖို့ခက်ခဲတဲ့ ဈေးနှုန်းတန်းကို ရောက်နေကြောင်းဈေးကွက်သတင်းတွေအရ သိရပါတယ်။
ဈေးကွက်မှာ အရောင်းအဝယ်ပုံမှန် အလုပ်ဖြစ်တဲ့ လွန်ခဲ့တဲ့သုံးနှစ်လောက်က အဲဒီလမ်းပေါ်တင် မြေကွက်တစ်ကွက်ကို ပျမ်းမျှကျပ်သိန်း ၇,၀၀၀၀န်းကျင် အထိ ဈေး ခေါ်တာမျိုးရှိခဲ့ပြီး လက်ရှိမှာလည်း လက်တွေ့ အရောင်းအဝယ်ဖြစ်ဖို့ ခက်ခဲတဲ့ နှုန်းထားမျိုး ဈေးခေါ်တာများကြောင်း သိရပါတယ်။
မြို့သစ်ဧရိယာရဲ့ အနောက်ဖျားကျတဲ့အပိုင်းတွေဟာ အခြေကျပြီးဖြစ်တဲ့အားသာချက် တစ်ခုတည်းနဲ့တင် အရောင်းအဝယ်အေးနေပေမယ့် ပုံမှန်ပေါက်ဈေးနဲ့ ဈေးခေါ်တဲ့အခါ အမှန်တကယ်နေထိုင်လိုသူတွေနဲ့ အလုပ်ဖြစ်တတ်ကြောင်း အကျိုးဆောင်တချို့ ကပြောပါတယ်။
ဒီအနေအထားမှာ ‘ဆ’ ရပ်ကွက်ထဲမှာ ပုံမှန်ပေါက်ဈေးနဲ့ ဈေးခေါ်တဲ့ အိမ်မြေဆိုရင် ဝယ်ဖို့စဉ်းစားသူတွေအနေနဲ့ အလုပ်လုပ်တာ အမှားမရှိနိုင်ကြောင်း အကျိုးဆောင်တချို့က သုံးသပ်ကြပါတယ်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ