By Myanmar Times, Shweproperty.com
Updated at 7 July 2015
၁၉၅၀ ပြည့်နှစ်တွင် စတင်ဆောက်လုပ်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်ကြာမြင့်နေပြီ ဖြစ်သည့် ဝဇီရာရုပ်ရှင်ရုံကို အဆင့်မြင့် မွမ်းမံမှုများ ပြုလုပ်ရန်အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက စီစဉ်လျက်ရှိပြီး ပြင်ဆင် မွမ်းမံခွင့်ပြုမိန့်ရရှိပါက ဆောက်လုပ်ပြီးစီးရန် တစ်နှစ်ခန့် အချိန်ယူ ပြင်ဆင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူများက ပြောသည်။
"ဝဇီရာရုပ်ရှင်ရုံက နှစ်ပေါင်း ၆၀ ကျော် လောက် ကြာနေပြီဆိုတော့ အဆောက်အအုံရဲ့ကြံ့ခိုင်မှု ကလည်း အားနည်းနေတဲ့အတွက် ပြန်လည်ပြင်ဆင်ရမယ့်အခြေအနေ ဖြစ်ပါတယ်။ ပြန်လည်ပြင်ဆင်မှုမှာ အဆောက်အအုံရော ရုပ်ရှင်ပြသမှုပိုင်းပါ အဆင့်မြှင့်တင်ဖို့ စီစဉ်နေတဲ့တွက် ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီးဌာနကို တင်ပြထားပါတယ်။ ဝန်ကြီးဌာနက ခွင့်ပြုတာနဲ့ ပြင်ဆင်မယ်ဆို ပြီးစီးဖို့အနည်းဆုံး အချိန်တစ်နှစ်လောက်ကြာပါမယ်" ဟု မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အတွင်းရေးမှူး ဦးဌေးအောင် က ပြောသည်။ လက်ရှိတွင် ဝဇီရာရုပ်ရှင်ရုံမှာ အစိုးရထံမှ နှစ်ရှည်ငှားရမ်းထားခဲ့ပြီး ယခုနှစ် မတ်လတွင် သက်တမ်းကုန် ဆုံးခဲ့သည့်အတွက် မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးက ရုပ်ရုင်ပြသခြင်း ကို ခေတ္တပိတ်ထားခဲ့သည်။ ဝဇီရာရုပ်ရှင်ရုံ အဆောက်အအုံ၏ မူရင်းပိုင်ရှင်မှာ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ နိုင်ငံ ရုပ်ရှင်အဆင့်မြှင့်တင်ရေး လုပ်ငန်းမှ ဖြစ်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကငှားရမ်းခဲ့ခြင်း ဖြစ်သည်။
"ငှားရမ်းထားတဲ့ သက်တမ်းကုန်သွားတဲ့အတွက် ကျွန်တော်တို့တွေ မြန်မာ့ရုပ်ရှင်လုပ်ငန်းကို ပြန်အပ်ဖို့စီစဉ်နေပါတယ်။ ပြီးရင် ကျွန်တော်တို့က ပြန်လည်ငှားယူဖို့ ပြန် လျှောက်ပြီး ပြင်ဆင်မှုပိုင်းကိုပါ တင်ပြဖို့ အတွက် ဝန်ကြီးဌာနကိုတော့ အသိပေးထားပါတယ်" ဟု ၎င်းကပြောသည်။ ယင်းကဲ့သို့ ပြုပြင်မွမ်းမံမှုများလုပ်ဆောင် ရန်အတွက် ပြန်ကြားရေး ဝန်ကြီးဌာနက ပြုလုပ်ခွင့်ရရှိသည်နှင့် စတင်လုပ်ဆောင်သွားမည်ဖြစ်ပြီး နိုင်ငံတကာက နည်းပညာပိုင်းဆိုင်ရာ၊အဆောက်အအုံဒီဇိုင်းဆိုင်းပိုင်း ဆိုင်ရာများကို အထောက်အပံ့ပေးနိုင် မည့် အဖွဲ့အစည်းများနှင့်လည်း ဆွေးနွေးမှုများရှိကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြောသည်။
"ကျွန်တော်တို့ ပြန်လည်ပြင်ဆင်မှုမှာ နိုင်ငံတကာက အကူအညီရခဲ့ရင်လည်း ပူးပေါင်းဖို့ အစီအစဉ်ရှိပါတယ်။ လက်ရှိမှာ လည်း ဆွေးနွေးနေတဲ့အဖွဲ့တွေ ရှိပါတယ်။ ရန်ကုန်မြို့ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ကလည်း ဒီအဆောက် အအုံပြန်မွမ်းမံ မှုအတွက် အမေရိကန်က အဖွဲ့အစည်းနဲ့ ကျွန်တော်တို့ကိုတွေ့ဆုံပေးထားပါတယ်။ လောလော ဆယ်တော့ တိတိကျကျ အကောင်အထည်မဖော်ရသေးပါဘူး" ဟု ၎င်းကပြောသည်။ အဆောက်အအုံကို ခေတ်နှင့်အညီ မူလ လက်ရာမပျက် အသစ်ပြန်လည်ပြင်ဆင်မည်ဖြစ် သည့်အပြင် ရုပ်ရှင်ပြသခြင်းစနစ်ကို Digital Cinema package (DCP) စနစ်သို ့ ပြောင်းလဲပြသမည်ဖြစ်ကာ ပြဇာတ်များကပြ နိုင်ရန်လည်း စဉ်းစားထားကြောင်း ဦးဌေးအောင်က ပြောသည်။
"ကျွန်တော်တို့ အများပြည်သူအတွက် စဉ်းစားပြီး ဒီရုပ်ရှင်ရုံကို အဆင့်မြင့်မြင့်နဲ့ အသုံးပြုနိုင်အောင် ပြင်ဆင်ဖို့ စဉ်းစားထား ပါတယ်။ အဲဒီအတွက် အကောင်အထည်ကတော့ သေသေချာချာ မဖော်ရသေးပေမယ့် ကျွန်တော်တို့ ရုပ်ရှင်ရုံ အဆင့်မြှင့်တင်တာအပြင် ရုပ်ရှင်ပြသတဲ့စနစ်တွေ၊ ပြဇာတ်တွေနောက်ပြီး အောက်ထပ်မှာ ဆိုင်ခန်းတွေ ထည့် သွင်းဖို့တော့ စီစဉ်ထားပါတယ်" ဟ ု၎င်းက ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ဝဇီရာရုပ်ရှင်ရုံသို့ သွားရောက် ၍ အဆောက်အအုံကြံ့ခိုင်မှုနှင့် လက်ရှိအခြေ အနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ "ဝန်ကြီးကတော့ ဒီအစီအစဉ်ကိုလုပ်ဖို့ တော်တော်စိတ် အားထက်သန်နေပါတယ်။ ဒါကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ ဆန္ဒရှိပါတယ်" ဟု ဦးဌေးအောင်က ပြောသည်။ ဝဇီရာရုပ်ရှင်ရုံသည် သုံးထပ်ခွဲအဆောက် အအုံဖြစ်ပြီး ယခင်က ရုပ်ရှင်ရုံအဖြစ်ငှားရမ်းသည့်အခါတွင် မြေညီထပ်၌ ဆိုင်ခန်းများကိုငှားရမ်းခဲ့သည့်အတွက် လက်ရှိတွင် ဆိုင်ခန်း ပေါင်း ၁၅ ခန်းခန့်ရှိကာ အဆောက်အအုံကို ပြန်လည်ပြင်ဆင်မွမ်းမံသည့် အခါတွင် ယင်းဆိုင်ခန်းများ ဖယ်ရှားပေးရမည် ဖြစ်သည်။
သို့သော် ပြန်လည်ပြင်ဆင်မှုများ ပြီးစီး သည့်အချိန်တွင် ဆိုင်ခန်းများပါဝင်ပါက အဆိုပါ ငှားရမ်းထားသူများကို ဦးစားပေးငှားရမ်းသွားမည်ဖြစ်ကြောင်း ဦးလူမင်းက ပြောသည်။ "လက်ရှိမှာ ငှားထားတဲ့သူတွေနဲ့ ဆွေးနွေး တာတော့ သူတို့နဲ့ ညှိနှိုင်းနေတဲ့အနေအထား ဖြစ်ပါတယ်။ သူတို့ဘက်ကလည်း ပြန်ပြင်တဲ့အချိန်မှာ လိုလိုလားလားဖယ်ပေးဖို့ သဘော တူထားပါတယ်။ ဒါပေမဲ့ ပြီးစီးတဲ့အချိန်မှာ သူတို့ကိုဦးစားပေးပြန်ငှားဖို့ကို တောင်းဆိုထားပါတယ်" ဟု ၎င်းကပြောသည်။
ဝဇီရာ ရုပ်ရှင်ရုံသည် သက်တမ်းအရှည် ဆုံး ရုပ်ရှင်ရုံဖြစ်ပြီး အနုပညာလက်ရာမြောက် ဗိသုကာဒီဇိုင်းများပါဝင်ကာ နှစ်ပေါင်း ၆၅ နှစ် ခန့်ရှိသည့် ရန်ကုန်မြို့၏ ရှေးဟောင်းအမွေ အနှစ် အဆောက်အအုံတစ်ခုလည်း ဖြစ် သည်။ ထို့ပြင် အရှေ့တောင်အာရှ ရုပ်ရှင်ရုံများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ ထိန်းသိမ်းရေးစာရင်းတွင်လည်း တစ်ခုအပါအဝင် ဖြစ်သည်။
Ref : Myanmar Times Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ